၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သည် နှစ်ပေါင်း ၅၀ အတွင်း ဆန်တန်ချိန် အများဆုံး တင်ပို့နိုင်သော နှစ်ဖြစ်သော်လည်း အိတ်စ်ပို့ သမားများ (Exporter) အရှုံးပေါ်လျက် ရှိနေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်ရှိ ကုန်သည် များ ထံမှ သိရသည်။
အရှုံးပေါ်ရခြင်း၏ အဓိက အချက်သည် ငွေဈေးနှုန်း အပြောင်းအလဲကြောင့် ဖြစ်ကြောင်းလည်း ကုန်သည်များက ပြောဆိုကြသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း အတွင်းရေးမှူး (ဘုရင့်နောင် ကုန်စည်ဒိုင်) ဦးသန်းဦးက “အစိုးရကလည်း အိတ်စ်ပို့ကို နှစ်ဆ သုံးဆ မြှင့်တင်ချင်တဲ့ အခါကျတော့ ဒီနှစ်ဆိုရင် ဆန်စပါးတင်ပို့မှုက တန်ချိန် ၃သန်း လောက်ထိ ဖြစ်လာတယ်လေ။ ဒီလိုတင်ပို့လို့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေက အကျိုးအမြတ်တွေ ရနေသလားဆိုတော့ မရဘူး။ ဆုံးရှုံးမှုတွေ ရှိနေတယ် ကျနော်တို့ သိသလောက်ကတော့ အိတ်စ်ပို့တာတွေ ရှုံးနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ အရှုံး ဖြစ်ပေါ်နေခြင်းသည် ပြည်ပသို့ ဆန်တင်ပို့ ရောင်းချရာတွင် ရရှိသော နိုင်ငံခြားငွေ (ဒေါ်လာ) နှင့် မြန်မာငွေ လဲလှယ်၍ ဆန်ဖိုး၊ စပါးဖိုး ငွေကြေးပေးချေရာတွင် ပြည်ပပေါက်ဈေးထက် ပြည်တွင်း ဆန်ဈေး မြင့်နေပြီး ငွေကြေး လဲလှယ်နှုန်းသည်လည်း ကျနေသောကြောင့် အရှုံးပေါ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အိတ်စ်ပို့သမားက နိုင်ငံခြားကို ရောင်းလိုက်တဲ့အခါမှာ ဒေါ်လာတွေ ရလာတယ်။ ဒေါ်လာကို မြန်မာကျပ်ငွေနဲ့ လဲလှယ် ပြီးတော့ ဆန်ဖိုး၊ စပါးဖိုး ပြန်ပေးချေရတယ်။ အရင်က အမေရိကန် ၁ဒေါ်လာကို ၁၃၆၀ ကျပ်ရတယ်။ အခု ဆိုရင် ၁၃၂၀ ပဲရတယ်။ ဝယ်ထားတဲ့ ကုန်ပစ္စည်းတန်ဖိုးက ၁ အိတ် ကျပ် ၂ သောင်းဖြစ်တယ်။ ပြန်ပေးချေနိုင်တာက ကျပ် ၁၈၀၀၀ ဖြစ်သွားမယ်ဆိုရင် သေချာပေါက် ငွေဈေးရဲ့ အပြောင်းအလဲကြောင့် ရှုံးတယ်။ ဝယ်တုန်းက ဈေးကြီး ပေးဝယ်ရလို့ တခါထပ် ရှုံးတယ်”ဟုလည်း ဦးသန်းဦး က ရှင်းပြသည်။
ယနေ့ အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၃၃၁ ကျပ် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
