နှစ်ရှည်အရစ်ကျ စနစ်ဖြင့် ရောင်းချပေးမည့် Biggest Home Loan Expo အိမ်ရာအရောင်းပြပွဲကို ၂၀၁၈ခုနှစ် မတ်လ အတွင်း ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းပြပွဲမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး မတ်လ ၁၆ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပ သွားမည် ဖြစ်ကြောင်း ဆူးလေ ရှန်ဂီလာဟိုတယ်တွင် ပြုလုပ်သော ပြပွဲအကြို သတင်းစာရှင်းလင်းပွဲမှ သိရသည်။
Shwe Property မန်နေဂျင်း ဒါရိုက်တာ ဦးကောင်းသူဝင်းက “မနှစ်ကဆိုရင် နှစ်ရှည်နဲ့ ရောင်းတဲ့အတွက် ဝယ်သူတ ယောက်ထဲ အခန်း ၅၀ ၊ ၆၀ လောက် ရောင်းရတယ်။ ဘာလို့လဲဆိုတော့ တလမှ ကျပ် ၇ သိန်း၊ ကျပ် ၈ သိန်းပေးရုံပဲ ဆို တော့ ရောင်းရတယ်။ အဓိက အခက်အခဲက ငွေပေးချေမှုပဲ။ ဒီမှာ ရောင်းချသူအပြင် ဘဏ်တွေ ပါဝင်လာမယ် ဆိုတော့ လူတိုင်း အိမ်ပိုင်ဖို့ မဝေးတော့ဘူး။ ဒါကြောင့် အရစ်ကျနဲ့ အိမ်ရာရောင်းချပေးမယ့် ပြပွဲကို ကျင်းပပေးတာဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ အိမ်ရာဝယ်ယူရာတွင် မိသားစုဝင်များအားလုံး၏ စုစုပေါင်းဝင်ငွေ တလလျှင် ကျပ်သိန်း ၂၀ ရှိရုံနှင့် ကနဦးပေးသွင်း ရမည့် ဟု အကြမ်းဖျင်း သတ်မှတ်ထားကာ ကျန်သည့် ငွေများကို ၁၀ နှစ်မှ ၁၅ နှစ်အထိ အရစ်ကျစနစ်ဖြင့် ဘဏ်နှင့် ချိတ် ဆက်ဝယ်ယူရနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခုရောင်းချမည့် အိမ်ရာများမှာ ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၄ ထောင်၊ ၅ ထောင် တန်ဖိုးအထိ ရှိသော အိမ်ရာခန်းများ ကို မြန်မာနိုင်ငံတွင်းရှိ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အစရှိသည့် တိုင်းဒေသကြီးများမှ တိုက်ခန်း၊ ကွန်ဒိုများကို ရောင်းချ သွားမည် ဖြစ်သည်။
ယခင်က အိမ်ရာများရောင်းချရာတွင် ဝယ်ယူသူများက စီးပွားရေး ဈေးကွက်အရ အမြတ်ရရှိရန် အိမ်ရာများ ဝယ်ယူကြ သော်လည်း ယခုအချိန်တွင် တကယ်နေထိုင်မည့် သူများကသာ မိမိတို့၏ ဝင်ငွေနှင့် လစဉ် အရစ်ကျသွင်း၍ ဝယ်ယူမှုများ လာခြင်းကြောင့် အိမ်ရာ အရစ်ကျရောင်းချသည့် စနစ်ဖြင့် ရောင်းလာကြခြင်းဖြစ်ကြောင်း အိမ်ခြံမြေ၊ အိမ်ရာရောင်းဝယ်သူ များထံမှ သိရသည်။
