မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေဆဲ ဖြစ်သည့် မီးရထားလမ်းစီမံကိန်းတခု အတွက် ဂျပန်ကုမ္ပဏီများက ဒေါ်လာ ၆၄ သန်း တန်ဖိုးရှိသည့် ရထားသစ်များ ရောင်းချပေးမည် ဖြစ်ကြောင်း ဂျပန်သတင်းဌာန NHK က ဆိုသည်။
မာရူဘီနီ Marubeni ကုန်သွယ်ရေး လုပ်ငန်းနှင့် နီးဂါတာထရန်စစ် Niigata Transys ရထားပြုလုပ်ရေး လုပ်ငန်းတို့က မြန်မာ့မီးရထား အတွက် တွဲဆိုင်းသစ် ၂၄ ဆိုင်းကို ထောက်ပံ့သွားမည် ဟု ကြေညာလိုက်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံရှိ မီးရထား လမ်းပိုင်းများသည် သက်တမ်း အိုမင်းနေပြီ ဖြစ်သော်လည်း တိုင်းပြည်စီးပွားရေးမှာ ဒူပေနာပေ ခံလျက် တိုးတက်လာမည့် အနေအထားမျိုး ဖြစ်နေသည်။
မြန်မာ့မီးရထားက တိုင်းပြည်၏ အကြီးဆုံးမြို့တော် ရန်ကုန်နှင့် ဒုတိယအကြီးဆုံး စီးပွားရေးမြို့ဖြစ်သည့် မန္တလေးမြို့တို့ ဆက်သွယ်ထားသော မီးရထားလမ်းကို ခေတ်သစ် စနစ်ဖြင့် အဆင့်မြှင့်တင်ရေး စီမံကိန်းတခုကို အကောင်အထည် ဖော်လျက် ရှိသည်။
အဆိုပါ ရထားသစ်များကို ရန်ကုန်မှ တောင်ငူသို့ ပြေးဆွဲနေသည့် ရထားလမ်းပိုင်းတွင် အသုံးပြုမည် ဖြစ်သည်။ ယင်း လမ်းပိုင်းသည် ကီလိုမီတာ ၂၇၀ (၁၆၇ မိုင်) ရှည်သည်။
လက်ရှိအနေအထားတွင် ယင်းမြို့ နှစ်မြို့သို့ ရထားပြေးဆွဲသည့် ကြာချိန် ၇ နာရီဖြစ်သော်လည်း ယခု အကောင်အထည် ဖော်နေဆဲ စီမံကိန်းပြီးစီးပါက ၃ နာရီနှင့် မိနစ် ၂၀ သာ ကြာမြင့်တော့မည် ဖြစ်သည်။
မာရူဘီနီက ၂၀၂၀ ပြည့်နှစ်တွင် ရထားတွဲဆိုင်းများ တင်ပို့ရေး စတင်ရန် စီစဉ်ထားသည်။ ယင်း အစီအစဉ်အရ အဆိုပါ ရထားများ ပြုပြင် မွမ်းမံထိန်းသိမ်းမည့် အင်ဂျင်နီယာများကိုပါ သင်တန်းပေးသွားမည် ဖြစ်သည်။