စီးပွားရေး

ဘဏ္ဍာနှစ် စတင်ပြောင်းလဲသည့် အချိန် အခွန်နှုန်းထားတချို့ ပြောင်းလဲမည်

Want create site? Find Free WordPress Themes and plugins.

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြစ်သည့် အောက်တိုဘာမှစ၍ လက်ရှိ ပြည်တွင်း၌ ကောက်ယူနေသော အခွန်နှုန်းထား များ ပြောင်းလဲ ကောက်ခံရန် အစီအစဉ်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “အခွန် အမျိုးအစားတွေပေါ်မှာ အဓိ က စဉ်စား သုံးသပ်ပြီးတော့ တချို့ဟာကို တိုးချဲ့ပြီး ကောက်မယ်။ တချို့ဟာကို လျှော့ချပြီး ကောက်မယ်။ တိုးချဲ့ပြီး ကောက်မယ်ဆိုတာက မရသေးတဲ့ နေရာတွေ အခွန်ရလာအောင် လုပ်ဆောင်မှာဖြစ်တယ်။ လက်ရှိ အခွန် ဆောင်နေတဲ့ သူကိုတိုးကောက်မှာ မဟုတ်ဘူး။ မဆောင်တဲ့သူတွေ ဆောင်အောင် လုပ်မှာပဲ ဖြစ်တယ်”ဟု ဧရာဝတီ သို့ ပြောသည်။

လက်ရှိ ဘဏ္ဍာနှစ်ကို ဧပြီလမှ မတ်လအထိ သတ်မှတ်ထားပြီး စတင်ပြောင်းလဲမည့် ဘဏ္ဍာနှစ်မှာ အောက်တိုဘာလမှ စက်တင်ဘာလသို့ ပြောင်းလဲသွားမည်ဖြစ်ကာ အခွန်နှုန်းထား အပြောင်းအလဲကိုလည်း လွှတ်တော်သို့ အဆိုပြု တင်သွင်း ပြီးမှ နှစ်စဉ် အခွန်အကောက် ဥပဒေများအား ပြဌာန်းသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒါကြောင့် ဒီနှစ်အခွန်ကောက် ဥပဒေက အဲဒီ အောက်တိုဘာလကျမှပဲ တင်ပြီးတော့ အပြောင်းအလဲတွေရှိရင် အဲဒီ ကျမှ လုပ်မှာ ဖြစ်တယ်။ အခု ဒီပထမ ဧပြီ ကနေ စက်တင်ဘာ ၆ လလောက်ကတော့ အခွန်အကောက်နဲ့ ပတ်သက် ပြီး ပြောင်းလဲဖို့ သိပ်မရှိသေးဘူး။ လက်ရှိကောက်နေတဲ့ နှုန်းအတိုင်း ကောက်မှာဖြစ်တယ်” ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောသည်။

ထိုသို့ အခွန်နူန်းထားများ ပြောင်းလဲသတ်မှတ်ရာတွင် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ် ခေါင်းခွန် အစရှိသဖြင့် အခွန် အမျိုးအစားများပေါ်တွင် မူတည်ပြီး တချို့သော အခွန်ကဏ္ဍကို တိုးကောက်ယူခြင်းနှင့် တချို့ကို လျှော့ကောက်ယူခြင်းများကို သုံးသပ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ကုန်သွယ်လုပ်ငန်းခွန်ကို ၅ ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန်မှာ ကျပ်ငွေမှစ၍ ကုန်စည်အလိုက် သတ်မှတ် နှုန်း ထားများ အတိုင်း ပေးဆောင်ရပြီး ဝင်ငွေခွန်မှာ လူတဦး လစာရရှိမှု အလိုက် ၁ ရာခိုင်နူန်းမှ ၂၀ ရာခိုင်နှုန်းအထိ အစရှိသဖြင့် အသီးသီး သတ်မှတ်ထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဘဏ္ဍာနှစ်အပြောင်းအလဲနှင့် ပတ်သက်ပြီး အခွန်အကောက်များ အပြောင်းအလဲ လုပ်ရာတွင် တချို့ကုန်သွယ် မှု နှင့် ပတ်သက်သည့် အခွန်နှုန်းထားများကို ဖြေလျှော့ပေးရန်လည်း ရှိနေကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက ပြော သည်။