Shwe Property မန်နေဂျင်းဒါရိုက်တာ Kevin Goos က “ဝယ်ယူသူတွေအတွက် ငွေကြေးပိုင်းဆိုင်ရာကို ဘဏ်နဲ့ ပူး ပေါင်းပြီး လုပ်ဆောင် သွားမှာဖြစ်တယ်။ ကျနော်တို့ Shwe Property မှာ အိမ်ဝယ်မယ့်သူတွေ အနေနဲ့ ယုံကြည် စိတ်ချ စွာ တတ်နိုင်တဲ့ ငွေကြေးနဲ့ ဝယ်ယူနိုင်ဖို့ ကူညီပေးတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ချိတ်ဆက်ဝယ်ယူရမည့် ဘဏ်များကို လောလောဆယ်တွင် Shwe Property ဘက်မှ မရွေးချယ်ရသေးသကဲ့သို့ အိမ်ရာ ဝယ်ယူရာတွင် ကနဦးပေးသွင်းရမည့် နူန်းထားကိုလည်း အတိအကျ မသတ်မှတ်ရသေးပေ။
၂၀၁၇ ခုနှစ်တွင် ပထမအကြိမ်ပြုလုပ်ခဲ့သော အိမ်ရာအရောင်းပြပွဲတွင် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ စီဘီဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHDB ) စသည့်ဘဏ်များနှင့် ချိတ်ဆက်ပြီး ကနဦး အိမ်ရာ ဝယ်ယူရာတွင် ကျပ်သိန်း ၂၀ ပေးသွင်းရောင်းချခဲ့ကြောင်း သိရသည်။
လက်ရှိ၌ အစိုးရမှ တန်ဖိုးနည်းအိမ်ရာများကို CHD ဘဏ်နှင့် ချိတ်ဆက်ကာ နှစ်ရှည်အရစ်ကျ ရောင်းချပေးလျှက်ရှိနေပြီး ယင်းအိမ်ရာများကို ဝယ်ယူရာတွင် လူဦးရေ အကန့်အသတ်ရှိနေခြင်းနှင့် နေရာ အကန့်အသတ်ရှိနေခြင်းတို့ကြောင့် ဝယ်ယူသူများအနေဖြင့် အခက်အခဲ ဖြစ်နေကြောင်း အစိုးရ၏ အရစ်ကျ အိမ်ရာ ဝယ်ယူသူတချို့က ပြောသည်။
“အစိုးရရောင်းပေးတဲ့ တန်ဖိုးနည်း အိမ်ရာ ဝယ်ဖို့ဆိုရင် ပထမဆုံး ပေးသွင်းရမယ့် ၃၀ ရာခိုင်နှုန်း ငွေ လက်ထဲမှာ ရှိတာ တောင် အချိန်အကြာကြီး စောင့်လိုက်ရတယ်။ ကိုယ့်အလှည့် ဘယ်တော့ ကျမလဲပေါ့၊ ကိုယ့်အလှည့်တောင် ရောက်ပါ့မလဲ ဆိုပြီး။ တချို့သူတွေတော့ စောင့်ရတာ စိတ်မရှည်လို့ မဝယ်ကြတော့ဘူး။ အခုလိုမျိုး ပုဂ္ဂလိကပိုင်းကလည်း နှစ်ရှည် အရစ် ကျစနစ်နဲ့ များများ ရောင်းပေးနိုင်ရင်တော့ ရွေးချယ်စရာတွေ ပိုများလာနိုင်ပါတယ်” ဟု အစိုးရ၏ အရစ်ကျအိမ်ရာ ဝယ်ယူခဲ့ သူ ဒေါ်စုမြတ်က ပြောသည်။
ယင်းသို့ ပုဂ္ဂလိကမှ ရောင်းချပေးမည့် နှစ်ရှည်အရစ်ကျ အိမ်ရာစနစ်တွင် တန်ဖိုးကြီးသော ကျပ်သိန်း ထောင်ဂဏန်းခန့်ရှိ အိမ်ရာများထက် တန်ဖိုးအသင့်အတင့် ကျပ်သိန်းရာကျော် အိမ်ရာများ ပိုမိုရောင်းချပေးနိုင်လိုအပ်နေကြောင်း အိမ်ရာဝယ် ယူလိုသူများထံက သိရသည်။