လက်ရှိဘဏ္ဍာနှစ် ၂၀၁၇-၂၀၁၈ ဇန်နဝါရီလကုန်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး ဂိတ်များမှ ပြည်ပ သို့ ဆန်တန်ချိန် ၃ သန်းခန့် တင်ပို့ထားပြီး ယခင်ဘဏ္ဍာနှစ် ၂၀၁၆-၂၀၁၇ ထက် ဆန်တန်ချိန် ၁ သန်းခွဲကျော် ပို၍ တင်ပို့ထားခြင်းလည်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦး ကလည်း “ဒီနှစ်မှာ ဆန်တန်ချိန် ၃ သန်းလောက် တင်ပို့ လာနိုင် တယ်။ ဒီ ၃ သန်းလောက် တင်ပို့တဲ့ ပမာဏကို လုပ်နေတဲ့ လည်ပတ်တဲ့ ငွေကြေးက ဆန်တန်ချိန် ၅ သိန်း၊ ၆ သိန်း တင်ပို့တဲ့ ပမာဏလောက်ပဲ ငွေကြေးကို လည်ပတ်နေကြတာ ဖြစ်တဲ့အတွက် ဒီထဲမှာ အိတ်စ်ပို့တာတွေရဲ့ ငွေ ကြေး လည်ပတ်မှုကလည်း နည်းနေတယ်”ဟု ပြောသည်။
ထိုသို့ ငွေကြေးလည်ပတ်မှု နည်းပါးလာသောကြောင့်လည်း ကုန်စည်ဒိုင်အတွင်း အကြွေးစနစ်ဖြင့် ဝယ်ခြင်း၊ ရောင်း ခြင်းများ ပြုလာသဖြင့် လိမ်လည်မှုများ ဖြစ်ပွားလာနိုင်သောကြောင့် အစိုးရအနေဖြင့် ပံ့ပိုးပေးမှုများလည်း လိုအပ်နေ ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်ရှိ ကုန်သည်များထံမှ သိရသည်။
ဦးအောင်သန်းဦးက “မနှစ်ကထက်တော့ အခုက ဆန်ဈေးပိုမြင့်တယ်။ ဒါပေမယ့် ဒေါ်လာဈေး ကျတော့ အိတ်စ်ပို့ သမားပဲ ရှုံးပါတယ်။ ဆန်ဈေးကတော့ မကျဘူး။ လက်ရှိ မတ်လကုန်လောက် ထိတော့ အိတ်စ်ပို့က ဒီအတိုင်းပဲ သွား နေမယ်။ ဈေးကွက် ပြန်အေးနိုင်တယ်။ ဒါပေမယ့်လည်း ဆန်ဈေး အရမ်းကြီး ကျသွားနိုင်လောက်တဲ့ အဆင့်ထိတော့ မရှိနိုင်ဘူး”ဟုလည်း ပြောဆိုသည်။
ပြည်တွင်း ဆန်ဈေးကွက်သည် လက်ရှိအချိန်တွင် ဝယ်လိုအား မြင့်တက်နေပြီး နယ်စပ်မှ တရုတ် ဝယ်လိုအား သည် လည်း တရက်လျှင် တန်ချိန် ၃ ထောင်ခန့် သွားနေသောကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ဆန်တအိတ် ကျပ် ၁၅၀၀ ခန့် ဈေးတက်နေကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ကျပ် သိန်းပေါင်း ၁ သောင်း ၄ ထောင်ကျော် နှင့် ယခုနှစ် ဇန်နဝါရီလတွင် ကျပ် သိန်းပေါင်း ၅ ဘီလီယံကျော် လိမ်လည်မှုများ ဖြစ်ပွားခဲ့သော ကြောင့် လည်း ကုန်စည်ဒိုင်အတွင်း ငွေကြေး စီးဆင်းလည်ပတ်မှု အားနည်းလာကာ အရောင်းအဝယ် ပြုလုပ်ရာတွင် ယုံကြည်မှု မရှိခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
ပြည်ပသို့ တင်ပို့နေသော ၂၅ မှတ်တန် ဆန်တအိတ်လျှင် ကျပ် ၂သောင်း ဝန်းကျင်နှင့် ပြည်တွင်း ဈေးကွက်တွင် ရောင်းဝယ် လျက် ရှိကြောင်းလည်း ကုန်စည်ဒိုင်မှ သိရသည်။