ယခု ဘဏ္ဍာနှစ် ဖြစ်သော ၂၀၁၇-၂၀၁၈ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံ မှုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံကျော် ရရှိထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန (ရန်ကုန်) မှ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုု ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က “ဖေဖော်ဝါရီလ ပထမပတ်အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏက ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံကျော် ခွင့်ပြုထားတယ်။ အဲဒီ မှာ ဒေါ်လာသန်း ၇၀၀ လောက် ထပ်တိုးတယ်။ ဒီဘဏ္ဍာနှစ်ထဲမှာပဲ တိုးမြှင့်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပါမယ်ဆိုရင်တော့ ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ ကျော်ရရှိထားတယ်” ဟု ပြောပြသည်။
ဖေဖော်ဝါရီလ ၇ ရက်တွင် ပြုလုပ်သော၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အစည်းအဝေး အမှတ် စဉ် ၂ သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောခြင်းဖြစ်သည်။
ဆက်လက်၍ ဦးသန်းအောင်ကျော်က “ရင်းနှီးမြှုပ်နှံမှု တိုးတယ်ဆိုတာက လုပ်ငန်းကောင်းလို့ ထပ်ချဲ့တာလည်း ဖြစ် တယ်။ နိုင်ငံတကာ စံနှုန်းတွေမှာ ဆိုရင် လက်ရှိ ရင်းနှီးမြှုပ်နှံမှုရဲ့ ၆၀ ရာခိုင်နှုန်းလောက် တိုးကြတယ်။ ကျနော်တို့ ဆီ မှာတော့ သန်း ၇၀၀ တိုးတယ်ဆိုတော့ ၁၀ နဲ့ ၁၅ ရာခိုင်နှုန်း လောက်ပဲ တိုးသေးတယ်” ဟု ပြောသည်။
ယင်းသို့ တိုးလာခြင်းသည် မြန်မာနိုင်ငံအတွင်း လက်ရှိဘဏ္ဍာနှစ်၌ ခွင့်ပြုထားသော နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၉၅ ခုတွင် ထပ်မံ၍ ငွေကြေးထည့်ဝင် ရင်းနှီးမြှုပ်နှံကြခြင်း ဖြစ်ကြောင်း သိရသည်။
“အခု ရင်းနှီးမြှုပ်နှံမှု လာလုပ်ထားတဲ့ သူတွေက ပြန်ထွက်ခွာသွားတာ တို့တော့ မရှိဘူး။ ဆက်ပြီးတော့ လုပ်နေကြ ပါတယ်”ဟု ဒု ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်ကပြောသည်။
ခွင့်ပြုခဲ့သည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အစာစပ် လုပ်ငန်း၊ လျှပ်စစ်ကဏ္ဍ၊ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း၊ အိမ်ရာ အဆောက်အအုံ လုပ်ငန်း၊ စက်မှု ကဏ္ဍ၊ ဟိုတယ် လုပ်ငန်းနှင့် ခရီးသွားကဏ္ဍ၊ အခြားဝန်ဆောင်မှု လုပ်ငန်း ကဏ္ဍများ အစရှိသည့် လုပ်ငန်းများတွင် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန၏ စာရင်းဇယား ကိန်းဂဏန်း အချက်အလက် ဆိုင်ရာ ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီး ပေးနိုင်မှု၊ အမျိုးသား ဝင်ငွေနှင့် အခွန် တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်း စားသုံး ရန် လိုအပ်ချက်၊ နည်းပညာ ဆီလျော်မှု၊ တီထွင် ဆန်းသစ်မှု၊ နည်းပညာ လွဲှပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ထိန်းသိမ်း ကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်းနှင့် တည်ဆဲ ဥပဒေ များကို လိုက်နာခြင်း စသည့် အချက်များကို အခြေခံ၍ ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း သိရသည်။
လျှပ်စစ် ဓာတ်အားပေးလုပ်ငန်း၊ ဟံသာဝတီ လေဆိပ် စီမံကိန်းမျိုးကဲ့သို့ စီမံကိန်း အကြီးစား များသည်လည်း မြန်မာ နိုင်ငံ တွင်းသို့ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ဆွေးနွေး ညှိနှိုင်းနေကြောင်း MIC ၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားထားသည်။
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် တရုတ်၊ စင်ကာပူ၊ ထိုင်းနှင့် ယူကေ နိုင်ငံများက အများ ဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်း အင်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။