မန္တလေးမြို့ ဈေးချိုတော်အတွင်းက ဈေးဆိုင် ၁၂၄ ဆိုင်သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) နှင့် မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီတို့ က ပူးတွဲပေးအပ်သည့် “ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်သောဆိုင်” အသိအမှတ်ပြု ကတ်များ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆိုင်များသည် FDA ၏ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု ၃ ကြိမ်လုံးတွင် ဆိုးဆေးသုံးစွဲမှု ကင်းစင်ကြောင်း တွေ့ရှိရသဖြင့် အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ဆိုးဆေးကင်းစင် ဈေးဆိုင်များ အဖြစ် ယခုကဲ့သို့ အသိအမှတ် ပြုမှု ရရှိခြင်းသည် မြန်မာနိုင်ငံရှိ ဈေးများတွင် ပထမဦးဆုံးဖြစ်ကြောင်းလည်း သိရသည်။
မန္တလေးတိုင်းဒေသကြီး FDA မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော် က “အသိအမှတ်ပြုကတ်တွေ ထုတ်ပေးတယ် ဆိုပေမယ့် ကျနော်တို့ အနေနဲ့ မကြာခဏ ရှောင်တခင် စစ်ဆေးတာမျိုးတွေ လုပ်သွားမှာပါ၊ အဲဒီလိုအချိန်မှာ ခွင့်မပြု ဆိုးဆေးတွေ သုံးတာတွေ့ရှိရင် ပြန်သိမ်းမယ်၊ အရေးယူမှုတွေလည်း လုပ်ဆောင်မယ်” ဟု ပြောသည်။

FDA က အဆိုပါဆိုင်များကို ၂၀၁၆ ခုနှစ်ကတည်းက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ခွင့်မပြုဆိုးဆေး လုံးဝ မတွေ့ရတော့သဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသိအမှတ်ပြု ကတ်များ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဒေါက်တာကျော်ကျော်က “အခု ထုတ်ပေးထားတာက ဆိုင်နံပါတ်ရှိပြီးသားတွေပါ၊ ဒါပေမယ့် ကျန်တဲ့ ပျံကျနဲ့ လက်လီတွေကိုလည်း စစ်ဆေးပြီးသားပါ၊ သူတို့အတွက်လည်း အသိအမှတ်ပြုပေးထားပါတယ်၊ ဈေးချိုတော် ဧရိယာထဲက ဆိုင်တွေတော်တော် များများကတော့ ဆိုးဆေးကင်းစင်တယ် ဆိုတာကို အာမခံပေးနိုင်ပါတယ်” ဟု ဆက်ပြောသည်။
ခွင့်မပြုဆိုးဆေးကင်းစင်ဆိုင် အသိအမှတ်ပြုကတ် ထုတ်ပေးသည့် ဆိုင်များမှာ ငါးပိ၊ လက်ဖက်၊ ငရုတ်သီးမှုန့်၊ မျှစ်နှင့် ပဲကြီးလှော် စသည့်ဆိုင်များဖြစ်ပြီး ကုန်ပစ္စည်း (၂၅) မျိုးပါဝင်ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ပြည်သူလူထုအတွက် ဘေးအန္တရာယ်ကင်းရှင်းသည့် အစား အသောက်များ ရရှိရေး ရည်မှန်းချက်ကို FDA နှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။
ဦးကျော်ဆန်းမြင့် က “ဒီကတ်ပြားတွေဟာ အစတော့ မသိသာသေးပါဘူး။ နောက်ပိုုင်းမှာ အများပြည်သူအနေနဲ့ ကျန်းမာရေး အသိတွေ ကျန်းမာရေး ဗဟုသုတတွေ ရှိလာရင် စားသုံးသူတွေက ဒီလက်မှတ်ရှိတဲ့ ဆိုင်တွေမှာ အဝယ်များ လာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်း တတိုင်းလုံးကို ၂၀၂၀ ခုနှစ်တွင် ဘေးကင်းလုံခြုံသော အစားအသောက်များ ရောင်းချသည့် တိုင်း တခုဖြစ်လာစေရန် ရည်မှန်းထားပြီး မန္တလေးဈေးချိုတော် အပြင် မန္တလးမြို့ပေါ်ရှိ လက်လီ၊ လက်ကား ဈေးများကိုလည်း ခွင့်မပြု ဆိုးဆေး ကင်းစင်ဆိုင် အသိအမှတ်ပြုကဒ်များ ထုတ်ပေးနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
ဒေါက်တာကျော်ကျော်က “အခုလို ပေးအပ်နိုင်ဖို့လုပ်ဆောင်လာတ ၂ နှစ်လောက်ရှိပြီ၊ ၂၀၁၈ ခုနှစ်ထဲမှာ အခြားဈေးတွေကို ထပ်ပြီးလုပ်ဆောင်သွား မယ်၊ ခရိုင်ဈေးတွေကိုလည်း ရှောင်တခင် ဝင်စစ်ဆေးတာမျိုးတွေ လုပ်မယ်၊ သုံးကြိမ်စစ်ဆေးလို့ မတွေ့ရဘူးဆိုရင် အခုလို အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးသွားပါမယ်၊ မြို့တော်စည်ပင်နဲ့ FDAပေါင်းပြီး ကျန်တဲ့ဈေးတွေကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

ခွင့်မပြု ဓာတုဆိုဆေးများ သုံးစွဲမှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပြီး ခွင့်မပြု ဓာတုဆိုဆေးသုံးစွဲခြင်းတွေ့ရှိပါက အရေးယူမှုအပိုင်း အနေဖြင့် ပထမအကြိမ် စစ်ဆေးတွေ့ရှိလျှင် သတိပေးခြင်း၊ ဒုတိယ အကြိမ်ဆိုလျှင် ဒဏ်ရိုက်ခြင်း၊ တတိယအကြိမ် တွေ့ရှိလျှင် ဆိုင်ပိတ်သိမ်းအရေးယူမှုအပြင် တရားမမှုအဖြစ် တရားစွဲဆိုခြင်းများပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဆိုးဆေးများ အသုံးပြုမှုနှင့် ပတ်သက်၍ တားမြစ်ထားသည့် ဆိုးဆေးများ အသုံးပြုသည့် ဈေးဆိုင် ၁၅ ဆိုင်ကို တွေ့ရှိ၍ ဒဏ်ငွေတပ်ရိုက် အရေးယူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျမတို့က မိဘတွေထက် ကတည်းက ဈေးချိုတော်မှာ ငါးပိ၊ ငါးခြောက် ရောင်းလာတာပါ၊ ကျမ ရောင်းလာတာကိုပဲ ၁၃ နှစ် ကျော်ပါပြီ၊ အခုလို ခွင့်မပြုဆိုးဆေး ကင်းစင်ဆိုင် အသိအမှတ်ပြုကတ်ပြားတွေ ရရှိတဲ့အတွက် ဈေးဝယ်သူတွေ အနေနဲ့ ကျမတို့အပေါ်မှာ ယုံကြည်မှုတွေ ပိုရရှိလာမယ်လို့ ယုံကြည်ပါတယ်”ဟု ဆေးကင်းစင်ဆိုင် အသိအမှတ်ပြု လက်မှတ်ရ ငါးပိ၊ ငါးခြောက်ဆိုင်ရှင် တဦးက ပြောသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ်အတွင်း မန္တလေးမြို့ ၄၁ လမ်းရှိ ကိုင်းတန်းဈေးကြီးကိုလည်း ခွင့်မပြု ဆိုးဆေးကင်းစင်ဆိုင် အသိအမှတ်ပြုကတ်များ ထုတ်ပေးနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။