ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာ မြန်မာပြည်က ပြည်တွင်း ထုတ်ကုန် အမှတ်တံဆိပ် Local Brand တခု မြန်မာမှုဒီဇိုင်းနဲ့ အမျိုးသမီးကိုင် အိတ်တွေ ထုတ်လုပ်ပြီး ဈေးကွက် ထိုးဖောက်လာတာကိုတွေ့ရပါတယ်။ မန္တလေးမြို့အခြေစိုက် Trendiest အမည်နဲ့ မြန်မာမှုလက်ရာ ဒီဇိုင်းအိတ်တွေကို ထုတ်လုပ်နေသူက မန္တလေးတက္ကသိုလ်ကနေ MBA ဘွဲ့ရယူထားတဲ့ မမြတ်ဆုပြည့်စုံ ဖြစ်ပါတယ်။ အမျိုးသမီးလူငယ် တဦးအနေနဲ့ ပြည်တွင်း ထုတ်ကုန် အမှတ်တံဆိပ်တခုကို ဘယ်လို ထိုးဖောက်နေတယ်ဆိုတာကို တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ အမျိုးသမီးလက်ကိုင်အိတ်လေးတွေ ထုတ်လုပ်ဖြစ်ပုံနဲ့ ဒီဇိုင်းကို ဘယ်လိုစဉ်းစားခဲ့လဲ၊ မြန်မာမှုအငွေ့အသက်တွေပါအောင် ဘယ်လို အိုင်ဒီယာရခဲ့လဲ။
ဖြေ ။ ။ အိတ်လေး ထုတ်လုပ်ဖြစ်ပုံကတော့ ကျမတို့အဖွဲ့ ၂၀၁၅ ကနေ ၂၀၁၆ နှစ်ကုန်ပိုင်းအထိ နာမည်ကြီး ဂျင်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ GAP နဲ့အတူ မကွေး၊ ထားဝယ်၊ မအူပင်၊ မြောင်၊ ပြင်ဦးလွင်၊ မန္တလေးတို့မှာ အမျိုးသမီး စွမ်းဆောင်ရည်ဖွံ့ဖြိုးမှု Personal Advancement Career Enhancement (P.A.C.E) သင်တန်းတွေမှာ ပရောဂျက် သင်တန်းဆရာအဖြစ် ပါဝင်ပြီး အမျိုးသမီးတွေကို သင်တန်းပို့ချရင်း နယ်ခံအမျိုးသမီးတွေရဲ့ ဘဝကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီမှာ တခုသတိထားမိခဲ့တာက နယ်ဘက်က အမျိုးသမီးတွေရဲ့ ပြဿနာက နယ်တွေမှာဆို မြို့ပေါ်နဲ့ မတူဘဲ အမျိုးသမီးတွေဟာ အလုပ်ကြမ်းတွေနဲ့ ပင်ပန်းရတယ်။ အလုပ်ကိုင် အခွင့်အလမ်း ရှားပါးတယ်။ ဝင်ငွေနည်းမှုတွေနဲ့ ကြုံတွေ့ရပါတယ်။
အဲဒီ အခက်အခဲတွေကို ပြေလည်စေဖို့ ကျမတို့ စဉ်းစားကြည့်ကြတယ်။ ဒီလိုနဲ့ ပရောဂျက် ပြီးသွားတော့ GAP ရဲ့ Country Director အစ်မက သင်တန်းတက်ခဲ့တဲ့ အမျိုးသမီးတွေကို အိတ်ချုပ်သင်တန်း ထပ်ပြီးပေးခဲ့တော့ အဲဒီ အိတ်ချုပ်တတ်တဲ့ အမျိုးသမီးတွေကို အိုးမကွာ အိမ်မကွာ အလုပ်လုပ်လို့ရအောင် ဆိုပြီး ဒီ Trendiest အိတ်ကို လူမှုတာဝန်သိ စီးပွားရေးလုပ်ငန်း Social enterprise အနေနဲ့ စတင်ထုတ်လုပ်ခဲ့တာပါ။ မြန်မာ ယဉ်ကျေးမှု ဓလေ့ နောက်ခံ ဒီဇိုင်းနဲ့ လုပ်ဖြစ်သွားတာကတော့ ဖက်ရှင်မှာ တိမ်းညွှတ်မှု Fashion trend က ရိုးရာ Traditional ဖက်ကို ပြောင်းလဲလာတာကတကြောင်းရယ် မြန်မာ့ ယဉ်ကျေးမှုကို မြှင့်တင် promote ချင်တာရယ်ကြောင့်ပါ။
မေး။ ။ အမျိုးသမီးတွေအတွက် အိမ်တွင်းအသက်မွေးမှုလုပ်ငန်းကနေ ဝင်ငွေရအောင် ဖန်တီးပေးတဲ့အခါ ဘယ်လို အကျိူးဆက်တွေရခဲ့လဲ။
ဖြေ။ ။ အဓိကကတော့ ကျမအပေါ်မှာ ပြောခဲ့တဲ့ ပြဿနာတွေ အတော်များများ ပြေလည်သွားတာ တွေ့ရပါတယ်။ ဒီလုပ်ငန်းက အရမ်းအကြီးကြီး မဟုတ်သေးပါဘူး။ အခုလောလောဆယ် မန္တလေးနဲ့ မအူပင်မှာ အလုပ်ရုံ ၂ ခုရှိပါတယ်။ အမျိုးသမီး ၁၅ ယောက်လောက် ပုံမှန် ဝင်ငွေရအောင် ဒီလုပ်ငန်းကို ကြိုးစားလုပ်ကိုင်နေပါတယ်။
မေး။ ။ အမျိုးသမီးတဦးအနေနဲ့ တီထွင်ဆန်းသစ်တဲ့ စီးပွားရေး ပုံစံရအောင် ဘယ်လိုကြိုးပမ်းနေရပါလဲ။
