စီးပွားရေး

တရုတ်သို့ ၁၀ နှစ်အတွင်း ကျောက်စိမ်းတင်ပို့မှု တရားမဝင် အများဆုံးဖြစ်

Want create site? Find Free WordPress Themes and plugins.

တပ်မတော် အစိုးရလက်ထက်နှင့် ဦးသိန်းစိန် အစိုးရ လက်ထက် တို့တွင် တရုတ်နိုင်ငံသို့ တင်ပို့သော မြန်မာ့ ကျောက်စိမ်း ပမာဏ အများစုမှာ တရားမဝင်နည်းလမ်းဖြင့် ပိုများကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော်တွင် အဆိုတင် ဆွေးနွေးချက်များ အရ သိရသည်။

“မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို  အမျိုးသားရေး တာဝန်တရပ် အနေဖြင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပေးရန်” ဟု ဆိုသည့် အဆိုတရပ်အား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ် ကတင်သွင်းမှုအပေါ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းအဆိုအပေါ် ဆွေးနွေးခဲ့သည့် ဦးထွန်းထွန်းဦး က မြန်မာနိုင်ငံ အနေဖြင့် ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း ကျောက်စိမ်း ထုတ်လုပ်မှု ပမာဏမှာ ကီလိုဂရမ်ပေါင်း ၃၆၁ သန်းရှိပြီး တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့သည့် ကျောက်စိမ်း ပမာဏမှာ ၇၂ သန်းသာ ရှိသည်ဟု ဆိုသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး က “တရုတ်နိုင်ငံအတွင်း တရားမဝင်သည့် နည်းလမ်းနှင့် ရောက်ရှိသွားသည့် ပမဏမှာ ခန့်မှန်းကြည့်နိုင်ပါတယ်” ဟု ဆွေးနွေးသွားသည်။

မြန်မာနိုင်ငံ ကျောက်စိမ်းထုတ်လုပ်မှု စုစုပေါင်း၏ သုံးပုံ တပုံခန့်သာ တရားဝင် တင်ပို့နေခြင်း ဖြစ်ပြီး သဘာ၀ သယံဇာတ တခုဖြစ်သည့် ကျောက်မျက်ထဲမှ ကျောက်စိမ်း ကဏ္ဍတခုကိုသာ ကာကွယ်စောင့်ရှောက်ရန်မှာလည်း ခက်ခဲကြောင်း ဦးထွန်းထွန်းဦး က ဆိုသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် လုပ်ငန်း လိုင်စင် ၂ သောင်းကျော်မှ ကျောက်စိမ်းများ ထုတ်လုပ်နေပြီး၊ ယင်းနယ်မြေများသည် ငြိမ်းချမ်းခြင်းနှင့် တရားဥပဒေစိုးမိုးခြင်း မရှိသည့် ဒေသများဖြစ်သဖြင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းများ တရားမဝင် တင်ပို့မှုများ ရှိနေဖြစ်ကြောင်း သိရသည်။

ထို့အပြင် သတ္တုတွင်း ဝန်ကြီးဌာန စာရင်းများ အရ ဖားကန့်ဒေသ တခုတည်းတွင် လုပ်ကွက် ဧရိယာ ၃၅၀၀၀ ဧက ရှိပြီး၊ ယခု အစိုးရ တက်ခါနီး အချိန်  ၂၀၁၆ ခုနှစ် အစောပိုင်းကာလတွင် လိုင်စင်ပေါင်း ၂ သောင်းကျော် ချပေးခဲ့သည်ဟု သိရသည်။

ဦးထွန်းထွန်းဦး က “ကုမ္ပဏီ တွေကတေ့ာ တရားဝင် မပြောဘူး။ အောက်လိုင်းနဲ့ ထုတ်ကြတာပေါ့။ တိတိကျကျ ပြောဖို့ကျတေ့ာ ခက်တယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဂိတ်ကြေးတွေပေးပြီး သွားကြတာ။ ရင်ကျန်း ဆိုတဲ့ မြို့ကို ရောက်တယ်။ အဲဒီမှာ ကျောက်မျက်ဈေးဆိုတာ ရှိတယ်။ အဲဒီကို အဓိကထားပို့ကြတာ” ဟု ဧရာဝတီသို့ ပြောသည်။

ယခု အစိုးရ လက်ထက်တွင်  လိုင်စင် သက်တမ်းကုန်သည့်  လုပ်ကွက်များအား လိုင်စင် သက်တမ်း တိုးပေးခြင်း မပြုလုပ်တော့ဘဲ ဆိုင်းငံ့ထားသည့်နည်းဖြင့် ထိန်းချူပ်ထားကြောင်း၊ အချို့သော လုပ်ကွက်များမှာ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်း ချပေးထားခဲ့ခြင်းကြောင့် ယနေ့အထိ ဆက်လက် ဆောင်ရွက်မှုများ ရှိနေသည်ဟုလည်း ဆိုသည်။

၂၀၁၇ ခုနှစ် သဘာ၀ သယံဇာတ စီမံခန့်ခွဲမှု ညွှန်းကိန်း အရ၊ သဘာ၀ သယံဇာတ စီမံမှု အလိုက် ရမှတ်များနှင့် အဆင့်သတ်မှတ်များ အပေါ်တွင် ကမ္ဘာပေါ်မှာ ၈၉ နိုင်ငံကိုဖော်ပြရာမှာ မြန်မာနိုင်ငံ ရမှတ် ၂၇ မှတ်၊ အဆင့် ၈၃ မှာ ရှိနေခြင်းမှာ သဘာဝ သယံဇာတကို ထိန်းသိန်းရန် လိုအပ်နေသည်ကို ပြသနေကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ကလည်း ဆွေးနွေးသွားသည်။

ဦးထွန်းထွန်းဦး က “ တိုင်းရင်းသားတွေ ကလည်း ရတနာတွေ အပေါ် သူတို့ရဲ့ အသက်သွေးကြောလို မှီတည်နေတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဝင်ငွေ ဖြစ်နေတော့ ဒီဒေသတွေက  ဒီဟာကို ပြန်ထိန်းချူပ်ရင်းနဲ့ ပဋိပက္ခတွေက ရှည်ကြာနေပြီးတေ့ာ တိုင်းရင်းသား ပြည်သူတွေ မငြိမ်းချမ်းတဲ့ ဒေသတွေ ဖြစ်နေရတဲ့ အကြောင်းကို ထောက်ပြ ဆွေးနွေးတာပါ” ဟု လွှတ်တော် အစည်းအဝေးအပြီး မီဒီယာ များကိုပြောသည်။

ကျောက်စိမ်း လုပ်ကွက် တခုတည်းကိုပင် ထိန်းချူပ်ဖို့အတွက် အလွန်ခက်ခဲသဖြင့် ဥပဒေ ပိုင်းဆိုင်ရာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုင်ရာများနှင့် တိုင်းရင်းသား ပြည်သူ တရပ်လုံးက  ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကျောက်စိမ်းကဏ္ဍနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည့်အချက်အလက်များမှာ EITI  Reports , Global Witeness  မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာအား ကိုးကားပြီး ပြောဆိုခြင်း ဖြစ်ကြောင်း သိရသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading