ရန်ကုန် ဘူတာကြီး ဧရိယာ ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်ရန် ကနဦးအဆင့် တင်ဒါ အောင်မြင်သူ (preferred bidder) အဖြစ် စင်ကာပူနိုင်ငံတွင် စာရင်းသွင်းထားသော Oxley Holdings ပါဝင်သည့် ကုမ္ပဏီအုပ်စုတခုကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ မင်းဓမ္မ ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီတို့ ပါဝင်သော ၎င်းတို့၏ ကုမ္ပဏီ အုပ်စုကို စီမံ ကိန်းအတွက် ရွေးချယ်ခြင်းခံခဲ့ရကြောင်း စင်ကာပူ စတော့ အိတ်ချိန်းတွင် စာရင်းသွင်းထားသော Oxley Holdings ကုမ္ပဏီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းတွင် ကြေညာခဲ့သည်။
ကြေညာချက်ထဲတွင် Oxley Holdings ကုမ္ပဏီက ၎င်းတို့ ကုမ္ပဏီ အုပ်စုသို့ တင်ဒါချထားကြောင်း ဇန်နဝါရီလ ၃၀ ရက် နေ့က ပြုလုပ်သော အစိုးရ အဖွဲ့ အစည်းအဝေးတခုတွင် ဆုံးဖြတ်ခဲ့ပြီး မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးထွန်းအောင်သင်းက ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် လက်မှတ်ထိုး အကြောင်းကြားခဲ့သည်ကိုလည်း ပူးတွဲဖော်ပြထားသည်။ တွေ့ဆုံ ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်မည့်ရက်ကို မြန်မာ့မီးရထားက Oxley Holdings သို့ မကြာမီ အကြောင်းကြားသွားမည် ဟုလည်း အဆိုပါ စာတွင် ဖော်ပြထားသည်ဟု ဆိုသည်။
Sino Great Wall ကုမ္ပဏီသည် ဘေဂျင်း အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းတခု ဖြစ်ပြီး Shenzhen စတော့ အိတ်ချိန်း တွင် စာရင်းသွင်းထားသည်။ မင်းဓမ္မကုမ္ပဏီသည် တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးရန်ဟို(Yang Ho) ပိုင်ဆိုင်သည့် Mottama Holdings ကုမ္ပဏီ၏ လုပ်ငန်းခွဲတခု ဖြစ်ကြောင်း Frontier Myanmar စီးပွားရေး မဂ္ဂဇင်း၏ အဆိုအရ သိရသည်။
ကန်ထရိုက်ချထားပေးခြင်းက ညှိနှိုင်းဆွေးနွေးမှုများနှင့် ဥပဒေရေးရာ အစီအစဉ်များ ပြီးစီးမှုပေါ်တွင် မူတည်ကြောင်း Oxley Holdings က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
စီမံကိန်းသည် ရထားနှင့် လူအမြောက်အများ ခရီးစဉ် ကူးပြောင်းသွားလာနိုင်မှု ပေါင်းစပ်ထားသော သယ်ယူပို့ဆောင်ရေး အချက်အခြာ နေရာသစ်တခုကို အိမ်ယာများ၊ စီးပွားရေး အဆောက်အဦးများဖြင့် ဝိုင်းရံထားသော ဖွံ့ဖြိုးရေး စီမံကိန်း တခု ဖြစ်သည်။
၂၅.၇ ဟက်တာ(၆၃.၅ ဧက) ကျယ်ဝန်းသည့် မြေပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်း အဆောက်အဦး များ၏ အသားတင် ကြမ်းခင်း ဧရိယာမှာ စတုရန်းမီတာ ၁.၁ သန်းဖြစ်သည်။
Oxley Holdings က ထုတ်ပြန်ထားသည့် သရုပ်ဖော်ပုံစံ၌ တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်းနှင့် အရှေ့ဘက်တွင် သိမ်ဖြူလမ်း တို့ဖြင့် ပိုင်းခြားထားသည့် ဧရိယာအတွင်းတွင် အထပ် ၂၀ ခန့်မြင့်မည့် အထပ်မြင့် အဆောက်အဦးများကို တွေ့ရသည်။