စီးပွားရေး

ရွှေပိဿာချိန် ၉၆၀ ကျော် ကြွေးကျန်ရှိ၍ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ရွှေတူးခွင့်ပိတ်

Want create site? Find Free WordPress Themes and plugins.

ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသအတွင်း ရွှေတူးဖော်နေသည့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီအနေဖြင့် နိုင်ငံ တော်သို့ ရွှေပိဿာချိန် ၉၆၀ ကျော်ပေးသွင်းရန် ကျန်ရှိနေရှိနေသည့် အတွက် ရွှေတူးဖော်ခြင်း လုပ်ငန်းများ ပိတ်သိမ်းခံရကြောင်း သတင်း ရရှိသည်။

အမျိုးသားကြီးပွား တိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှု ကုမ္ပဏီ၏ ဥက္ကဌ ဦးစိုးထွန်းရှိန်က “အရင်တုန်းက ဆိုင်းငံ့တာ အခု က လုပ်ငန်းကို ပယ်ဖြတ်တာ။ အရင်တုန်းက ကျနော်တို့က ခွင့်ပြုချက်ရှိတဲ့ လုပ်ငန်းကို ယာယီ ဆိုင်းငံ့လိုက်တဲ့ အချိန်မှာ ကျနော်တို့ သတင်းပို့ပြီး လုပ်တာပါ။ အခုဟာက လုပ်ငန်းကို ပယ်ဖျက်ဖို့ ပို့တာဆိုတေ့ာ လုပ်ငန်းတွေ ရပ်ဆိုင်းထားလိုက်ရ ပါတယ်” ဟုပြောသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ လုပ်ကွက် (A) ၌ အမျိုးသားကြီးပွား တိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်ခွင့်ကို ရပ်ဆိုင်းကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဖေဖော်ဝါ ရီ ၁၇ ရက် က ကုမ္ပဏီသို့ အကြောင်းကြားစာပေးပို့ခဲ့ ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီသည် ယခင် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက် မှ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက် အထိ ၅ နှစ်သက်တမ်း အတွက် တင်ဒါ အောင်မြင်ခဲ့ခြင်း ဖြစ်ကာ ပုတ်ပြတ်ရွှေစင် ၅.၅၇၇ မက်ထရစ်တန် ပေးသွင်း ရန် သဘောတူ စာချူပ်ချူပ် ဆိုပြီး လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ကုမ္ပဏီသည် သတ္တုထူထောင်ချိန် လုံလောက်မှု မရှိခြင်း၊ အဆင့်မြင့်နည်းပညာနှင့် ရင်းနှီးမြှပ်နှံရန် ငွေကြေး လို အပ်ခြင်း စသည့် အခက်ခဲများကြောင့် မူလစာချူပ်အား ပြင်ဆင်ချူပ်ဆိုခွင့် ပြုပါရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက် တွင် ပထမအကြိမ် ပြင်ဆင်ချက် သဘောတူ စာချူပ်ကို ချူပ်ဆိုခဲ့သည်ဟု ဆိုသည်။

ပထမ အကြိမ် ပြင်ဆင်ချက် စာချူပ်အရ မူလ စာချူပ်ပါ ပုတ်ပြတ်ပေးသွင်းရမည့် ရွှေစင်ပမာဏ ပြောင်းလဲမှု မရှိဘဲ သက်တမ်း ၅ နှစ် အစား သက်တမ်း ၈ နှစ်၊ ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် ၁၇ နှစ် စုစုပေါင်း ၂၅ နှစ် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ က ပြောသည်။

ဦးစိုးထွန်းရှိန်က“၂၅ နှစ် လုပ်ပိုင်ခွင့်ရလို့ ဘီလီယံ ၇၀ ရင်းနှီးမြှုပ်နှံထားတာ။ ၆ နှစ်ကျော် ကာလမှာပဲ ရုပ်သိမ်း ပယ် ဖျက် လိုက်တယ် ဆိုပြီး အကြောင်းကြားစာ ပို့လာတယ်။ အဓိက ပယ်ဖျက်ခံရတာက စည်းကမ်းလိုက်နာမှု မရှိလို့ ပယ်ဖျက် တယ်လို့ အကြောင်းကြားစာထဲမှာ ပါတယ်” ဟု ပြောသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ယင်းကုမ္ပဏီဘက်မှ လက်ရှိစာချူပ်ပါ သတ်မှတ်ရွှေစင်များအား ပေးသွင်းရန် ကျန်ရှိသဖြင့် လုပ်ကွက်ကို မြန်မာ့ သတ္တုတွင်း ဥပဒေ ပုဒ်မ ၂၈ ၊ ပုဒ်မခွဲ (က) အရ ထုတ်လုပ်မှု ယာယီ ဆိုင်းငံ့ထားရန် ညွှန်ကြား ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမှတ် (၂ )သတ္တုတွင်းလုပ်ငန်းက ဦးဆောင်ညွန်ကြားရေးမှုး ဦးသံဒိုင်က “ကျနော်တို့ ဝန်ကြီးဌာန အနေနဲ့ အတန် တန် သတိပေးပါတယ်။ ပြောရရင် စာတွေလည်းထွက်တယ်။ ဒီမှာလည်းခေါ်ပြီး အစည်းအဝေးလုပ်ပြီး ခင်ဗျားတို့ ဒါတွေကို ဆက်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးမှ ခင်ဗျားတို့မှာ အန္တရာယ်ရှိပြီ။ ဥပဒေနဲ့အညီ သွားရမယ် ရပ်ပါလို့” ဟု ပြော သည်။

ဆက်လက်၍ ဦးသံဒိုင်က “ဆိုင်းငံ့လုပ်ထားရမယ့် အပိုင်းမှာ တကယ်ဆိုင်းငံ့ပါဆိုတဲ့ဟာကို မဆိုင်းငံ့တဲ့အတွက် ကြောင့် ဝန်ကြီးရုံး ကနေ တဆင့်တင်ပြပြီး ဥပဒေနဲ့အညီ ရှေ့နေချုပ်ရုံးနဲ့ ဆွေးနွေးပြီးတော့မှ ဒီဖေဖော်ဝါရီ ၁၇ ရက်က စပြီး ရပ်လိုက်တာ။ ဒါကတော့ ပါမစ်ပါ ရပ်ပစ်လိုက်ပြီ”ဟု ပြောပြသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ ပေးသွင်းရန် ကျန်ရှိသည့် ရွှေပိဿာချိန်မှာ ၃၅.၃၅၅၈၄ နှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာ ၇ ရက်အထိ (မဆိုင်းငံ့ကာလ)ထိ ၁ လလျှင် ရွှေစင် ၉၂ ပိဿာနှုန်းဖြင့် ၁၀ လနှင့် ၇ ရက် အတွက် ရွှေစင် ၉၂၆.၄၅ ပိဿာဖြစ်၍ စုစုပေါင်းပေးသွင်းရန် ကျန်သည့် ရွှေစင်မှာ ၉၆၁.၈၀၅၈၄ ပိဿာ ကျန်ရှိကြောင်း အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်က “ပေးရမယ့် ဟာ ကို မပေးတေ့ာ နိုင်ငံတော်အနေနဲ့ နစ်နာတာပေါ့။ သူနစ်နာတာနဲ့ သူခိုင်းထားတဲ့ အလုပ်သမားတွေ နစ်နာတာက တပိုင်း ပေါ့၊ နိုင်ငံတော် နစ်နာတာက ရွှေပိဿာချိန် ကိုးရာ ဆိုတာ နည်းတဲ့ပမာဏမှ မဟုတ်တာ”ဟု ပြောကြား သည်။

ယခုကဲ့သို့ ရွှေတူးဖော်မှု လုပ်ငန်းများ ရပ်ဆိုင်းခံရသည့် အတွက် နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာ အဆင့် ဆင့် သို့ အသနားခံစာ တင်ထားကြောင်း၊ အချိန်ကာလတခုထိ စောင့်ကြည့်ပြီး မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် သွားမည်ကို ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင်များ၊ အလုပ်သမား ခေါင်းဆောင်တွေ ဦးစီးပြီး မည်ကဲ့သို့ ဆက်လက် ဆောင် ရွက်သွားမည် ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ အမျိုးသားကြီးပွား တိုးတက်ရေး ရွှေတူးဖော် ထုတ် လုပ် မှု အုပ်စု လီမီတက် ရုံး ၌ ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးစိုးထွန်းရှိန်က မီဒီယာ များကို ပြောကြားသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading