လယ်သူမကြီး ဒေါ် စန်းစန်းလှ၏ စမတ်ဖုန်းမှ အခမဲ့ အပလီကေးရှင်းသည်လွန်ခဲ့သော ၂ နှစ်က မြန်မာနိုင်ငံ တောင်ပိုင်းရှိ သူမ၏ စပါးခင်းကို ဖျက်ဆီးခဲ့သည့် ကြောက်စရာကောင်းလှသော ရိုးတံဖောက်ပိုးများကို စစ်ဆင်ရန် လက်နက်သစ် ဖြစ်လာသည်။
သူမ၏ လယ်ယာ လုပ်သားများ ယခုနှစ် အတွက် သီးနှံရိတ်သိမ်း နေကြသည်ကို ကြည့်ရင်း အသက် ၃၅ နှစ် ရှိပြီဖြစ်သော ဒေါ်စန်းစန်းလှသည် လွန်စွာ ကျေနပ်အားရနေပြီး ရာသီအလိုက် ပေါ်ပေါက်တတ်သော ထိုသီးနှံဖျက်ပိုးကို အနိုင်ရခဲ့ ခြင်းမှာ ထိရောက်သော ပိုးသတ်ဆေးသုံးစွဲမှုနှင့် ပတ်သက်သည့် အကြံဉာဏ်များကို အထက်ပါ မိုဘိုင်းအပလီကေးရှင်းမှ ရရှိသောကြောင့် ဖြစ်သည်ဟု ပြောသည်။
“ကျမတို့က ကျမတို့ မိဘတွေ ပြောတဲ့ နည်းအတိုင်းပဲ လယ်စိုက်ခဲ့ကြတာ။ ဒါပေမယ့် ဒီအပလီကေးရှင်း ကိုလည်း ရပြီးရော ကျမတို့ ဘာတွေ လုပ်သင့်တယ် ဆိုတာကို သဘောပေါက်သွားတယ်။ မျက်ကန်းလို လျှောက်လုပ်နေတာထက် စနစ်ကျတဲ့ နည်းစနစ်တွေ သုံးရတာက ပိုကောင်းတာပေါ့” ဟု ရန်ကုန်မြို့၏ အနောက်ဖက် အေးရွာမှ ဒေါ်စန်းစန်းလှ က ပြောသည်။
မြန်မာနိုင်ငံတွင် လုပ်သားအင်အားစု၏ ၃ ပုံ ၂ ပုံသည် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေခြင်း ဖြစ်ပြီး အသိပညာ ချို့တဲ့မှုကို ဖြေရှင်းရန် နည်းပညာကို အသုံးပြုမှု ကြီးထွားလာနေသည့် လယ်သမားအုပ်စုတွင် ဒေါ်စန်းစန်းလှလည်း အပါအဝင် ဖြစ်သည်။
စိုက်ပျိုးရေး ကဏ္ဍသည် တိုင်းပြည်၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၂၈ ရာခိုင်နှုန်းကိုု ထုတ်လုပ် သော်လည်း အထီးကျန် စစ်အုပ်ချုပ်ရေး ဆယ်စုနှစ် များစွာအတွင်း လယ်သမားများသည် ခေတ်မီ နည်းပညာနှင့် အဆက်ပြတ် နေသောကြောင့် သီးနှံ အထွက်နှုန်းများစွာ နိမ့်ကျခဲ့သည်။ ဒေါ်စန်းစန်းလှ ကဲသို့သော လယ်သမားများ အတွက်မူ အထက်ပါ အပလီကေးရှင်းသည် အဖြေတခုပင် ဖြစ်သည်။
ရာသီဥတု၊ မိုးလေဝသ အပြောင်းအလဲနှင့် သီးနှံဈေးနှုန်းမှသည် ပိုးသတ်ဆေးနှင့် မြေသြဇာ အသုံးပြုမှု အကြံဉာဏ်အထိ နောက်ဆုံး အချက်အလက်များကို ထို အပလီကေးရှင်းမှ ရရှိနိုင်သည်။
အပလီကေးရှင်းတွင် လယ်သမားကို ချိတ်ဆက် ဆွေးနွေးစေခြင်းသည် ၎င်းတို့ အချင်းချင်း အကြံဉာဏ်များကို ဖလှယ်နိုင်စေပြီး ကျွမ်းကျင်သူများ ကလည်း မေးမြန်းစုံစမ်းမှုများကို ဖြေကြားပေးရန် အသင့်ရှိနေကြသည်။
