ကျေးရွာတရွာ ထုတ်ကုန် တခု One Village One product (OVOP) ထုတ်လုပ်ရေး ပြည်ထောင်စု အစိုးရမှ ဘဏ္ဍာငွေ စိုက်ထုတ် ဆောင်ရွက်ပေးရန် အဆိုကို အမျိုးသားလွှတ်တော်မှ လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်၊ သတ္တမ ပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့တွင် သဘောတူညီ ခဲ့ခြင်းဖြစ်ပြီး၊ ယင်းအဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ကျေးရွာတရွာ ထုတ်ကုန် တခု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ ( Rural Development Strategy ) အစီအစဉ်အား ဆင်းရဲသော ပြည်နယ်နှင့် တိုင်းများအား ဦးစားပေးလျှက် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ဘဏ္ဍာငွေတရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်ထုမေက “နိုင်ငံသူ နိုင်ငံသားများ တဦးချင်း၊ တယောက်ချင်းဝင်ငွေ ရှိဖို့ ကြိုးပမ်းခဲ့တဲ့အခါမှာ များသော အားဖြင့် မြို့ပြကိုပဲ အလေးထားကြတယ်။ ကျေးလက်နေ ပြည်သူတွေကို အမြဲတမ်းပဲ အမေ့လျော့ခံ ဖြစ်နေရတယ် “ ဟု အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။
ယင်းအဆိုကို ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်းက ထောက်ခံခဲ့ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များကလည်း ယင်းအဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။
ဒေါ်ထုမေ၏ အဆိုတွင် အဓိက ရည်ရွယ်ချက် ၄ ရပ်ဖြင့် တင်ပြခဲ့ပြီး၊ ယင်း အချက်များမှာ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရရှိရေးဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင်ရေး၊ နိုင်ငံသူ နိုင်ငံသားများ လူနေမှု အဆင့် မြှင့်တင်ရေးနှင့် ရေရှည် တည်တံ့ ခိုင်မြဲသော စီးပွားရေးကဏ္ဍ ထွန်းကားရေး၊ ဒေသထွက် ကုန်ကြမ်းပေါ်တွင် အခြေခံ၍ ပြည်တွင်း စားသုံးမှု ဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့ရန် အဆင့်မြင့် ကုန်ချော ထုတ်လုပ်ရေး ဖြစ်သည်ဟု လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။
မြန်မာနိုင်ငံသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ နေပြည်တော် ကောင်စီ အပါအဝင် ၁၅ ခုဖြင့် ဖွဲ့စည်းထားသည်။ ခရိုင် အရေအတွက် ၇၄ ခုရှိပြီး၊ မြို့နယ်ခွဲ မှာ ၄၁၂ မြို့နယ် ရှိပြီး၊ ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိကာ လူဦးရေ စုစုပေါင်း ငါးဆယ့်တသန်းကျော် နေထိုင်ကြပြီး၊ မြို့ပြနေ လူဦးရေမှာ ၃၀ ရာခိုင်နှုန်း၊ ကျေးလက်နေ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိကြောင်း၊ မြန်မာနိုင်ငံ လူူဦးရေ ကိန်းဂဏန်း အချက် အလက် ၂၀၁၄ သန်းခေါင်စာရင်းမှာ ဖော်ပြထားသည်။
လက်ရှိ မြန်မာ့စီးပွားရေးကဏ္ဍတွင် လိုငွေဘက်ဂျက်ဖြင့် ရပ်တည်နေရသော စိန်ခေါ်မှုရှိပြီး၊ အဆိုပါ လိုငွေဘက်ဂျက်ကို စီးပွားရေး ခိုင်မာတောင့်တင်းသည့် ရန်ကုန်မြို့အတွက် ဖြည့်စွက်ပေးမည့်အစား နိုင်ငံတွင်းရှိ ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးပေးခြင်းက ပိုမိုဖြစ်သင့်ကြောင်း အဆိုရှင် ဒေါ်ထုမေက သုံးသပ်ပြောကြားသည်။
အဆိုရှင် ဒေါ်ထုမေက “One Village One product (OVOP) သည် ရေထွက် ပစ္စည်းလည်းဖြစ်မယ်။ ဝန်ဆောင်မှု လုပ်ငန်းလည်း ဖြစ်ချင် ဖြစ်မယ်၊ နိုင်ငံသူ နိုင်ငံသားတွေ ဝင်ငွေရရှိမယ့် နည်းလမ်း၊ နည်းပညာ၊ ချေးငွေ ဒါတွေ ထုတ်ပေးရမယ်ပေါ့၊ အာဆီယံနိုင်ငံတွေ အပါအဝင် အမေရိကန် နိုင်ငံမှာတောင် ဒီလို ပရောဂျက်တွေ ရှိပါတယ် “ ဟု ပြောသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ယင်းစီမံကိန်းသည် ကွယ်လွန်သူ ထိုင်းဘုရင် ဘူမိဘောက စတင် အကောင်အထည်ဖော်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက်တွင် အကြီးအကျယ် အောင်မြင်ခဲ့သည်။