ဒေသခံများ စားဝတ်နေရေးအတွက် ဖြေလျော့မှုများ ပါလာမည့် “ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း” ကို ယခုနှစ် သြဂုတ်လ အပြီး ရေးဆွဲသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။
“ဒုတိယအကြိမ် ဥပဒေကြမ်းကော်မတီမှာလည်း ညှိနှိုင်းစည်းဝေးပြီးသွားပြီ။ ဥပဒေဟောင်းမှာ ဒေသခံတွေကို ချုပ်နှောင်ထားတဲ့ ပုဒ်မတွေကိုတော့ အခုအသစ်မှာ ဖြေလျော့ပေးထားတာတွေ ပါပါမယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအသက်ဝင်နေသော ၁၉၉၈ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေ ၂ ခုအရ ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် နေထိုင်သည့် ဒေသခံများအတွက် တင်းကြပ်သည့် စည်းမျဉ်းများ ပါရှိရာ ဥပမာအားဖြင့် ရှေးဟောင်းစေတီ၊ ယဉ်ကျေးမှုအမွေအနှစ် အဆောက် အအုံများနှင့် ပေ ၁၂၀ အကွာအဝေးအတွင်း မည်သည့် လူနေအဆောက်အအုံများ တည်ဆောက်ခြင်းမပြုရ ဆိုသည့် အချက်သည် ဓားမဦးချနေထိုင်ခဲ့သည့် ဒေသခံများအတွက် တင်းကြပ်လွန်းသည့် စည်းမျဉ်းဖြစ်ပြီး လိုက်နာရန် ခက်ခဲလိမ့်မည်ဟု ဆိုသည်။
“ပုဂံဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေနဲ့အတူ လူနေမြို့ပြပုံစံ ရောပွန်းနေတဲ့ ထူးခြားတဲ့ဒေသ တခုဖြစ်တယ်။ ဒီဒေသမှာ ဘုရားကြားမှာလည်း စိုက်ပျိုးခင်းတွေရှိနေတာပဲလေ။ ဒါကို ဥပဒေနဲ့ ရှေးဟောင်း ယဉ်ကျေးမှုကို ထိန်းသိမ်းတယ်ဆိုပေမယ့် ဒေသခံတွေရဲ့စားဝတ်နေရေးကိုလည်း မထိခိုက်ဖို့ လိုမယ်လေ” ဟု ဝန်ကြီး ဦးမြတ်သူက ဆိုသည်။
သို့ရာတွင် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများကမူ တမျိုးမြင်သည်။
ပုဂံချစ်သူများအဖွဲ့၏ နာယက ဦးချင်းပိုက “ဥပဒေသစ်မှာ ဖြေလျော့မယ်ဆိုရင် ဒေသခံတွေထက် ခရိုနီတွေက အဲဒီကောင်းကျိုးကို ပိုခံစားရမှာအမှန်ပဲ။ သူတို့အတွက်ပဲ ကောင်းကျိုး ပိုများသွားမယ်။ ဒေသခံအနေနဲ့က သူယာမြေကို မြေအနေနဲ့ပဲ ရောင်းတာလေ။ ဟိုတယ်ဆောက်မလား၊ ဘာလုပ်မလားဆိုတာ သူမှမသိဘဲ။ လက်ရှိဥပဒေနဲ့တောင် ပုဂံဘုရားအချို့က ဟိုတယ်ဝင်းထဲ ရောက်နေပြီလေ” ဟု ဧရာဝတီကို ပြောသည်။
ပုဂံချစ်သူများ အဖွဲ့၏ အဆိုအရ ဧဒင်ဂရုမှ တည်ဆောက်နေသည့် ဟိုတယ် စီမံကိန်းဝင်းအတွင်း ဘုရားများ တည်ရှိနေခြင်း၊ အနန္ဒပုဂံအမည်ရှိ ဟိုတယ် တည်ဆောက်ရာတွင် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း တကျောင်းမှာ ဟိုတယ် ဧရိယာအတွင်း ပါရှိနေကြောင်း သိရသည်။
ထို့အပြင် လွန်ခဲ့သော တနှစ်က ပုဂံဒေသတွင် လက်ရှိ ဥပဒေနှင့်မညီဘဲ တည်ဆောက်ထားသည့် စီးပွားရေး အဆောက်အအုံများအား ပြန်ဖျက်ပစ်ရန် သက်ဆိုင်ရာဌာနက ညွှန်ကြားထားသော်လည်း အရာရောက်မှု အားနည်းနေသေးကြောင်းနှင့် ဟန်ပြသက်သက်သာရှိနေသည်ဟု ပုဂံချစ်သူများအဖွဲ့မှ သိရသည်။
လက်ရှိအသုံးပြုနေသည့် ၁၉၉၈ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေသည် ပုဂံဒေသကို အဓိက ဦးတည်ရေးဆွဲထားသည့် ဥပဒေတို့ ဖြစ်သော်လည်း ယခု ဥပဒေအသစ်တွင်မူ ရှေးဟောင်းယဉ်ကျေးမှု ထွန်းကားရာဒေသများဖြစ်သော ပုဂံ၊ မြောက်ဦး၊ အင်းလေး၊ မန္တလေး၊ အင်းဝ၊ ဟန်လင်း၊ ပုံတောင်ပုံညာ အစရှိသည့်ဒေသများပါ အကျုံးဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ယခုရေးဆွဲနေသည့် ဥပဒေကြမ်းတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို အပိုင်း နှစ်ပိုင်း ဖြင့် ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ရာ မျက်စိဖြင့်မြင်နိုင်သည့် အဆောက်အအုံ၊ နံရံဆေးရေးပန်းချီများ၊ ထုထည်ရှိပစ္စည်းများကိုလည်းကောင်း၊ မျက်စိဖြင့် မမြင်နိုင်သော်လည်း အမျိုးသားအမွေအနှစ်အဖြစ် ဖြစ်တည်မှု ရှိခဲ့သည်ဟု သမိုင်းအထောက်အထားများ ရှိခဲ့သောအရာများကိုလည်းကောင်း ထိန်းသိမ်းသွားရန် ဆိုသည့် အချက်တို့ ထည့်သွင်းရေးဆွဲသွားမည်ဟု သိရသည်။