အိန္ဒိယသည် တရုတ်နိုင်ငံကဲ့သို့ ဖြစ်လာသည်ဟု ဆောက်လုပ်ရေး စက်ယန္တရားလုပ်ငန်းများက မှတ်ချက်ပေးနေကြပြီဖြစ်ကြောင်း ဂျပန်စီးပွားရေး သတင်းဌာန Nikkei Asian Review က ရေးသားလိုက်သည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရား ထုတ်လုပ်ရေး လုပ်ငန်းကြီးများသည် ၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ အာဏာရလာပြီးနောက် လမ်းများ၊ ရထားလမ်းများနှင့် အခြားအခြေခံ အဆောက်အအုံများ တည်ဆောက်ရေးကြောင့် ပေါ်ပေါက်လာသော ဝယ်လိုအား၏ တစွန်းတစ ရရှိရန် ကြိုးစားရေး အိန္ဒိယနိုင်ငံသို့ အလုအယက် ဝင်ရောက်နေကြသည်ဟု သတင်းကဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လူ့လုပ်အားနည်းလာပြီး စက်အင်အားများလာခြင်းနှင့်အတူ ဟိုက်ဒရောလစ် မြေကော်စက်များနှင့် အဆင့်မြင့် ဆောက်လုပ်ရေး စက်ယန္တရယားများ၏ ဝယ်လိုအားမှာ တိုးတက်လာသည်။ အိန္ဒိယသည် တရုတ်လမ်းကြောင်းကိုလိုက်ပြီး ကြီးမားသော ဈေးကွက်ကြီး ဖြစ်လာနေသည်။
“လွန်ခဲ့တဲ့ဆယ်နှစ်က တရုတ်နိုင်ငံမှာ ဆောက်လုပ်ရေး စက်ယန္တရား ပြပွဲလုပ်သလိုဖြစ်နေတာ” ဟု အိန္ဒိယတွင် နှစ်ပေါင်းများစွာနေခဲ့သည့် ဟီတာချီဆောက်လုပ်ရေး စက်ယန္တရား၏ ဥက္ကဌ ကိုတာရို ဟီရာနိုကပြောသည်။
ဟီရာနိုသည် ဒီဇင်ဘာလက ဘင်္ဂလောတွင် ကျင်းပသည့် အာရှ၏ အကြီးမားဆုံးဆောက်လုပ်ရေး စက်ယန္တရား ပြပွဲဖြစ်သည့် Excon 2017 သို့တက်ရောက်ခဲ့သည်။ လာရောက်ကြည့်ရှုသူ ၄၀၀၀၀ အနက် အများစုသည် အများအားဖြင့် စက်ယန္တရား အစိတ်အပိုင်းပြုလုပ်သော ဆောက်လုပ်ရေး လုပ်ငန်းရှင်များဖြစ်သည်။
အမေရိကန်မှ Caterpillar ၊ ဆွီဒင်မှ Volvo နှင့် တရုတ်မှ Sany အကြီးစားစက်မှုလုပ်ငန်းတို့အပါအဝင် စက်မှုလုပ်ငန်းကြီးများသည် ထိုပြပွဲပြင်ပတွင် ကြီးမားသော အရောင်းခန်းမများ ဖွင့်လှစ်ခဲ့ကြသည်။
Excon ပြပွဲတွင် Caterpillar က အိန္ဒိယ ဈေးကွက်အတွက် ထုတ်ကုန်သစ် ၄ ခု ကိုကြေညာသည်။ ထိုစက်ယန္တရားများကို အိန္ဒိယ၏ ကြမ်းတမ်းသောမြေမျက်နှာသွင်ပြင်အတွက် ထုတ်လုပ်ထားသည်။ Caterpillar သည် ရာသီဥတု အခြေအနေ အပြောင်းအလဲမြန်သော အရှေ့မြောက် အိန္ဒိယမှ လမ်းနှင့် ရထားလမ်းစီမံကိန်းများကို ဆွဲဆောင်နိုင်ခဲ့သည်။
ဂျပန်မှ ကိုမက်ဆု၊ ဟီတာချီ ဆောက်လုပ်ရေး စက်ယန္တရား နှင့် ကိုဘယ်လ်ကို ဆောက်လုပ်ရေးယန္တယားတို့သည်လည်း ဟိုက်ဒရောလစ် မြေတူးစက်များကို ပြသခဲ့သည်။
၂၀၁၄ ခုနှစ်တွင် မိုဒီ အစိုးရတက်လာခြင်းသည် အိန္ဒိယကို ဆောက်လုပ်ရေး စက်ယန္တရား ဈေးကွက်အဖြစ် ပြောင်းလဲခဲ့သည်။နိုင်ငံ၏ ကသိကအောက် နိုင်လှသော ဗျူရိုကရေစီ အုပ်ချုပ်ရေးက အခြေခံအဆောက်အအုံတိုးတက်ရေးကို ဟန့်တားထားခဲ့သည်။ အစိုးရက ကားလမ်း၊ ရထားလမ်းများတိုးတက်ရေး ပြည်ပငွေရင်းရရန် မြန်ဆန်အောင်လုပ်မည်ဟု ကြေညာသည်။
ကြီးမားလှသောစီမံကိန်းတခုမှာ ဂျပန်၏ ကျည်ဆံရထား စီမံကိန်းဖြစ်သော မွမ်ဘိုင်းနှင့် အာမက်ဒါဘက်ကြား မြန်နှုန်းမြင့် ရထားလမ်းဖြစ်သည်။ အခြား မြို့လေးများတွင်လည်း လေဆိပ်နှင့် အမြန်လမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများလည်း ရှိသည်။
ဆောက်လုပ်ရေး စက်ယန္တယား ဈေးကွက်သည် ၂၀၂၀ တွင် ၂၀၁၆ ခုနှစ်ထက် ၇၀ ရာခိုင်နှုန်းတိုးတက်ပြီး ဒေါ်လာ ၅ ဘီလျှံဖိုးရှိမည်ဟု ဈေးကွက်သုတေသနလုပ်ငန်း India Brand Equity Foundation က ခန့်မှန်းသည်။
အိန္ဒိယ၏ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်သည် ၂၀၂၈ ခုနှစ်တွင် ဒေါ်လာ ၆ ထရီလျှံ ရှိပြီး ဂျပန်ကိုကျော်ကာ ကမ္ဘာ့တတိယ အကြီးဆုံးစီးပွားရေးဖြစ်လာမည်ဟု ဂျပန်စီးပွားရေးသုတေသနဌာန၏ အဆိုအရ သိရသည်။