စီးပွားရေး

မန္တလေး စက်သုံးဆီ ဆိပ်ကမ်း EIA/SIA ဧပြီတွင် အပြီးလုပ်မည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်တွင် တည်ဆောက်နေသော စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေး ဆိပ်ကမ်း၏ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှုနှင့် လူမှုဘဝ ဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ချက်များ (EIA/SIA) ကို လာမည့် ဧပြီလတွင် အပြီး လုပ်ဆောင်၍ တိုင်းအစိုးရအဖွဲ့ထံ တင်ပြသွားမည် ဟု သိရသည်။

ယင်း စက်သုံးဆီ ဆိပ်ကမ်းနေရာသည် အိုးတုတ္ထန်းလမ်း၊ ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်ဆုံ အနီးတွင် ရှိပြီး အင်းဝ ရှေးဟောင်း နယ်မြေနှင့် နီးကပ်သည့် စီမံကန်းနေရာ တခု ဖြစ်သည်။

“ကျနော်တို့ အဖွဲ့ရဲ့ EIA,SIA လေ့လာ ဆန်းစစ်ချက်တွေကို ဘက်မလိုက်ဘဲ လုပ်ဆောင်နေပါတယ်။ စီမံကိန်းနဲ့ ပတ် သက်ပြီး ပြည်သူတွေ စိုးရိမ်နေတဲ့ မီးဘေးအန္တရာယ်၊ ငလျင်ကြောပေါ်မှာရှိလို့ ငလျင်အန္တရာယ်၊ ယာဉ်ကြော ပိတ်ဆို့မှု၊ သဘာ၀ ရင်းမြစ် ထိခိုက်မှု၊ ရှေးဟောင်း နယ်နိမိတ်နဲ့ နီးကပ်လို့ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးထိခိုက်မှု ရှိမယ် ဆိုတဲ့ စိုးရိမ်မှုတွေကို သိရတဲ့အတွက် အစီရင်ခံစာထဲမှာ ဦးစားပေး တင်ပြသွားမှာပါ” ဟု Ever Green Tech Environmental Services ကုမ္ပဏီမှ အကြံပေးဖြစ်သူ ဒေါက်တာ ကျော်စွာတင့်က ပြောသည်။

စီမံကိန်းမှ စက်သုံးဆီ သိုလှောင်ကန်တခုကို Pilot Project (ရှေ့ပြေးစီမံကိန်း) အဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ က တည် ဆောက်ခွင့် ပေးထားသော်လည်း သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံလုပ်ငန်းများ ထပ်မံဆောင်ရွက်ရမည် ဖြစ်ရာ EIA, SIA ဆန်းစစ်ချက်များကို Ever Green Tech Environmental Services Co.Ltd က ဆောင်ရွက် လျက် ရှိသည်ဟု ဆိုသည်။

အဆိုပါ ကုမ္ပဏီသည် စီမံကိန်းများနှင့်ပတ်သက်ပြီး EIA, SIA ထိခိုက်မှု ဆန်းစစ်ချက်များကို လုပ်ဆောင်နိုင်ရန် အတွက် ပညာရှင် ၁၃ ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသော Third Party Agency ဖြစ်သည်။

ယခု စီမံကိန်းအတွက် ဒေသခံ ပညာရှင်များဖြစ်သည့် ဒေါက်တာ မြင့်သိန်းနှင့် ဒေါက်တာ ဝင်းဆွေတို့ ပါဝင်အားဖြည့် ဆောင်ရွက် လျက်ရှိသလို ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းပေါင်း ၃၀ ကျော် လုပ်ကိုင်ဆောင်ရွက်ပြီးသော အဖွဲ့အစည်း ဟု သိရသည်။

“လေ့လာဆန်းစစ်ရာမှာ ပညာရှင်တွေရဲ့အမြင်အပြင် ဒေသခံတွေရဲ့ သဘောထားကိုပါ ထည့်သွင်းစဉ်းစားတယ်။ စီမံ ကိန်း အနီးဝန်းကျင် ကျေးရွာတွေကို နယ်နိမိတ် သတ်မှတ်ပြီး တအိမ်တက်၊ တအိမ်ဆင်း ကွင်းဆင်းပြီး ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို စစ်တမ်း ကောက်ယူခဲ့ပါတယ်။ လေ့လာ ဆန်းစစ်ချက်တွေ အစီရင်ခံစာ ရေးသား ရာမှာ ဘယ်အချက်တွေ ဦးစားပေးရမယ်၊ ဘယ်အချက်က ဒေသခံ လိုအပ်ချက်ဖြစ်တယ်ဆိုတာ ထည့်သွင်း စဉ်းစားပြီး တင်ပြ သွားမယ်။ အစိုးရအဖွဲ့ကို မတင်ပြခင် ဒေသခံတွေထံ ဆန်းစစ်ချက် အကြမ်းကို ချပြပေးသွားမယ်” ဟု ဒေါက်တာ ကျော်စွာ တင့်က ဆက်လက် ပြောဆိုသည်။

အဆိုပါစီမံကိန်းသည် ရှေးဟောင်း ယဉ်ကျေးမှုဇုန် ဖြစ်သည့် အင်းဝ မြို့ဟောင်း၊ သပြေတန်း ခံတပ်တို့ အနီး၌ တည် ရှိနေသည့် စီမံကိန်းဖြစ်သောကြောင့် လိုအပ်သည့် Environmental Management Plan (EMP) သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး အစီအမံများ ရေးဆွဲ လုပ်ကိုင်ရန်၊ သက်ဆိုင်ရာ ဌာနများ၏ ကြီးကြပ်မှု၊ စံချိန်စံညွှန်းများ အတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင် ကလည်း ပြောသည်။

Pilot Project ဖြင့် လုပ်ဆောင်နေသော မန္တလေး စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေး ဆိပ်ကမ်း၏ EIA နှင့် SIA ဆန်းစစ်ချက် များနှင့်ပတ်သက်ပြီး လူထူတွေ့ဆုံပွဲကို ဇန်နဝါရီ ၂၀ ရက်က အမရပူရမြို့နယ် ဘုန်းတော်နိုင်ငံ ကျေးရွာရှိ စိုးစံ ခန်းမတွင် ပြုလုပ်ခဲ့သည်။

“အစီရင်ခံစာထဲမှာ ကုမ္ပဏီအနေနဲ့ မဖြစ်မနေလုပ်ရမယ့် အချက်တွေကို အဓိကထားထည့်သွင်း အစီရင်ခံ အကြံပြု သွားမယ်။ အကြံပြုထားတာတွကို ကုမ္ပဏီဘက်က လုပ်ဆောင်မှုရှိ မရှိဆိုတာ စောင့်ကြည့် လေ့လာရေးအဖွဲ့ ဖွဲ့စည်း ပေး သွားမှာပါ။ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် စုံစုံညီညီနဲ့ အကြံပေး ဆွေးနွေးနိုင်အောင် လွှတ်တော်ပြီး တဲ့ အချိန် ဒုတိယအကြိမ် လူထုတွေ့ဆုံပွဲမှာ ရတဲ့ရလဒ်တွေကို ထပ်မံဖြည့်စွက်ပြီး တင်ပြပေးသွား မယ်”ဟု ဒေါက်တာ ကျော်စွာတင့်က ပြောသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများက အင်း၀ ရှေးဟောင်း ယဉ်ကျေးမှုဇုန်နှင့် အလွန် နီးကပ်နေသဖြင့် ကန့်ကွက် မှုများ ရှိနေခြင်းကြောင့် အမရပူရမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေက တိုင်းဒေသကြီး လွှတ်တော်တွင် ဆီဆိပ်ကမ်းနေရာ ရွှေ့ပေးရန်၊ ယင်းသို့မဖြစ်နိုင်ပါက ဆီသိုလှောင်ကန်အရေအတွက် လျှော့ပေးနိုင်ရန် ရှိ မရှိ တင်ပြမေးမြန်းခဲ့သော်လည်း ယခုအခါ Pilot Project အနေဖြင့် ဆီသိုလှောင်ကန် တကန်အား ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အရပ်ဘက် အဖွဲ့အစည်း တခုဖြစ်သည့် စိမ်းရောင်စိုနှင့် သဘာဝစိမ်း အဖွဲ့မှ ကိုမောင်မောင်ဦးက “ဒီစီမံကိန်းက ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံတွေ အရမ်းများတဲ့နေရာ၊ မြစ်ဆုံဖြစ်တဲ့ အတွက် သဘာ၀ ရင်းမြစ် ငါး သယံဇာတ တွေ ရှိတယ်။ အဲဒါအပြင် ရှေးဟောင်း ယဉ်ကျေးမှု တန်ဖိုးတွေဟာ စီမံကိန်းကြောင့် ကျဆင်း သွားမှာကို မလိုချင်ဘူး။ အခု စီမံကိန်းအစား အခြား အားကောင်းတဲ့ စီပွားရေးလုပ်ငန်းတွေ ပြောင်းလုပ်ဖို့ အကြံပြုခဲ့ ပေမယ့် တိုင်းအစိုးရကလည်း ကျနော်တို့တွေ ကန့်ကွက်နေတဲ့ကြားက ဆီကန် တကန်ကို ဖြစ်အောင် တည်ဆောက်ခွင့် ပေးခဲ့ တယ်။ သက်ဆိုင်ရာ အနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ အထက်ပိုင်းသို့ စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ (Myanmar Energy Sector Development Publice Company Limited)က ၂၀၁၅ ခုနှစ်မှ စတင်၍ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပြီး စက်သုံးဆီ ဆိပ်ကမ်းစီမံကိန်းကို ဧရိယာ ၃၈ ဧက ကျော် အတွင်း တည်ဆောက်မည် ဖြစ်ကာ မူလ လျာထားချက်တွင် ဆီဂါလန် ၂ သန်းဆံ့ သိုလှောင် ကန် ၃၂ လုံး၊ ဆီတွဲများ ဆိုက်ကပ်ရန် ဆိပ်ခံတံတား ၄ ခု၊ မီးဘေး လုံခြုံရေး အတွက် ဂါလန် ၅ သိန်းဆံ့ ရေကန် ၁ ကန် ပါဝင်သည်ဟု သိရသည်။

