စီးပွားရေး

ပညာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပြည်ပနိုင်ငံများ စိတ်ဝင်စား

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ ပညာရေး ကဏ္ဍတွင် ပြည်ပနိုင်ငံများက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် လာရောက် ဆွေးနွေးမှုများ ရှိနေ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်) က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်) ၌ ဖေဖော်ဝါရီလ ၇ ရက်က ပြုလုပ်သော ၂၀၁၈ ခုနှစ် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အစည်းအဝေး အမှတ်စဉ် ၂ သတင်းစာ ရှင်းလင်း ပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်) ဒု ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော် က ပြောကြားခြင်း ဖြစ်သည်။

ဦးသန်းအောင်ကျော် က “မကြာခင်မှာ မျှော်မှန်းတာတော့ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ အများကြီး တန်းစီနေတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတခု MIC က ထုတ်ဖို့ရှိတယ်။ ဘယ်လို ကိုင်တွယ်ပြီးတော့ ရင်းနှီးမြှုပ်နှံမလဲ ဆိုတာ လုပ်ဖို့ရှိတယ်။ ကျောင်းတွေနဲ့ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနဲ့ သင်မယ့်ကျောင်းတွေ လာရောက် ဆွေးနွေးတာတွေ ရှိတယ်”ဟု ပြောသည်။

စင်ကာပူ၊ ဂျပန်၊ ဥရောပ နိုင်ငံများနှင့် နယူးဇီလန်နိုင်ငံ အစရှိသော နိုင်ငံများမှ မြန်မာ့ ပညာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိနေပြီး အကယ်၍ ဥပဒေ ပြဋ္ဌာန်းပြီး၍ ရင်းနှီးမြှုပ်နှံခွင့် ပြုပေးမည်ဆိုလျှင် စင်ကာပူနိုင်ငံမှ အရင်ဆုံး ဝင်ရောက် လာရန် ရှိနေကြောင်းလည်း ၎င်းက ပြောပြသည်။

ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် Industrial arts (စက်မှု အသက် မွေးဝမ်းကျောင်း အတတ်ပညာ) များစွာ လုပ်ဆောင် ရန် ရှိပြီး နိုင်ငံတကာ အဆင့်မီ Industrial arts တိုင်းတွင် ကျောင်းအိပ်ကျောင်းစား လက်ခံသည့် ကျောင်း (Boarding School) မဖြစ်နေ ပါရှိရမည် ဖြစ်သောကြောင့် ယင်းတို့တွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံ ရန် စိတ်ဝင်စားကြခြင်း ဖြစ်ကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ပညာရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲက “ပညာရေးကို ရင်းနှီးမြှုပ်နှံမယ် ဆိုရင် ကျောင်းပညာရေးကို ရင်းနှီးမြှုပ်နှံတာ ပိုများပါတယ်။ အခြေခံသင်တဲ့ ပုဂ္ဂလိက ကျောင်းတွေ ပုဂ္ဂလိက တက္ကသိုလ်တွေ ပိုများမယ်လို့ ထင်ပါတယ်။ ပုဂ္ဂလိက ပညာရေးလုပ်ငန်း လာလုပ်တယ် ဆိုတာက ပိုက်ဆံ တတ်နိုင် တဲ့ သူတွေအတွက် စဉ်းစားပြီးတော့ စီးပွားရေးအရ လုပ်တာဖြစ်တယ်။ ဆင်းရဲတဲ့ ကလေးတွေ အတွက်တော့ မဖြစ်နိုင်ဘူးပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ပုဂ္ဂလိက ပညာရေး ဥပဒေမူကြမ်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်၍ ရေးဆွဲခဲ့ပြီး လက်ရှိအချိန်တွင် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ ရှေ့နေချုပ်ရုံး အစရှိသည်တို့မှ သဘောထား မှတ်ချက်များ ပြန်လည်တောင်းခံကာ ယင်းသဘောထား မှတ်ချက် များ အတိုင်း ပြန်လည် ပြင်ဆင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒါတွေ ပြင်ဆင်ပြီးရင်တော့ ဥပဒေကို လွတ်တော်တင်မယ်။ သိပ်တော့ မကြာပါဘူး။ လွတ်တော်က ဖြည့်စွက် အတည်ပြု သွားမှာ ဖြစ်တယ်”ဟုလည်း ဒေါက်တာ ခိုင်မြဲက ပြောဆိုသည်။

သို့သော် ပုဂ္ဂလိက ပညာရေး ဥပဒေ ပြင်ဆင်ပြီးစီးမည့် အချိန်ကိုမူ အတိအကျ ပြောကြားခြင်း မရှိပေ။

ယင်း ဥပဒေကြမ်းတွင် ပုဂ္ဂလိကကျောင်း တည်ထောင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အခန်း(၄) ၌ နိုင်ငံခြားသားများ သို့မဟုတ် နိုင်ငံခြား အဖွဲ့အစည်းက မတည်ငွေရင်း ရာခိုင်နှုန်း အပြည့်ဖြင့် ပြုလုပ်သည့် ပုဂ္ဂလိက ကျောင်းသည် တည်ဆဲ ရင်းနှီးမြှုပ်နှံမှု ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်ဟု ပါရှိသည်။

မြန်မာနိုင်ငံကို လာရောက်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများစုမှာ ပြည်တွင်း ဈေးကွက်ကို ကြည့်၍ လာရောက် ရင်းနှီး မြှုပ်နှံကြခြင်း ဖြစ်ပြီး ပညာရေးဥပဒေ မရှိသေး၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် မရသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

OIAC ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ ဦးရဲလင်းက“ကျနော်တို့က နိုင်ငံတကာကျောင်း မဟုတ်ဘူး။ အမျိုးသား ကျောင်းပေါ့။ ကျနော်တို့ရဲ့ အမျိုးသား ကျောင်းတွေကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက ၁ ပြားတောင် ပါလို့မရ ဘူး။ အခုကျတော့ လက်ရှိအစိုးရက ပုံစံတမျိုး ဖွင့်ပေးတဲ့ သဘောပေါ့။ စစ်မှန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အစိုးရ အချင်းချင်း လာတဲ့ သူတွေသာ များတာ။ ကျနော်တို့ လုပ်ငန်းရှင်တွေနဲ့ လာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ လုပ်ငန်းရှင်က ရှားတယ်။ ဒါကြောင့် အခုလို ရင်းနှီးမြှုပ်နှံမယ် ဆိုရင် ကြိုဆိုပါတယ်”ဟု ပြောသည်။

ပြည်တွင်း၌ နိုင်ငံရေး မတည်ငြိမ်မှုများ နှင့် ဥပဒေများ စနစ်တကျ မဖြစ်သေးသောကြောင့် မြန်မာ့ ပညာရေး ကဏ္ဍတွင် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမှု နည်းပါးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးရဲလင်းက“ယှဉ်ပြိုင်မှုတွေ များလာရင် ကျနော်တို့နိုင်ငံရဲ့ ဥပဒေက တကယ် တိကျဖို့တော့ လိုတယ်။ ပညာရေးက ဘက်မလိုက်တမ်း ရင်းနှီးမြှုပ်နှံမှုတွေကို တိတိကျကျ ပေးနိုင်မယ့် အစိုးရ မူဝါဒ လိုတယ်။ ဒီအပေါ်မှာ ညှိညှိနိူင်းနိူင်း လုပ်ပေးနိုင်ရမယ်။ ဒီအပေါ်မှာ အခုတမျိုး တော်ကြာတမျိုး မဖြစ်စေချင်ဘူး” ဟုလည်း ပြောဆိုသည်။

တနိုင်ငံလုံး အနေနှင့် အစိုးရ အသိအမှတ်ပြု အခြေခံပညာ အဆင့်၊ အလယ်တန်းပညာ အဆင့်၊ အထက်တန်း ပညာ အဆင့် ပုဂ္ဂလိက ကျောင်းပေါင်း ၅၀၀ ကျော်ရှိပြီး ရန်ကုန် နှင့် မန္တလေးမြို့တွင် အများဆုံး ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading