ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေး (SMEs) လုပ်ငန်းရှင်များကို ကျပ်ငွေ ၁၈၀ ဘီလီယံ ထုတ်ချေးပေးနိုင် ရန်အတွက် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
ယင်းချေးငွေမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (JICA) အဖွဲ့၏ နှစ်ဆင့်ချေးငွေ စီမံကိန်း ဒုတိယအဆင့် ဖြစ်သည်။
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဒေါ်အေးအေးဝင်းက “အခုဆောင်ရွက်နေတာက အသင်းအဖွဲ့တွေနဲ့ လိုက်ဆွေးနွေးပြီးတေ့ာ ဆောက်လုပ်ရေးကို ဘယ်လောက်၊ SME လုပ်ငန်းတွေ ဘယ်လောက်ဆို တာကို လုပ်နေတယ်။ ချေးရမယ့် လုပ်ငန်းစဉ်ကတော့ စက်မှုကြီးကြပ်ရေးနှင့် ဦးစီးဌာနကို လာပြီး လျှောက်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဂျပန်နိုင်ငံ JICA မှ ငွေကျပ် ဘီလီယံ ၁၈၀ ချေးယူရာတွင် ချေးငွေ သက်တမ်းအားဖြင့် ဆိုင်းငံ့ကာလ ၁၀ နှစ် အပါအဝင် နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းမှာ ၁ နှစ်လျှင် ဝ.၀၁ ရာခိုင်နှုန်းနှင့် ၁ နှစ် ၂ ကြိမ် ဂျပန်နိုင်ငံသို့ အတိုးပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။
JICA အဖွဲ့မှ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် စီမံကိန်း ပထမအဆင့်အဖြစ်၂၀၁၅ ခုနှစ် က မြန်မာကျပ်ငွေ ဘီလီယံ ၆၀ ကျော်ချေးယူခဲ့ပြီး ယခု အစိုးရ လက်ထက်တွင် ချေးယူမှုက ဒုတိယအကြိမ် ချေးယူခြင်းဖြစ်သည်။ ယခုအစိုးရ လက်ထက်တွင် ဘီလီယံ ၁၈၀ ချေးယူခဲ့သဖြင့် ယခင်အစိုးရထက် သုံးဆနီးပါး ချေးယူခြင်းဖြစ်သည်။
ယင်း ငွေကျပ် ဘီလီယံ ၁၈၀ ကို ပြည်တွင်း၌ SME လုပ်ငန်းရှင်များအား ပြန်လည်ချေးရာ၌ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ဖြင့် အပေါင်ပစ္စည်း ပါပါက ကျပ်သိန်း ၂၀၀ မှ သန်း ၅၀၀ အထိ ထုတ်ချေးရန် စီစဉ်ထားပြီး သက်တမ်းအားဖြင့် ၃ နှစ် မှ ၅ နှစ် အထိ ထုတ်ချေးရန် လျာထားကြောင်း သိရသည်။
ယင်းချေးငွေများကို ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMIDB)၊ မြန်မာ့ရှေ့ ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇ ၊ သမဝါယမ (CB) ၊ ဧရာဝတီဘဏ်စသည့် ပြည်တွင်း ဘဏ် ၆ ခုမှ Two Step Loan (နှစ်ဆင့်ခံ ချေးငွေ) စနစ်ဖြင့် ချေးပေးနေခြင်း ဖြစ်သည်။
ဒေါ်အေးအေးဝင်းက “တိုင်းဒေသအသီးသီးမှာ ချေးငွေ စိစစ်ရေးကော်မတီ ဆိုတာ ရှိတယ်။ စက်မှုကြီးကြပ်ကလည်း အဖွဲ့ဝင်အနေနဲ့ ပါမယ်။ အဲဒါတွေကို စိစစ်ပြီးရင် မြန်မာ့ စီးပွားရေးဘဏ်ကိုပို့မယ်။ ဟိုက စိစစ်အကဲဖြတ်ရေး အဖွဲ့ကနေ ကြည့်ပြီးတေ့ာ ချေးသွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ၌ SME ဥပဒေ အရ ရန်ပုံငွေ စီမံခန့်ခွဲမှု အဖွဲ့ ဖွဲ့စည်းလိုက်ပြီး ယင်းအဖွ့ဲ၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ဥက္ကဌ အဖြစ် တာဝန်ယူထားသည်။
ချေးငွေနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၏ အဆုံးအဖြတ်ကို ရယူပြီး အစိုးရ အဖွဲ့မှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
