ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီမှ မြို့ဝင်၊ မြို့ထွက်များတွင် ငွေကောက်ခံရေးစခန်းများ ဖွင့်လှစ်ကောက်ခံနေသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသတို့တွင် မြို့ဝင်/ထွက်ကြေး ကောက်ခံတေ့ာမည် မဟုတ်ကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီးတွင် ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်များမှ မြို့ဝင်/ထွက်ကြေး ကောက်ခံနေခြင်းကို၂၀၁၈ ခုနှစ် မတ်လ ၁ ရက်မှစပြီး လုံးဝ ကောက်ခံတေ့ာမည် မဟုတ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေကြီးတွင်၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်မှစပြီး ကောက်ခံမှုများ ရပ်ဆိုင်းသွားမည်ဟု နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးအောင်မြင့်ထွန်း ကပြောသည်။
မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြမင်းဆွေက ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့တွင် ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး၊ မော်တော်ယာဉ်များမှ မြို့ဝင်၊ မြို့ထွက်များတွင် ငွေကောက်ခံနေခြင်း ရပ်ဆိုင်းပေးရန် အစီအစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြ မေးခွန်း အနေဖြင်မေးမြန်းမှု အပေါ်ကို ဦးအောင်မြင့်ထွန်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ကိုယ်စားလှယ် ဦးမြမင်းဆွေက “မြို့ဝင်၊ မြို့ထွက်တွေမှာ လူမိုက်ဆန်ဆန် အခကြေးငွေတွေ တောင်းနေတာကတေ့ာ မဖြစ်သင့်ကြောင်း၊ အထူးသဖြင့် ယနေ့ခေတ် ကာလမျိုးမှာ မရှိသင့်တေ့ာကြောင်း၊ ငွေကြေးကောက်ခံမှုတွေကြောင့် ယာဉ်အန္တရာယ်တွေ ဖြစ်ရသလို ကုန်စည်း စီးဆင်းမှုကိုလည်း နှောင့်နှေးကြန့်ကြာစေသည့် အတွက် မေးမြန်းရခြင်းဖြစ်သည်” ဟု အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။
ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ အနေဖြင့် မြို့ဝင်၊ မြို့ထွက်များတွင် ငွေကောက်ခံရေး စခန်းများဖွင့်လှစ်၍ အခကြေးငွေ ကောက်ခံခြင်း မရှိကြောင်း သိရသည်။
ထို့အပြင် နေပြည်တော်တွင်လည်း ယင်းကဲ့သို့ ကောက်ခံခြင်းမရှိဘဲ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ မြို့ဝင်ကြေးအဖြစ် ဘီးခွန် သာကောက်ခံကြောင်း ဦးအောင်မြင့်ထွန်းက ပြောသည်။
ဆက်လက်၍ “ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များအား မြို့ဝင်၊ မြို့ထွက် ကြေးများကို တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရ ဥပဒေအရ ဆက်လက်ကောက်ခံသွားမည် “ ဟု ဦးအောင်မြင့်ထွန်းက ပြောသည်။
ပဲခူးတိုင်းဒေသကြီး အနေဖြင့် ပဲခူးမြို့ အဝင် Tollgate အနီးတွင် တိုင်းယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းကျော် ယာဉ်လုပ်ငန်း လိုင်စင်ရှိသော ယာဉ်များအား တစီးလျှင် ၅၀၀ ကျပ်နှုန်းကို ယခင်အစိုးရ လက်ထက်တည်းက ထုတ်ပြန်ခဲ့သည့် စီမံချက်အရ၊ ကောက်ခံနေခြင်းဖြစ်သည်။
ထိုသို့ကောက်ခံနေမှု အပေါ်ကို ယခု အစိုးရ လက်ထက်တွင် ဆက်လက်ကောက်ခံရန် သင့်၊ မသင့်ကို ဝန်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ဆောင်ရွက်မည်ဖြစ်ဟု နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးအောင်မြင့်ထွန်းက တိုင်းဒေသကြီးများ အလိုက် တခုချင်းစီ ရှင်းပြသည်။