လာမည့် ၂၀၁၈- ၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းပါ စာမျက်နှာ ၁၆ အပိုဒ် ၂၅ တွင် ဖော်ပြထားသော အခွန်နှုန်းထား အပြောင်းအလဲက လက်ရှိရပ်ဆိုင်းလုနီးပါးဖြစ်နေသော ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍကို အသက်ရှုချောင်သွားစေမည်ဟု ထိပ်တန်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ယုံကြည်နေကြသည်။
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြုလုပ်သော ဆောက်လုပ်ရေး ကဏ္ဍတွင် တွေ့ကြုံနေရသော အခက်အခဲများ ဖြေရှင်းရေးနှင့် လုပ်ငန်းများ ရေရှည်တိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီဖြေရှင်းပေးပါရန် တင်ပြသော အခမ်းအနား၌ ၎င်းတို့က ယင်းသို့ ပြောကြားကြသည်။
ယခု၂၀၁၇-၂၀၁၈ ခုနှစ် အခွန်ုအကောက်ဥပဒေတွင် ဝင်ငွေခွန် မဆောင်ရသေးသူများသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဝယ်ယူပါက အခွန် ၁၅ ရာခိုင်နူန်းမှ ၃၀ ရာခိုင်နူန်းအထိ ပေးဆောင်ရန် သတ်မှတ်ထားပြီး လာမည့် ၂၀၁၈- ၂၀၁၉ ခုနှစ် အခွန်အကောက် ဥပဒေမူကြမ်းတွင် ယင်းကို ၃ ရာခိုင်နူန်းမှ ၅ ရာခိုင်နူန်းသို့ လျှော့ချ ဖော်ပြရေးဆွဲ ထားသည်။
ထိုဝင်ငွေခွန် လျှော့ပေးလိုက်ခြင်းသည် လက်ရှိ ဝယ်ယူမှု နည်းပါးပြီး ဈေးကွက်ပျက်နေရာမှ အခွန်လျှော့ခြင်းကြောင့် အရောင်းအဝယ်များ ရှိလာပြီး ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာစေနိုင်သောကြောင့် ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဧရာဝတီ သို့ ပြောဆိုကြသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဝိတ်က “အခွန်ဥပဒေကြမ်းကို မြန်မြန်ကြေညာပေးဖို့ပါ။ အချိန်စောလေလေ ကောင်းလေလေပါပဲ။ အခုတော့ ဧပြီ ၁ ရက်နေ့လောက် စမယ်လို့ ကျနော်တို့ သိရပါတယ်။ အခွန်များပါတယ်ဆိုတဲ့ လူတွေ အားလုံးက အရောင်းအဝယ်ထဲကိုု ရောက်လာမယ် ထင်ပါတယ်။ စောင့်ကြည့်ပါဦးမယ် ဆိုတဲ့သူတွေလည်း အခွန်လျှော့လာပြီဆိုတော့ ဒီအချိန်က ရင်းနှီးမြှုပ်နှံမှု ကောင်းတဲ့အချိန်ဆိုပြီး ဝင်လာမယ်ပေါ့။ ဒါကြောင့် ကျနော်ထင်ပါတယ်။ တဝက်လောက် ဒါမှမဟုတ်လဲ ၃ ပုံ ၁ ပုံလောက် ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်ပတ်သွားနိုင်ပါတယ်”ဟု ပြောသည်။
အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ် ထိုင်းမှိုင်းသွားခဲ့ခြင်းသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ၂၀၁၇ ခုနှစ်တွင် အဆိုးဆုံးကာလ ဖြစ်ခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ငွေမည်းကိုင်ဆောင်ထားသူများစွာသည် အိမ်ခြံမြေဈေးကွက်သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြရာ အဝယ်များပြီး ဈေးနှုန်းများလည်း ထိုးတက်သွားခဲ့ကြောင်း ထောက်ပြကာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်က အိမ်ခြံမြေ အရောင်းအဝယ် အခွန်ကောက်ခံမှု ၃၀ ရာခိုင်နှုန်း အပါအဝင် ငွေမည်းမှ ငွေဖြူလျှော်ဖွတ်မှု တားဆီးရေး စည်းကမ်းများ တင်းကျပ်လာခြင်းတို့ကြောင့် ၂၀၁၆ ခုနှစ်မှ စတင်လာသော ဈေးကွက်ပြိုကွဲမှုသည် ၂၀၁၇ တွင် အရောင်းအဝယ် အထိုင်းဆုံး ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အကြွေးဝန်ပိကာ ဆောက်လုပ်ဆဲလုပ်ငန်းများ ရပ်ဆိုင်းထားကြရပြီး အလုပ်သမားများ၏ အလုပ်နေရာ အာမခံနိုင်မှုလည်း မရေမရာ ဖြစ်လာခဲ့ရသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ စုဝေးကာ အစိုးရဘက်မှ ကူညီပေးရန် တောင်းဆိုလာခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၇ ရက် ရန်ကုန်ပွဲမတိုင်မီ ဇန်နဝါရီလ ၂၆ ရက်တုန်းကလည်း မန္တလေးတွင် စုဝေးခဲ့ကြသေးသည်။
အဆိုပါ ဆွေးနွေးပွဲ ၂ ခုလုံးတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှ အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်အခွန်များအား ၃၀ ရာခိုင်နူန်းမှ ၅ ရာခိုင်နူန်းသို့ ယာယီ ၂ နှစ်ခန့် လျော့ချပေးနိုင်ရေး၊ စီမံကိန်းများ အာမခံထား၍ စီမံကိန်း အကြီး၊ အသေးအပေါ်မူတည်၍ ၃ နှစ်မှ ၁၀ နှစ်အထိ ဘဏ်ချေးငွေ ရရှိရေး၊ ဘဏ်ချေးငွေ အတိုးနူန်းများအား ၁၃ ရာခိုင်နူန်းမှ ၉ ရာခိုင်နူန်းသို့ လျှော့ချပေးနိုင်ရေး၊ အိမ်ရာဝယ်ယူသူများအတွက် ၁၅ နှစ်မှ ၂၀ နှစ်အထိဘဏ်ချေးငွေများနှင့် ထိထိရောက်ရောက်ရရှိနိုင်ရေး၊ တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့်များ ထုတ်ပေးမည့် ကာလသတ်မှတ်ချက် ကြေငြာပေးနိုင်ရေး (ဥပမာ- တိုက်ခန်း ၈ ထပ်ခွဲနှင့် အောက် ၁ လအတွင်း၊ ၁၂ ထပ်အထိ ဆိုလျှင် ၂ လအတွင်း၊ ၁၂ ထပ်နှင့် အထက် ဆိုလျှင်ကား ၆ လအတွင်း စသည်ဖြင့် ကာလတခု သတ်မှတ်ပေးနိုင်ရေး)နှင့် နိုင်ငံတော်ဘတ်ဂျက်ငွေနှင့် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများကို အရေအတွက် များများ အကောင်အထည်ဖော်ပေးနိုင်ရေး တို့ကို ှ စုပေါင်း တောင်းဆိုခဲ့ကြသည်။
ရန်ကုန် Myanmar Convention Center (MCC) တွင် ပြုလုပ်သော အစည်းအဝေးသို့ တက်ရောက်လာသော ရန်ကုန်တိုင်း ဒေသကြီးချုပ် ဦးဖြိုးမင်းသိန်းက ”ကျနော်တို့ တာဝန်ယူလိုက်တဲ့ အချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းက မိုးပျံပူဖောင်းလို အမြင့်ဆုံးမှာ ပေါက်တော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးကဏ္ဍရဲ့ မူဘောင်တွေကလည်း ပြန်လည် သုံးသပ်ရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ ကျနော်တို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်း အိမ်ခြံမြေရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုက မိုးပျံပူဖောင်းတက်သလိုမဟုတ်ပဲ စနစ်တကျနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်ကို မြင်တွေ့ရလိမ့်မယ်”ဟု ပြောဆိုခဲ့သည်။
ယင်းအပြင် ဝန်ကြီးချုပ်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနှင့် တည်ဆောက်မည့် ကြည့်မြင်တိုင် တဖက်ကမ်းရှိ မြို့သစ် စီမံကိန်း၊ ရန်ကုန်အထူးစီးပွားရေးဇုန် ဖော်ဆောင်မည့် ကိစ္စ စသည့် စီမံကိန်းများ လုပ်ဆောင်သွားမည့် အစီစဉ်များကိုလည်း လုပ်ငန်းရှင်များနှင့် ပြည်သူများကို အသိပေးပြောကြားလိုကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။