မြန်မာနိုင်ငံအတွင်း ဓာတ်အား မလုံလောက်မှုကို ဖြေရှင်းနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃ ထောင်ကျော်ထုတ် ပေးနိုင်သည့် သဘာဝဓာတ်ငွေ့သုံး စက်ရုံ ( Liquified Natural Gas -LNG ) ၄ ရုံတည်ဆောက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ( စွမ်းအင်) မှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ လစဉ် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ဦးစိုးမြင့်က “လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေက အခုစပြီး အကောင်အထည်ဖော်နေပါပြီ။ သူတို့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေက အများကြီးကျန်သေးတယ်။ ပိုက်တွေ သွယ်ဖို့ အတွက် ကွင်းဆင်းလေ့လာမှုတွေ လုပ်ရမယ်။ အခုချိန်စပြီး ၃ နှစ် အတွင်း ၃၁၁၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ်” ဟု ဧရာဝတီ သို့ပြောသည်။
အဆိုပါစီမံကိန်း လုပ်ကိုင်ခွင့်ရသည့်ကုမ္ပဏီများမှာ TOTAL & SIEMENS A.G ကုမ္ပဏီ၊ Zhefu & Supreme ကုမ္ပဏီ၊ TTCL Public နှင့် Sinophydro & Supreme ကုမ္ပဏီတို့ဖြစ်ကြပြီး ယင်းစီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၅ ဒဿမ ၁၆ ဘီလီယံ အသုံးပြုမည်ဖြစ်ကာ ၂၀၂၁ ခုနှစ်မတိုင်ခင် လျှပ်စစ်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းစက်ရုံ ၄ ရုံမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော LNG သုံးစက်ရုံများဖြစ်ပြီး တည်ဆောက်သွားမည့် ဒေသများအနေနှင့် တနသာၤရီတိုင်းဒေသကြီးရှိ ကန်ပေါက် စီမံကိန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မီးလောင်ဂျိုင် စီမံကိန်း၊ ရန်ကုန်တိုင်း ဒေသကြီး အလုံစီမံကိန်းနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူ စီမံကိန်းတို့ ဖြစ်သည်။
အဆိုပါ LNG အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်း ၄ ခုတွင် ကန်ပေါက်စီမံကိန်းမှ ၁၂၃၀ မဂ္ဂါဝပ်၊ မီးလောင်ဂျိုင်စီမံကိန်းမှ ၁၃၉၀ မဂ္ဂါဝပ်၊ အလုံစီမံကိန်းမှ ၃၅၆ မဂ္ဂါဝပ်နှင့် ကျောက်ဖြူ စီမံကိန်းမှ ၁၃၅ မဂ္ဂါဝပ်ထုတ် လုပ်နိုင်မည်ဖြစ်သည်ဟု ဦးစိုးမြင့်က ဆက်လက်ပြောသည်။
စက်ရုံများအနေနှင့် ပြည်ပမှ သဘာဝဓာတ်ငွေ့ရည် (LNG) ကို တင်သွင်းလာပြီး ထိုမှတဆင့် သဘာဝဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးကာ ယင်းဓာတ်ငွေ့ကို အသုံးပြုကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည် ဖြစ်သည်။
ဦးစိုးမြင့်က “ဒီ ကုမ္ပဏီ ၄ ခုဟာ အရင်တည်းက ကျနော်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ပြီးသား ဖြစ်တယ်။ အရင်တည်းက အဆိုပြုပြီးသား ကုမ္ပဏီတွေ ဖြစ်တယ်။ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ်ဆိုရင် ရေအားလျှပ်စစ်ကို သွား လို့မရဘူး။ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုမ္ပဏီ ၄ ခုရဲ့ အဆိုပြုချက်အတိုင်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ၌ မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား အသုံးပြုမှုအနေဖြင့် လူဦးရေ ၃၇ ရာခိုင်နှုန်း သုံးစွဲလျှက်ရှိပြီး ၆၀ ရာခိုင် နှုန်းမှာ လျှပ်စစ်ဓာတ်အား မသုံးစွဲနိုင်သေးကြောင်း သိရသည်။
ရွှေလင်ဗန်း စက်မှုဇုန်ဥက္ကဌ ဦးအေးသောင်းက “ စက်မှုလုပ်ငန်းရှင် ဖြစ်တဲ့ အတွက်ကြောင့် စက်မှုလုပ်ငန်းမှန်သမျှ လျှပ် စစ်မရှိရင် ဘာမှလုပ်လို့ မရပါဘူး။ အခု လျှပ်စစ် အနေအထားက မြန်မာနိုင်ငံအထက်ပိုင်းက ထွက်ပြီးတော့ သုံးစွဲနေ တာက အောက်ပိုင်းက ဖြစ်နေတယ်။ အဲဒီတော့ သုံးစွဲအားများတဲ့ နေရာမှာ ထုတ်လုပ်မှုအားများရင်တော့ အကောင်း ဆုံးပါပဲ” ဟု ဧရာဝတီ သို့ ပြောသည်။
ထို့သို့ လျှပ်စစ်ဓာတ်အားတိုးမြင့်ထုတ်လုပ်ခြင်းကဲ့သို့ အသုံးပြုသူဦးရေလည်း များပြားလာသည့်အတွက် အစိုးရအနေနှင့် နှစ်စဉ်တိုးပြီး ထုတ်လုပ်သင့်ကြောင်း ဦးအေးသောင်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၂၇ ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ၂၂ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁ ရုံ တို့မှ မဂ္ဂါဝပ် ၃၀၀၀ ကျော်ကို ထုတ်လုပ်ပေးလျှက်ရှိခြင်းကြောင့် နိုင်ငံ အိမ်ထောင်စု လူဦးရေ၏ ၃၇.၈၅ ရာခိုင်နှုန်းကိုသာ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးနိုင်သေးသည့် အတွက် ယခု ဓာတ်ငွေ့ သုံး စက်ရုံ LNG ၄ရုံ တည်ဆောက် ပြီး မဂ္ဂါဝပ် ၃၀၀၀ ကျော်ထုတ်လုပ်ပါက လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ၂ ဆ တိုးမြင့်လာမည် ဖြစ်ကြောင်း သိရသည်။