“ဆီကန် ၁ ကန်ကို Pilot project အနေနဲ့ လုပ်ဆောင်ခွင့်ပြုလို့ ဆက်လက်လုပ်ဆောင်နေတယ်၊ ကျနော်တို့ ကုမ္ပဏီ အနေနဲ့ EIA,SIA ထိခိုက်မှု ဆန်းစစ်ချက်တွေကိုလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။ သေချာတာကတော့ အများ ပိုင် ကုမ္ပဏီ အနေနဲ့ ကိုယ့်အကျိုးစီးပွား တခုတည်းကိုပဲ ဦးတည် လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ဒေသခံ ပြည်သူ အကျိုးကိုလည်း ရှေးရှုပြီး လိုအပ်ချက်တွေကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေပါတယ်”ဟု Myanmar Energy Sector Development Publice Company Limited ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြင့်က ပြောသည်။

ယခုအခါ မန္တလေးတိုင်း ဒေသကြီးအတွင်း နေ့စဉ်သုံးစွဲနိုင်ရန်အတွက် စက်သုံးဆီ လိုအပ်ချက်ပမာဏသည် ဒီဇယ် ဂါလန် ၅ သိန်းဝန်းကျင်၊ အောက်တိန်းဂါလန် ၁ သိန်းခွဲ ရှိပြီး အသုံးပြုရန်လိုအပ်သည့် စက်သုံးဆီကို တွဲရေယာဉ် များဖြင့် သယ်ဆောင်၍ ရွှေကြက်ယက် ဆိပ်ကမ်းတွင် အတင်အချလုပ်ခြင်း၊ ဆီသယ် ယာဉ်များဖြင့်လည်း တိုက်ရိုက် သယ်ယူ ပေးနေကြောင်း သိရသည်။

ယခုအချိန်တွင် ဂါလန် ၂ သန်းဆံ့ ၃၃မီတာ အချင်းရှိသည့် အောက်တိန်းသိုလှောင်မည့် ဆီသိုလှောင်ကန် တခုကိုသာ တည်ဆောက် ထားကြောင်း၊ Pilot Project နှင့် အတူ EIA,SIA လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဆီလှောင်ကန် ၃၂ ခု နှင့် အခြားသော စီမံကိန်း လုပ်ငန်းများကို ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများပြီးစီးပါက ဂါလန် ပေါင်း ၆၄ သန်းဆံ့ နိုင်ငံတကာအဆင့်မီ စက်သုံးဆီ တင်၊ ချ ဆိပ်ကမ်းအဖြစ် တည်ရှိနေမည်ဖြစ်ကာ ဒေသခံများ၏ အလုပ် အကိုင် အခွင့်အလမ်းများလည်း ပွင့်လင်းလာမည် ဖြစ်ကြောင်း ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading