ရန်ကုန်မြို့ပတ်ရထား အနောက်ခြမ်းဖြစ်သည့် အင်းစိန်-တညင်းကုန်း လမ်းပိုင်းပိတ်၍ ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား (အောက်မြန် မာပြည်) မြန်မာ့မီးရထားပို့ဆောင်ရေးနှင့် သွားလာရေး အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုး ကပြောသည်။
ယင်းကို ဖေဖော်ဝါရီလ ၂၀ ရက် မြန်မာ့မီးရထား အောက်မြန်မာပြည်ရုံးတွင် ပြုလုပ်သော ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအားတင်ပြခြင်း သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။
ဦးကျော်ကျော်မျိုးက “ကျနော်တို့ ၂၁ ရက်က စပြီးတော့ အင်းစိန်နဲ့ တညင်းကုန်းကြားထဲမှာ လက်ရှိ ၂ လမ်းသွား နေရာက တလမ်းကို ပိတ်ပြီးတော့ ပြုပြင်ပေးဖို့ ဖြစ်ပါတယ်။ နဂိုကတော့ အင်းစိန်ကနေ တညင်းကုန်း ရထားတွေ အစုန်(လက်ဝဲရစ်) /အဆန်(လက်ယာရစ်) သူ့လမ်းနဲ့ သူသွားကြတယ်။ ရထား၂ စီးကကြားမှာ ဘာမှ ပြဿနာ မရှိဘူး။ အခု ၂၁ ရက်က စပြီး တလမ်းကို ပိတ်လိုက်တယ်” ဟု ပြောသည်။
ယင်းသို့ တလမ်းပိတ်လိုက်သဖြင့် အင်းစိန်မှ တညင်းကုန်သို့ လာသည့်ရထားနှင့် တညင်းကုန်းမှ အင်းစိန်ဘက်သို့ သွား သည့်ရထား အစုန်/အဆန် ၂ စင်းစလုံး တလမ်းတည်း အသုံးပြုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လမ်းပိတ်ထားခြင်းကို ဖေဖော်ဝါရီလမှ စမည်ဖြစ်ပြီး မေလအထိပိတ်ထားမည် ဖြစ်သည်။
မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက “လမ်းပိုင်းအနေနဲ့ အင်းစိန်နဲ့ တညင်းကုန်းကို သွားတဲ့ အပိုင်းကို မနက် ၃ နာရီကနေ ည ၁၀ နာရီအထိ တောက်လျှောက် အချက်ပြမီးကို ပိတ်ပြီးတော့ ကျနော်တို့ လမ်းပြုပြင်မယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ရုံးသွား၊ ရုံးပြန် သွားလာနေသော ခရီးသည်များ လုံးဝထိခိုက်မှုမရှိအောင် ကျနော်တို့ ဆောင်ရွက်ကြ ရပါတယ်။ အလားတူပဲ ကျနော်တို့ ရထားတွေကိုလဲ ဖျက်သိမ်းရထားအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်။ အဲဒီ တော့ အတတ်နိုင်ဆုံး မတော်တဆမှု မဖြစ်အောင်၊ ရထားအချိန်မှန်ကန်မှု ရှိအောင် ထိန်းချုပ်နိုင်ရန်အတွက် ကြိုးစား ဆောင်ရွက်နေတယ်”ဟု ပြောသည်။
ယင်းမီးရထားလမ်းပိုင်းသည် အစုန်/အဆန် ရထား ၆၆ စီးဖြင့် နေ့စဉ် ခရီးသည် ဦးရေ ၉ သောင်းခန့်ကို ပြေးဆွဲပေးနေ သည့် လမ်းဖြစ်သည်။
ထိုသို့ တလမ်းသွား ဖြစ်သွားသောကြောင့် ရထားသွားလာရေးပိုင်း၌ အလွန်အန္တရာယ်သဖြင့် မြို့ပတ်ရထား အဝင်/အထွက် အချိန်များမှာလည်း အပြောင်းအလဲရှိနိုင်ကြောင်း မီးရထား တာဝန်ရှိသူများက ပြောသည်။
လမ်းပြုပြင်နေစဉ်အတွင်း ရထားပြေးဆွဲပုံမှာ အင်းစိန်ဘက်မှ တညင်းကုန်းဘူတာသို့သွားမည့် ရထားများကို လက်ခံပြီးမှ တညင်းကုန်းမှ အင်းစိန်သို့သွားသည့် ရထားများကို ပြန်လည် လက်ခံပေးရန် ကြားတွင် ဘူတာရုံ တခု ဖွင့်လှစ် လုပ်ဆောင်သွားမည် ဖြစ်ပြီး ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးထွန်းအောင်သင်းက ပြောသည်။
၎င်း စီမံကိန်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (JICA) တို့မှ ပူးပေါင်းရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းအရ လုပ်ဆောင်ခြင်းဖြစ်ပြီး ကုန်ကျ စရိတ်မှာ JICA ချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျက် အပါအဝင် အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၂၉ သန်းသုံးစွဲသွားမည်ဟု မြန်မာ့မီးရထားမှ သိရသည်။
အင်းစိန်- တညင်းကုန်း လမ်းပိုင်းသည် ၃ ဒသမ ၇၅ မိုင် ရှည်လျားပြီး ပထမ အဆင့်အနေနှင့် အဆင့်မြင့်တင်ခြင်းပြီးစီးလျှင် ဒုတိယ အဆင့် အနေနှင့် အင်းစိန်- ကြည့်မြင်တိုင် အထိ လမ်းအရှည် ၅ ဒသမ ၅ မိုင်နှင့် တတိယ အဆင့်မှာ ကြည့်မြင် တိုင်- ဘုရားလမ်းဘူတာ အထိ လမ်းအရှည် ၂ ဒသမ ၇၅ မိုင် တို့ကို တဆင့်ပြီး တဆင့် ပြုပြင်သွားမည် ဖြစ်သည်။
အဆိုပါ ရန်ကုန်အနောက်ခြမ်းလမ်းပိုင်း ပြုပြင်ပြီးစီးပါက ယခင် ရန်ကုန်ဘူတာကြီးမှ တညင်းကုန်းသို့ ၂ နာရီ ၅၀ မိနစ်ခန့် မောင်းနှင်ရခြင်းမှ တနာရီ ၅၀ မိနစ်သာ ကြာမြင့်တော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် ရန်ကုန်အနောက်ဘက်ခြမ်း ပြုပြင်ရေးအပိုင်းအား လုပ်ကိုင်ရန် A1 ကုမ္ပဏီလုပ်ငန်းစုမှ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ရန်ကုန်အရှေ့ခြမ်းပြုပြင်ရေးကို လုပ်ကိုင်ရန်အတွက် ရွှေတောင် ကုမ္ပဏီအုပ်စုက လုပ်ကိုင်ခွင့်ရခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်အရှေ့ခြမ်းပြုပြင်ရေး လုပ်ငန်းများ စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။