နိုင်ငံခြားသားများသာ သီးသန့် ကစားခွင့်ရှိသော ကာစီနိုလုပ်ငန်းများ ခွင့်ပြုနိုင်ရေးနှင့် ပတ်သက်ပြီး ယနေ့ ကျင်းပ သည့် ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးကြောင်း သတင်းရရှိသည်။
ကာစီနိုလုပ်ငန်းများကို ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် ရေပေါ်ကျွန်းများ အပါအဝင် ခွင့်ပြုနိုင်သည့် ဧရိယာရှိ ဟိုတယ်များတွင် နိုင်ငံခြားသားများ အတွက်သာ ခွင့်ပြုနိုင်သည့် ဝန်ဆောင်မှု လုပ်ငန်း အဖြစ် စည်းကမ်း ဥပဒေများနှင့် အညီ တရားဝင် ခွင့်ပြုနိုင်ရေးအတွက် လိုအပ်သော ခွင့်ပြုမိန့်များရယူ၍ ဥပဒေပြင်ဆင်မှုများ ပြုလုပ်ပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က လွှတ်တော်တွင် ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် မင်္ဂလာဒုံမြို့နယ် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးလာပြီး အခွန်အကောက်များစွာ ရရှိရန် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် ရေပေါ်ကျွန်းများ ပေါ်တွင် နိုင်ငံခြားသားများသာ ဝင်ရောက် ကစားခွင့်ပြုသည့် ကာစီနိုလုပ်ငန်းများ တရားဝင် ခွင့်ပြုနိုင်ခြင်း ရှိ မရှိ မေးမြန်းချက် အပေါ် ဦးအုန်းမောင်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မင်္ဂလာဒုံမြို့နယ်အမတ်က ကာစီနိုလုပ်ငန်းဖြင့် ကြီးပွားနေသည့် နိုင်ငံတို့ကို ဥပမာပေး၍ ထောက်ပြခဲ့ပြီး မကာအိုတွင် ကာစီနိုမှ တနှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ရှိကြောင်း၊ စင်ကာပူတွင် ဒေါ်လာသန်း ၂၇၀၀ ခန့် ရှိနေ ကြောင်း၊ ထိုဝင်ငွေမျိုး မြန်မာနိုင်ငံ ရရှိပါက ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်များတွင် ပိုမိုသုံးစွဲနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးသည်။
“မကာအို အစိုးရဟာ ၆ နှစ်လုံးလုံး တပြားတချပ်မှ ပြည်သူဆီက တပြားတချပ်မှ အခွန်မကောက်ဘဲနဲ့ လည်ပတ်နေ တာဖြစ်ပြီး ငွေကြေး လည်ပတ်နိုင်တဲ့ စုဆောင်း ပမာဏလည်း ရရှိနေတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ရင် အကျိုးစီးပွား ဖြစ်ထွန်းတဲ့ လုပ်ငန်းဆိုတာ လေ့လာ သိရှိ နိုင်ပါတယ်”ဟု မင်္ဂလာဒုံမြို့နယ် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြော သည်။
ယခု ကာစီနိုလုပ်ငန်းသည့် အကျိုးအမြတ်များသဖြင့် ဗီယက်နမ်နိုင်ငံက ၂၀၁၇ ခုနှစ်မှာ စတင်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံ တွင်မူ အစိုးရ၏ ကံစမ်းလုပ်ငန်းတခု ဖြစ်သည့် အောင်ဘာလေ သိန်းဆု လုပ်ငန်းသာ ရှိပြီး ယင်းလုပ်ငန်းမှ ရရှိသည့် ငွေသည်လည်း တနှစ် ဒေါ်လာ သန်း ၃၀ ခန့်သာ ရှိကြောင်းလည်း ဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်၏ မေးမြန်းချက်အပေါ် ဟိုတယ်နှင့် ခရီး ဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာနသို့ သဘော ထား မှတ်ချက် တောင်းခံရာ မြန်မာနိုင်ငံတွင် တည်ဆဲ ဥပဒေဖြစ်သည့် ၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေ အရ နိုင်ငံခြားသားများကို ကာစီနိုများတွင် လောင်းကစားခွင့်ပြုခြင်းသည် လောင်းကစား ဥပဒေနှင့် ငြိစွန်းနေကြောင်း၊ မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသား၊ နိုင်ငံခြားသားအားလုံး တည်ဆဲ ဥပဒေကို လိုက်နာရမည်ဟု သဘောထားပေးခဲ့ ကြောင်း သိရသည်။
ထိုအခါ ကာစီနိုလုပ်ငန်းနှင့် စပ်လျဉ်း၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးကြရာ ဟိုတယ်ခရီးလုပ်ငန်း ဖွံ့ဖြိုးရန် ကာစီနိုလုပ်ငန်း ဖွင့် သင့် ကြောင်း၊ နိုင်ငံခြားသားများ ကစားနိုင်သည့် ကာစီနိုဖွင့်ရန် လောင်းကစား ဥပဒေနှင့် ငြိစွန်းပါက ဥပဒေပြင်ရမည် ဖြစ်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်ဟု ဝန်ကြီး ဦးအုန်းမောင်က ပြောသည်။