SME လုပ်ငန်းများအတွက် လုပ်ငန်းတိုးမြင့်ဆောင်ရွက်နိုင်ရန် ချေးငွေရရှိရေးမှာ အမှန်တကယ် လိုအပ်နေသဖြင့် ယခုကဲ့ သို့ ချေးငွေထုတ်ချေးရာတွင် ၁ ဦးလျှင် သန်း ၅၀၀ ထုတ်ချေးခြင်းထက် လုပ်ငန်းရှင် အများစု ချေးငွေရရှိရေးကို ဦးစား ပေး ဆောင်ရွက်သင့်ကြောင်း အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။
JICA Two-Step Loan အစီအစဉ်ကို ၂၀၁၆ ခုနှစ် မတ်လ၌ စတင်ဆောင်ရွက်ခဲ့ကာ တိုင်းနှင့် ပြည်နယ် ၁၂ ခုမှ လုပ်သား အခြေ ပြုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ လက်လီရောင်းဝယ်မှု လုပ်ငန်း၊ လက်ကားရောင်း ဝယ်မှုလုပ်ငန်းတွေကို အဓိက ထား ငွေထုတ်ချေးပေးလျှက်ရှိပြီး အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် SME လုပ်ငန်းရှင် ပေါင်း၂၉၀ ကျော်ကို ချေးငွေထုတ် ပေးနိုင်ခဲ့သည်။
ယင်းချေးငွေနှင့် အကျုံးမဝင်သော ကဏ္ဍမှာမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရရယူရန် အရည်အသွေး ပြည့်မှီမှု ရှိသော လယ်သမားများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း၊ အဖိုးတန်သတ္တုရောင်းဝယ်ရေး လုပ်ငန်းများ၊ အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံ၊ ဖြေဖျော်မှု တင်ဆက်မှု (နိုင်ငံခြား ခရီးသွားလုပ်ငန်းမပါ) လုပ်ငန်း၊ လက်နက် ခဲယမ်း ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်း စသည့်လုပ်ငန်းများ ဖြစ်သည်။
ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၎င်းချေးငွေသည် အမှန် တကယ် လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်တွေ အတွက် မဟုတ်ပဲ တရားမဝင် ငွေပိုင်ဆိုင်မှုအတွက် နှင့် အခွန်ရှောင်ချင်လို့ ချေးယူသွားတာမျိုး မဖြစ်စေရေး သတိထား ဆောင်ရွက်ဖို့လိုကြောင်း လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက အကြုံပြု ဆွေးနွေး ခဲ့သည်။
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန SME ဖွံ့ဖြိုးရေး ဌာနသို့ လက်ရှိအချိန်ထိ မှတ်တင်ထားသော လုပ်ငန်း စုစုပေါင်းမှာ ၆၀၃၀၀ ကျော်ရှိပြီး SME စက်မူလုပ်ငန်းများမှာ လစဉ် လုပ်ငန်း ၃၀၀ ခန့် မှတ်ပုံတင်မှု တိုးလာနေကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန SME ဖွံ့ဖြိုးရေးဌာန မှ သိရသည်။
မြန်မာ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးအေးဝင်းက “အရင် အစိုးရတွေတုန်းကလည်း SME လုပ်ငန်းတွေကို အတိုင်းအတာ တခုအထိ လုပ်ခဲ့ကြတယ်။ လက်ရှိ အနေအထား မှာတော့ သိသိသာသာ ပြောင်းလဲလာတာပါပဲ။ ပမာဏ တခု ထုတ်ပေးလိုက်တာနဲ့တော့ SME တွေ အကုန်လုံး လွှမ်းခြုံ သွားမယ့် ပမာဏတေ့ာ ချက်ချင်း မဖြစ်နိုင်သေးဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဒါအစပဲလေ။ အစကောင်းလို့ပဲ ယူဆလို့ရတယ်လေ။ လာမယ့် နှစ်တွေမှာလည်း ဒီထက် ပိုပြီးတေ့ာ ကျယ်ကျယ် ပြန့်ပြန့် လုပ်သွားနိုင်တယ်ဆိုရင်တေ့ာ ပိုပြီးကောင်းပါတယ်” ဟု သုံးသပ်ပြောဆိုသည်။