ဖြေ။ ။ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲ လိုအပ်တာတွေ ဖြည့်တင်းနေရတာပေါ့။ တတ်နိုင်သမျှ လူထုအပေါ် အကျိုးပြုနိုင်အောင်လည်း ကျမတို့ အမြဲကြိုးစားနေပါတယ်။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းရဲ့ အားသာချက် အားနည်းချက်တွေကို အမြဲလေ့လာနေရတာပေါ့။ ကျမတို့က Middle class customer အလယ်အလတ် လူတန်းစားက ဖောက်သည်တွေကို အဓိကထား လုပ်ဆောင်နေတာပါ။ အပြိုင်အဆိုင်တွေ ရှိနေပေမယ့်လည်း ကျမတို့ ရည်ရွယ်ထားတဲ့ Social enterprise အဖြစ် ရပ်တည်ဖို့ရယ် ဈေးအသင့်အတင့်နဲ့ အရည်အသွေး ကောင်းတဲ့ Quality products လေးတွေကို ကိုယ့်ပုံစံလေးနဲ့ ကိုယ် ဆန်းသစ်ထုတ်လုပ်သွားဖို့ပဲ ကျမတို့ ကြိုးစားနေပါတယ်။
မေး။ ။ အိတ်ဒီဇိုင်းတွေကို ဘယ်နှမျိုးလောက်အထိ တိုးချဲ့ဖို့ရှိလဲ၊ အနာဂတ်ရဲ့ စီးပွားရေးအစီစဉ်ကကော ဘယ်လိုလဲ။
ဖြေ။ ။ ကျမတို့ တနှစ်ကို ဒီဇိုင်း ၃ မျိုး၊ ၄ မျိုးလောက် ဆန်းသစ်ထုတ်လုပ်ဖို့ရှိပါတယ်။ ကျမ ၈ လအတွင်း ဒီဇိုင်း ၃ မျိုး ထုတ်လုပ်ခဲ့ပြီးပါပြီ။ နယ်တွေမှာ အမျိုးသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်း များများပေးနိုင်အောင်ရယ်၊ ကျမတို့ Products ကို မြန်မာအမျိုးသမီးလေးတွေ မြတ်မြတ် နိုးနိုး သုံးစွဲနိုင်တဲ့ quality products အဖြစ် ထပ်မံ ထုတ်လုပ်သွားဖို့ရှိပါတယ်။
မေး။ ။ မြန်မာမှု ဒီဇိုင်းကို အခြေခံထားတဲ့ ဒီလုပ်ငန်းရဲ့ အနေအထားက ရေရှည်ရပ်တည်ဖို့ ခက်ခဲနိုင်မလား။
ဖြေ။ ။ ရေရှည် ရပ်တည်ဖို့ ကျမတို့ ကြိုးစားသွားမှာပါ။
မေး။ ။ မြန်မာနိုင်ငံမှာ ဖောက်ထွက်လာတဲ့ မြန်မာဖြစ် Brand တွေ ဈေးကွက်တည်ဆောက်နိုင်ဖို့ အဓိကအချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ Brand တခုအဖြစ် ရပ်တည်နိုင်ဖို့အတွက်က Quality product က အဓိကဖြစ်တယ်လို့ ထင်ပါတယ်။ နောက်တခုက ဈေးကွက်ရဲ့ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ဖို့လိုပါတယ်။
မေး။ ။ ဆုရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဆုနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ မန္တလေးတိုင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်းက ဦးစီးကျင်းပတဲ့ ပြိုင်ပွဲဝင်တွေရဲ့ Business Ideas လေးတွေကို မြေတောင်မြှောက်ပေးတဲ့ ပွဲတခုပါ။ စွန့်ဦးတီထွင်ဆု ပြိုင်ပွဲမှာ Trendiest က Entrepreneurship award ရရှိခဲ့တာပါ။
မေး။ ။ အမျိုးသမီး လူငယ်စွမ်းဆောင်ရှင်တွေအတွက် လက်ရှိလုပ်ငန်းနဲ့ ယှုဉ်ပြီး ဘာတွေ ပြောချင်တာရှိပါသလဲ။
ဖြေ။ ။ အမျိုးသမီး အမျိုးသားဆိုတာထက် ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်အပေါ် တကယ် တန်ဖိုးထားပြီး လေးလေးနက်နက် လုပ်ကိုင်ရင် အောင်မြင်နိုင်ပါတယ်လို့။ ကျမတို့ ကိုယ်တိုင်လည်း အများကြီး ဆက်ကြိုးစားရအုံးမှာပါ။
(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် စီးပွားရေးသတင်းများ ရေးသားခဲ့ဖူးသူဖြစ်သည်။ ယခုအခါ ဧရာဝတီ မြန်မာပိုင်းအတွက် ပြင်ပမှ စီးပွားရေးနှင့် ခရီးသွားဆောင်းပါးများ အခါအားလျော်စွာ ရေးသားပေးပို့နေပါသည်)