“ဒီလို ပြောဆို တင်ပြချက်တွေကို ကြည့်ရင် ကာစီနို လုပ်ငန်းတွေဟာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက်နဲ့ အခွန် အကောက် ဝင်ငွေ ရရှိနိုင်တဲ့ စီးပွားရေး လုပ်ငန်းတမျိုး ဖြစ်ကြောင်း သိသာ ထင်ရှားပါတယ်”ဟု ၎င်းက လွှတ်တော် တွင် ပြောသည်။
ထိုပြောဆိုဆွေးနွေးချက်များကို အခြေခံ၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ပြည်ထဲရေး ဝန်ကြီး ဌာနသို့ သဘော ထားမှတ်ချက် ထပ်မံတောင်းခံရာ နိုင်ငံခြားသား ဧည့်သည်များအတွက်သာ ခွင့်ပြုသည့် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုမည့်ကိစ္စအပေါ် သဘောတူကြောင်း၊ မြန်မာနိုင်ငံသားများ အတွက် ထိန်းချုပ် ကန့်သတ်မှုများ မည်ကဲ့သို့ ပြုလုပ်မည်ကို စဉ်းစားသင့်ကြောင်း ပြန်လည် အကြံပြုလာခဲ့သည်ဟု ဆိုသည်။
ထို့ပြင် လာအိုနိုင်ငံသည် မြန်မာ-လာအို-ထိုင်းနိုင်ငံ နယ်စပ်တွင် ကာစီနိုလုပ်ငန်းများကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း ခွင့်ပြုလိုက်သည်နှင့်အတူ ကွန်မြူနစ်နိုင်ငံ လာအိုသည် ဖွံ့ဖြိုးလာကြောင်း၊ မလေးရှားတွင်လည်း ကာစီနိုလုပ်ငန်းများ ရှိကြောင်း၊ စင်ကာပူ၌ မြေရှာ၍ ကျွန်းအတုလုပ်ကာ ကာစီနိုလုပ်ငန်းများ ဖွင့်သဖြင့် ဟိုတယ်များပါ တည်ဆောက် ထား ကြောင်း သိရသည်။
ယခုအခါ ပြည်ထဲရေး ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု လက်အောက်တွင်ရှိသည့် လောင်းကစား ဥပဒေကို ပြင်ဆင်ရန် ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီအတွင်း ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ပြီး တိုင်းပြည်၏ ဝင် ငွေ တိုးတက်လာစေရန် လိုအပ်သည့် အချက်များကို ပြင်ဆင်ရန် စဉ်းစားလျက်ရှိကြောင်း ယင်းကော်မတီ အဖွဲ့ဝင် ဒေါ်ဇင်မာအောင် ကလည်း ပြောသည်။
“ဥပဒေ ရေးထားတဲ့ ခေတ်ကာလကလည်း ကြာပြီဆိုတော့ ပြင်သင့်ပြီ။ တိုင်းပြည်ဝင်ငွေလည်း တိုးလာဖို့ အကျိုးရှိ အောင် ပြင်ရမယ်။ ဒီကာစီနို ကိစ္စကလည်း Approve (အတည်ပြု) ဖြစ်သွားမယ့် သဘောလို့ မြင်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် တရားဝင် လောင်းကစား လုပ်ငန်းဖြစ်သည့် အောင်ဘာလေထီ၏ လည်ပတ် ငွေသည်လည်း အမေရိကန် ဒေါ်လာနှင့်တွက်ပါက ၈၇ သန်းခန့်ရှိပြီး အမြတ်ငွေမှာလည်း နည်းပါးကြောင်း၊ ထီမှာလည်း ပြည်သူဆီမှ ပြန်ကောက်သည့် သဘောသာ ဖြစ်၍ ယခု လွှတ်တော် ကိုယ်စားလှယ် တင်ပြသည့်ကိစ္စမှာ နိုင်ငံခြားသားများထံမှ ပိုက်ဆံရှာသည့် နည်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝန်းက ပြောဆိုကြသည်။
“ဘာလို့ ဒီလုပ်ငန်းက အမြတ်ရနေသလဲဆိုတော့ ကာစီနို လုပ်ငန်းက လိုင်စင်ရတာနဲ့တင် ဝင်ငွေက တအားရပါတယ်။ ကာစီနိုကို လာ လည်ပတ်တဲ့ နိုင်ငံခြားသားတွေအတွက် ဟိုတယ်တွေ၊ အစားအသောက်တွေက ထပ်ရပါတယ်။ နောက်ပြီး အနိုင်ရတဲ့သူကို ပိုက်ဆံ ထုတ်ပေးတဲ့အခါ အစိုးရကို အခွန်ငွေဆောင်ပြီးမှ ထုတ်ပေးလို့ တခါ အမြတ်ရပါ တယ်။ ကာစီနိုလုပ်ငန်းတွေရဲ့ တနှစ်စာလုံး အမြတ်ငွေလည်း အစိုးရက ဝင်ငွေခွန်အဖြစ် ထပ်ကောက်ပါတယ်။ အခွန် ၄ ခါ ရလို့ အရမ်း ဝင်ငွေ ကောင်းတဲ့ လုပ်ငန်းပဲ”ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။
လက်ရှိ၌ တနသာင်္ရီတိုင်း ဒေသကြီးအတွင်းရှိ သူဌေးကျွန်း၊ ရတနာကျွန်းများရှိ ဟိုတယ်များတွင်လည်း နိုင်ငံခြားသား များသာ ကစားခွင့်ရှိသည့် ကာစီနို လောင်းကစားဝိုင်းများ ရှိနေပြီး အခြား နယ်စပ်ဒေသများတွင်လည်း ကာစီနို လောင်းကစားဝိုင်း ဖွင့်လှစ်ထားမှုများရှိနေကာ ယင်းကာစီနိုများအား အခွန်စည်းကြပ်ကောက်ခံမှု မရှိသေးကြောင်း လွှတ်တော်တွင်း ဆွေးနွေးမှုများအရ သိရသည်။