မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်သွားနိုင်ရန် အတွက် ရည်ရွယ်ပြီး ၂ နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့သည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်၌ ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ပြု လုပ်ပြီး ဂျပန်စီးပွား ရေးလုပ်ငန်းရှင်ကြီး များအသင်း (JCCM) နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ MOU ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဂျပန်-မြန်မာနှစ်နိုင်ငံ ဟာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေရှိသလို ပုဂ္ဂလိက စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွေလည်း များစွာရှိပါတယ်။ ဒီများစွာသောလုပ်ငန်းထဲမှာ နောက်ထပ်နယ်ပယ် ကဏ္ဍသစ် တရပ်အတွက် JCCM ကနေ ထပ်မံတိုးမြှင့်ဆောင်ရွက်နိုင်လိမ့်မယ်။ အခုအမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့ တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ နှစ်နိုင်ငံကြား အစိုးရအချင်းချင်း၊ စီးပွားရေးလုပ်ငန်း ရှင်တွေအကြား အချင်းချင်း အဖြစ် ပြည်သူလူထုကြားမှာပါ ပိုပြီးချစ်ကြည်ရင်းနှီးမှုတခုကို တိုးမြှင့်ဆောင်ရွက်နိုင်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါ နားလည်မှု စာချွန်လွှွာကို နှစ်နိုင်ငံ စီးပွားရေး ကဏ္ဍများတိုးတက်စေရန် စီးပွားရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရင်းနှီးမြှုပ်နှံမှု မြင့်တင်ရေး ၊ သတင်းအချက် အလက်များနှင့် နည်းပညာများ အပြန်အလှန် ဖလှယ်နိုင်ရေး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ရည်ရွယ်ပြီး လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း UMFCCI မှ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ JCCM အသင်း ဥက္ကဋ္ဌ ကက်ဆုဂျိ နာကာဂါဝါ က “UMFCCI နဲ့ JCCM နဲ့က စီးပွားရေးကို ပူးပေါင်း ဆောင်ရွက် နေတာရှိပါတယ်။ အခုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြဿနာ တွေလည်း ရှိနေတဲ့ ကြားထဲမှာပဲ မြန်မာ နိုင်ငံရဲ့ ဈေးကွက်ကို ဂျပန်ကုမ္ပဏီတွေက စိတ်ဝင်စားကြပါ တယ်။ ဒါကို ပြည်သူလူထုသိစေဖို့ ဂျပန်စီးပွားရေး လုပ်ငန်းရှင် များအသင်း ပူးပေါင်းပြီးရေး ထိုးခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ MOU ရေးထိုးခြင်း၏ အသေးစိတ် အချက်အလက်များကို ပြောကြားနိုင်ခြင်း မရှိသေးသော် လည်း နောက်ပိုင်း၌ ယင်းMOU တွင်ပါရှိသည့် အခန်းကဏ္ဍများအတိုင်းသာ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
UMFCCI အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုးက “ဂျပန်ဘက်က မော်တော်ယာဉ် ထုတ်လုပ်မှု ဆိုင်ရာ စက်မှုလုပ် ငန်း(Automobile Industry) နဲ့ ပတ်သက်ရင် ပိုပြီးပူးပေါင်း ဆောင်ရွက်ချင်တာ ရှိပါတယ်။ အဲဒါတွေကို ပိုမိုပြီး လုပ်နိုင် အောင် ဒီနေ့ MOU ရေး ထိုးခြင်းဖြစ်ပါတယ်။ ဒါကတော့ လက်ရှိ နှစ်ဖက်ပူးပေါင်းဖို့အတွက် လက်မှတ်ထိုးလိုက်တာ ဖြစ်ပါ တယ်။ နယ်ပယ် အလိုက်ဖြစ်စေ နည်းပညာလိုက်ဖြစ်စေ လူသားအရင်းအမြစ် ဖြစ်စေ အဲဒီ ကဏ္ဍတွေက အခုချိန်မှာ ပိုပြီး တော့ အရမ်းအရေးကြီးနေတယ်။ ဒီဟာအတွက် ကျနော်တို့ ပူးပေါင်း ဆောင်ရွက်တာ ဖြစ် ပါတယ်” ဟု ပြောသည်။
ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အများဆုံးလုပ်ကိုင်နေသည့် နေရာမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း မြန်မာနိုင်ငံရင်နှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။
မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံများအနက် ဂျပန်နိုင်ငံသည် ရင်နှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၀၁ ခုမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၉၀ ကျော် ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ထားကြောင်း MIC ၏ စာရင်းများတွင် ဖော်ပြထားသည်။