ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းသည့် ၂၀၁၈ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းအရ မြန်မာနိုင်ငံတွင် Other Account (OA) ထားရှိ အသုံးပြုခွင့်ရသည့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း (SOEs) ၂၅ ခု ရှိပြီး ၎င်းတို့တွင် ကျပ်သန်းပေါင်း ၁၁,၅၇၇,၆၀၀ ရှိနေသေးကြောင်း သတင်းရရှိသည်။
ယင်းငွေများသည် အမေရိကန် ဒေါ်လာ ၉ ဘီလီယံခန့်နှင့် ညီမျှပြီး ယခင်က သဘာဝ သယံဇာတ တူးဖော်ခြင်းလုပ်ငန်း အပါအဝင် ကျန် လုပ်ငန်းမှ ဝင်ငွေ အားလုံးကို တိုင်းပြည်ဘဏ္ဍာထဲသို့ တိုက်ရိုက်မထည့်သွင်းဘဲ Other Account များ ဖွင့်လှစ်၍ ထားရှိခဲ့ရာမှ ပြည်သူ့ လွှတ်တော်၏ တိုက်တွန်းမှုဖြင့် နိုင်ငံတော် ဘတ်ဂျက်ထဲသို့ ပြန်ရောက်ရှိမည့် အခြေအနေ ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းက ဧရာဝတီသို့ ပြောသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် တင်သွင်းထားသည့် သဘာဝ သယံဇာတတူးဖော်ခြင်းဆိုင်ရာ လုပ်ငန်းများ ပွင့်လင်း မြင်သာမှုရှိရေး၊ ယင်းကဏ္ဍမှ ရ ရှိသည့် ဝင်ငွေအားလုံး နိုင်ငံတော် ဘတ်ဂျက်ထဲသို့ ထည့်သွင်းရေး အတွက် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အတည်ပြုနိုင်ခဲ့သည်။
“အခု နောက်ပိုင်းမှာ Other Account ရှိတဲ့ အဖွဲ့အစည်းတွေဟာ ဒီငွေတွေကို သူ့သဘောနဲ့သူ သုံးစွဲခွင့် မရှိတော့ဘူး။ အစိုးရ အဖွဲ့ကို တင်ပြပြီးမှ သုံးခွင့်ရှိတော့မယ်။ ကက်ဘိနက်ကို တင်ပြရမှာ ဖြစ်လို့ သမ္မတ လုပ်ပိုင်ခွင့် ရှိတဲ့ဘောင်ထဲကနေပဲ သုံးခွင့် ရှိတာ၊ သုံးလို့ ရသလိုပဲ ကျန်တာကျတော့ လွှတ်တော်ကနေ အတည်ပြုပေးမှ သုံးလို့ရတာ ဖြစ်ဖို့လိုတယ်”ဟု သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။
ပြည်ထောင်စု လွှတ်တော်သို့ ရောက်ရှိလာသည့် ရသုံးဥပဒေကြမ်းတွင် Other Account ကိစ္စ ပါဝင်လာခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပြီး အကောင့် ဘယ်နှခု ရှိသည်၊ တခုချင်း၏ လက်ကျန်ငွေ ပမာဏနှင့် စုစုပေါင်းမည်မျှ ရှိသည်ကို ပထမဆုံးအကြိမ် လွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်သူများ သိခွင့်ရခြင်း ဖြစ်ကြောင်း၊ ယင်းငွေအားလုံး တိုင်းပြည်ဘတ်ဂျက်ထဲသို့ ပြန်လည် ရောက်ရှိရေး ဆက်လက် ကြိုးစား ရဦးမည်ဖြစ်ကြောင်း ဗုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန် (ခေါ်) မောင်တင်သစ်က ပြောသည်။
“Other Account တွေထဲက ငွေတွေကို ဘယ်လို စီမံခန့်ခွဲ အသုံးပြုမလဲဆိုတာနဲ့ ပတ်သက်လို့ ဘယ်လို ထိန်းသိမ်း ကြပ်မတ်ထားသလဲ။ လွှတ်တော်ကို ပွင့်လင်းမြင်သာစွာ အစိုးရ အဖွဲ့အနေနဲ့ ရှင်းလင်း တင်ပြဖို့ ဆိုပြီးတော့ အစီရင်ခံစာမှာလည်း အဲဒီအချက် ပါထားတယ်။ လာမယ့် ရက်ပိုင်းမှာလုပ်မယ့် ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးတာနဲ့ အစိုးရအဖွဲ့ ပြန်ရှင်းတာကို နားထောင် ရမယ်”ဟု ၎င်းက ပြောသည်။
Other Account ရှိနေသည့် နိုင်ငံပိုင် အဖွဲ့အစည်းများအနက် ကိုယ်ပိုင် ရန်ပုံငွေဖြင့် လည်ပတ်နေသည့် လုပ်ငန်များမှာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မြန်မာ့ သစ်လုပ်ငန်း၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း၊ အမှတ် ၂ သတ္တုတွင်း လုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းနှင့် မြန်မာ့ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းတို့ ဖြစ်ကြောင်း ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အခြား လုပ်ငန်း ၁၁ ခု ဖြစ်သည့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့ မီးရထား၊ ကုန်လမ်း ပို့ဆောင်ရေး၊ မြန်မာ့ စာတိုက်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၊ အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် ၂ အကြီးစား စက်မှု လုပ်ငန်း၊ အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်းနှင့် မြန်မာ့ ဆေးဝါး လုပ်ငန်းတို့မှာ ပြည်ထောင်စု ရန်ပုံငွေကို ရရှိအသုံးပြုနေသလို Other Account ရှိသည့် လုပ်ငန်းများ ဖြစ်သည်။
Other Account ရှိသော်လည်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းမှာ ကျပ် ၄ ဘီလီယံကျော် အရှုံးပေါ်နေပြီး မြန်မာ့ မီးရထား မှာ ၃၈ ဘီလီယံကျော်၊ ကုန်းလမ်း ပို့ဆောင်ရေးမှာ ၁ ဘီလီယံကျော်၊ မြန်မာ့ စာတိုက်လုပ်ငန်းမှာ ၂ ဘီလီယံကျော်၊ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှာ ၃၀၀ ဘီလီယံကျော်၊ အမှတ် ၁ အကြီးစား လုပ်ငန်းမှာ ၂၁ ဘီလီယံကျော်၊ အမှတ် ၂ မှာ ၇ ဘီလီယံကျော်နှင့် အမှတ် ၃ အကြီးစား လုပ်ငန်းမှာ ၁၄ ဘီလီယံကျော် အသီးသီးတို့ဖြင့် ဘီလီယံပေါင်း ၄၀၀ ကျော် အရှုံးပေါ်လျက်ရှိသည်ဟု လွှတ်တော်မှ သိရသည်။
“Other Account တွေရဲ့ ပိုင်ရှင်တွေဟာ State-owned enterprise – SOE လို့ ခေါ်တဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေ။ အစိုးရရဲ့ ပေါ်လစီအရ ဒီ SOE တွေကို ပြုပြင် ပြောင်းလဲဖို့အတွက် ပြင်ဆင်နေတာမျိုးတွေလည်း ရှိတယ်လို့ သိရတယ်။ PPP (Public-Private Partnership) ပုံစံနဲ့ SOE တွေကို ပြုပြင် ပြောင်းလဲနိုင်ရင်လည်း တိုင်းပြည်အတွက် အကျိုးများလိမ့်မယ်လို့ မြင်တယ်”ဟု လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်က ပြောသည်။
အရှုံးပေါ်နေသည့် နိုင်ငံပိုင် လုပ်ငန်းများကို အရှုံးမခံတော့ဘဲ ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်ရန် ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု ကော်မတီက အစိုးရကို သဘောထားပေးထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
Other Account ရှိနေပြီး ငွေပမာဏ လက်ကျန် ရှိနေသော လုပ်ငန်းများမှာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ကျပ်သန်းပေါင်း ၃၃,၉၂၄. ၇၀၉)၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (ကျပ်သန်းပေါင်း ၁,၇၅၂.၀၄၀)၊ မြန်မာ့ မီးရထား (ကျပ်သန်းပေါင်း ၉၇,၂၆၆.၇၃၁)၊ ကုန်း လမ်း ပို့ဆောင်ရေး (၁၇,၃၉၁.၁၃၄) ၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (၂,၁၇၁,၄၁၂.၅၀၀)၊ မြန်မာ စာတိုက်လုပ်ငန်း (၁၇,၅၄၅.၄၄၆) တို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ သစ်လုပ်ငန်း (၁၇၁၂,၇၇၉.၃၃၀) ၊ အမှတ် (၁) သတ္တုတွင်း လုပ်ငန်း (၆၂,၆၁၂.၅၃၈)၊ အမှတ် (၂) သတ္တုတွင်း လုပ်ငန်း (၁၀၃,၇၇၇.၄၂၁)၊ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (၆၈၇,၅၁၃.၉၅၈)၊ မြန်မာ့ ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ် ရေးလုပ်ငန်း (၃၇,၁၃၃.၉၄၂)တို့ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်က “ဒီငွေတွေကို ဘယ်ကဏ္ဍမှာ အသုံးပြုမလဲဆိုရင်တော့ ကဏ္ဍတိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာပေါ့။ နိုင်ငံတကာ ကြွေးမြီတွေလည်း အမြောက်အမြား ရှိနေတဲ့ ကာလလည်း ဖြစ်တယ်။ Other Account ထဲက ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးတာက အကျိုးအရှိဆုံး ဖြစ်မလဲဆိုတာကို သေသေချာချာ ဆွေးနွေးဆုံးဖြတ်ရမယ် အခြေအနေလို့ ထင်ပါတယ်”ဟု သုံးသပ်သည်။
ယခု Other Account ထဲမှ ပိုက်ဆံများကို အစိုးရ အဖွဲ့မှ သေချာပြန်လည် ကိုင်တွယ်သင့်ပြီး ယခုငွေများကို လိုအပ်ချက်ရှိနေသည့် နေရာများသို့ ရော၍ အသုံးပြုလိုက်ခြင်းမျိုးထက် ပေါ်လစီ မူဝါဒများ ချမှတ်၍ အသုံးပြုသင့်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။
အဆိုတင်သွင်းခဲ့သူ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ကမူ “ကျမ အဆိုအောင်ထားတော့ အစိုးရမှာ လုပ်ဖို့ တာဝန်ရှိတယ်။ ဒါပေမယ့် အစိုးရဘက်က ကြည့်ရင် ဘတ်ဂျက် Year ပြောင်းထားတော့ ကြားဖြတ် ဘတ်ဂျက် ၆ လရှိတယ်။ ဒီငွေတွေ ဘယ်လောက်ရှိတယ်ဆိုတာကို ပွင့်လင်း မြင်သာမှုရှိစွာ ထုတ်ပြောလာပြီ။ ဒါဟာ တိုးတက်မှု တခုပဲ”ဟု ပြောဆိုသည်။