သို့သော် မည်သည့် အခန်းကဏ္ဍများကို ဖြေလျှော့ပေးမည်၊ မည်သည်တို့၌ တိုးမြျင့် ကောက်ခံသွားမည်ကို အတိအကျ မသိရှိရသေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်မှလည်း အခွန်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) လက်အောက်ရှိ ညီနောင်အသင်းများမှ လုပ်ငန်းရှင်များကို မိမိတို့ အခန်း ကဏ္ဍ နယ်ပယ် အသီးသီးတွင် ဖြစ်ပေါ်နေသော အခက်အခဲများကို တိုင်းအစိုးရသို့ အသိပေးရန် ပြောဆိုထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက UMFCCI ၌ ပြီးခဲ့သည့် ရက်အတွင်း ပြုလုပ်ခဲ့သည့် ၁၄ ကြိမ် မြောက် ဒုသမ္မတ ဦးမြင့်ဆွေနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “လက်ရှိနယ်ပယ်မှာ လက်ငင်း အကောင်အထည်ဖော်ရမှာ ဘာရှိနေလဲ။ ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ လုပ်ရမလဲ ဆိုတဲ့ အခြေအနေတွေကို လေ့လာဆန်းစစ်ပြီး Report (အစီရင်ခံစာ)ကို ပြည်ထောင်စု ဝန်ကြီးဌာနထံ ကျနော်တို့ တင်ပြပါမယ်။ ဒီထွက်လာတဲ့ ဟာကို အခွန်အခ ဥပဒေဘက်က ထည့်သွင်း စဉ်းစားနိုင်ဖို့ အတွက် ပေးဖို့ အစီစဉ်ရှိပါတယ်”ဟု ပြောသည်။

ယင်းသို့ လုပ်ဆောင်ရခြင်းမှာ ရန်ကုန်မြို့သည် စီးပွားရေး လုပ်ငန်း အများဆုံး လုပ်ဆောင်နေရသော မြို့တမြို့ ဖြစ် သောကြောင့် အခွန်ဥပဒေ မတင်မီ တိုင်းအစိုးရအဖွဲ့၊ ကုန်သည်အသင်းများနှင့် ပြည်တွင်း အခွန်များ ဦးစီးဌာနတို့မှ မျက်နှာချင်းဆိုင် ဦးစွာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားထားသည်။

“ဘာကြောင့် ဒီလိုစဉ်းစားရလဲ ဆိုတော့ ရန်ကုန်က စီးပွားရေး အများဆုံး လုပ်ဆောင်နေကြတာ ဖြစ်တဲ့အတွက် အခက်အခဲပေါ်လာမှ အခွန်ဥပဒေမှာ ဒါလေးပြင်ပေးပါ။ ဒီဟာလေး ပြောင်းပေးပါ ဆိုပြီး ဥပဒေတရပ်ကို ချက်ချင်း ပြန်ပြောင်းဖို့ အလွန်အင်မတန် ခက်ပါတယ်။ ဒါကြောင်မို့ ဥပဒေ မရေးဆွဲခင်မှာ ဒီဥပဒေနဲ့ ပတ်သက်ပြီး ပြောင်းလဲ ဆက်နွယ်သူတွေ အားလုံးရဲ့ အသံကို ကျနော်တို့ နားထောင်ပါတယ်။ ပြီးရင် ဒီအခြေအနေ ပြည်ထောင်စုအစိုးရကို တင်ပြပြီး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားပါမယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အကောက်အခွန် စုစုပေါင်း ငွေကျပ် ဘီလီယံ ၇၀၀၀ ကျော် ကောက်ခံရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်ထိ စုစုပေါင်း ငွေကျပ် ဘီလီယံ၂၀၀၀ ကျော် ရရှိခဲ့ကြောင်း လွှတ်တော်အတွင်း ဆွေးနွေးချက်များ အရ သိရသည်။

နှစ်စဉ် အခွန်အကောက်နှုန်းထား အပြောင်းအလဲများကို ဘဏ္ဍာနှစ် တနှစ်ကုန်ဆုံးမည့် မတ်လနှင့် ဧပြီလများတွင် တင်ပြ လေ့ရှိသော်လည်း ယခုနှစ်သည် ဘဏ္ဍာနှစ်ကို ပြောင်းလဲ သတ်မှတ်မည် ဖြစ်သောကြောင့် အခွန်နှုန်းထား အပြောင်းအလဲ များကိုလည်း အောက်တိုဘာလမှသာ ပြောင်းလဲ ပြင်ဆင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading