အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ လက်ကျန်သက်တမ်း ၃ နှစ်အတွင်း ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင် နေထိုင်ကြသူများ တိုက်ခန်း အိမ်ရာများ အပိုင် ရရှိနိုင်ရန် အပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။
ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်သော နိုင်ငံတော် ဒုသမ္မတ ၁ ဦးမြင့်ဆွေ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးသည့် ၁၄ ကြိမ်မြောက် အစည်းအဝေးတွင် ဝန်ကြီးချုပ် က ပြောကြားသွားခြင်းဖြစ်သည်။
ဦးဖြိုးမင်းသိန်း က“ကျူးကျော်မှ မဟုတ်ပါဘူး။ ရန်ကုန်မှာ နေစရာမရှိတဲ့သူတွေ အတွက် အားလုံးဟာ ရန်ကုန်မှာ လာအလုပ် အကိုင်လုပ်ရင်း အခန်းရှိနိုင်တယ်ဆိုတဲ့ အခြေနေမျိုး ဖြစ်ဖို့အတွက် တိုင်းဒေသကြီးရဲ့ အိမ်ရာ ရောင်းဝယ်ရေး စင်တာတခုကို ကျနော်တို့ ပြန်လည်ဖွဲ့စည်းဖို့ အတွက် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ယခင် အိုးအိမ်ရုံး နေရာရဲ့အောက်ထပ်မှာ အရောင်းပြခန်း တခု ဖွင့်လှစ်ပြီး ပြည်သူလူထု တရပ်လုံး ရောင်းပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းအပြင် လုပ်ငန်းဆောင်ရွက်ချက်များသည် တခုနှင့် တခု ချိတ်ဆက်နေသည့် အတွက် စီမံကိန်းများကို စနစ်တကျ လုပ်ဆောင်သွားရမည် ဖြစ်ပြီး အိမ်ရာစီမံကိန်းများအပြင် စက်မှုဇုန်များကိုလည်း အဆင့်မြင့်တင်ပေးနိုင်ရန်လည်း ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ဝန်ကြီးချုပ် က “ဒီအခြေအနေတွေကို ပြင်ဆင်ဆောင်ရွက်တဲ့ နေရာမှာ ချက်ချင်းလက်ငင်း ပြင်ဆင်ဆောင်ရွက်ဖို့ ဆိုတာအလွန်အင်မတန် ခက်ခဲပါတယ်။ Project (စီမံကိန်း) ကြီးတွေကို စနစ်တကျ ပြင်ဆင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရသစ် ကျန်ရှိတဲ့ သက်တမ်း ၃ နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၏ အိမ်ရာရောင်းဝယ်ရေးစင်တာ (Housing board) ကို အလုပ်လုပ်ကိုင်သူများကို အိမ်ရာ ရောင်းချ ပေးနိုင်သော စင်ကာပူနိုင်ငံတွင် ရှိသည့် Housing and Development Board (HDB) ကဲ့သို့ ဖွဲ့စည်းပြီး အရစ်ကျ စံနစ်ဖြင့် ရောင်းချပေးနိုင်ရန် တိုင်းအစိုးရမှ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ဦးဖြိုးမင်းသိန်း က “အိမ်ခန်းရယူတဲ့ သူတွေကလည်း သူတို့ အိမ်ခန်းကို ရယူထားပြီးတဲ့ အချိန်မှာ တဖြည်းဖြည်းကျပ် ၇ သောင်း၊ ကျပ် ၈ သောင်းလောက် ပေးဆပ်ခြင်းအားဖြင့် အနှစ်၂၀၊ ၂၅ နှစ်လောက်မှာ ပိုင်ဆိုင်မှုရရှိတဲ့ အဆင့်မျိုးဖြစ်ဖို့် အတွက် ကျနော်တို့ မြေကို အစိုးရက ထည့်ဝင်ပေးပြီးတော့ လုပ်ငန်းရှင်ဘက်ကနေ တန်ဖိုးနည်းအိမ်ရာ အဆင့်မြှင့်တင်ဖို့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ညိုနိူင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထိုအခြေအနေများကို ပြင်ဆင်ဆောင်ရွက်ရာတွင် စီမံကိန်းကြီးများဖြစ်သောကြောင့် ချက်ချင်းလုပ်ကိုင်ရန် ခက်ခဲသဖြင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပြီး အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရန်အတွက် လုပ်ငန်းရှင်များနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးထားခြင်းများ ရှိနေသည့် အပြင် စာချုပ်အဆင့်ထိ တက်လှမ်းပြီး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ရေရှည်ချေးငွေစနစ် တခုနှင့် ဆောင်ရွက်ပေးသွားရန် ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သိရသည်။