ထို Green Way ခေါ် အပလီကေးရှင်းသည် စိုက်ပျိုးရေး ကျောင်းသားဟောင်း ၂ ဦး၏ အကြံမှ ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် ၂၀၁၁ ခုနှစ်တွင် လယ်သမားများ အတွက် အင်တာနက် စာမျက်နှာ တခုကိုတည်ထောင်ကာ နောက်ဆုံး အခြေအနေများကို တင်ပြနိုင်ရန် မကြာခဏပင် ညလုံးပေါက် အလုပ်လုပ်ကြရသည်။
သို့သော် ထိုစဉ်က လယ်သမား အနည်းငယ်သာ အင်တာနက် အသုံးပြုနိုင်ကြသည် ဟု အသက် ၂၈ နှစ် အရွယ် မယဉ်ယဉ်ဖြူက ပြောပြီး ထိုစဉ်က အလုပ် မအောင်မြင်ရသည်ကို ရှင်းပြသည်။
ထိုနောက် စမတ်ဖုန်းများ ပေါ်လာပြီး အရာရာ ပြောင်းလဲ သွားခဲ့သည်။
မြန်မာ နိုင်ငံသည် တံခါးများကို ဖွင့်ပေးလိုက်ပြီး ဆက်သွယ်ရေး လုပ်ငန်းများသည် ဈေးကွက်ဝေစု ရရှိရေး အတွက် အလုအယက် ဝင်ရောက်လာကြပြီး မြန်မာနိုင်ငံကို စားပွဲတင် ကွန်ပျူတာများ ခေတ်ဟောင်း ဖုန်းများမှ ရှေ့သို့ တွန်းပို့ လိုက်သည်။
တချိန်က အဆက်အသွယ် ကောင်းသူများနှင့် ထောက်လှမ်းရေးများ အတွက်သာ တင်းကျပ်စွာ ထိန်းချုပ်ထားသော ဆင်းမ်ကဒ် တန်ဖိုးမှာ ၂၀၀၅ ခုနှစ်က လုံး၀ ဖြစ်နိုင်ခြေ မရှိသော အမေရိကန်ဒေါ်လာ ၃၀၀၀ မှ ၂၀၁၃ ခုနှစ်တွင် တဒေါ်လာခွဲ အထိ ကျဆင်းလာသည်။
ဈေးကွက် ယှဉ်ပြိုင်သူများသည် မိမိတို့၏ ကုန်အမှတ်တံဆိပ် အမာခံသုံးစွဲသူ ရရှိရေး အတွက် စမတ်ဖုန်း ဟန်းဆက်များကို အခမဲ့ ပေးကြသည်။
မိုဘိုင်းဖုန်း ကိုင်ဆောင်မှုမှာ ၂၀၁၂ ခုနှစ်တွင် ၇ ရာခိုင်နှုန်းသာ ရှိရာမှ လွန်ခဲ့သော နှစ်ကုန်တွင် ၈၀ ရာခိုင်နှုန်းသို့ ခုန်တက်လာသည်။
မွေးကင်းစ နည်းပညာရပ်ဝန်းတခု ပေါ်ပေါက်လာပြီး စိုက်ပျိုးရေး အတွက် အပြင် အပလီကေးရှင်းများကို ကျန်းမာရေး စောင့်ရှောက်မှုမှ မြန်မာ့လွှတ်တော် အထိ အဘက်ဘက်တွင် ပေါ်ပေါက်လာကြသည်။
တိုင်းပြည်တွင် အဆင်းရဲဆုံးတွင် ပါဝင်သော လယ်သမားများသည် ယနေ့တွင် ၎င်းတို့၏ လက်တွင် မိုဘိုင်းကွန်ပျူတာများ ကိုင်ဆောင် နေကြပြီ ဖြစ်သည်။ ထိုအခြေအနေသည် Green Way ၏ နောက်ကွယ်ရှိ လုပ်ငန်းရှင်များ အတွက် အဆုံးအဖြတ် ကျသော အပြောင်းအလဲ ဖြစ်ပြီး ၎င်းတို့၏ အပလီကေးရှင်းကို ၂၀၁၆ ခုနှစ်က စတင်ခဲ့ပြီး ယခုအခါ အချိန်ပြည့် ဝန်ထမ်း ၁၈ ဦးခန့်ထားနေရပြီ ဖြစ်သည်။
“Green Way ဟာ လယ်သမားတွေနဲ့ ကျွမ်းကျင်သူတွေကို ဆက်သွယ်ပေးဖို့ ကျမရဲ့ စိတ်ကူးပေါ့။ လယ်သမားတွေ အကူအညီ လိုရင် ရနိုင်တာပေါ့” ဟုလည်း မယဉ်ယဉ်ဖြူ က ပြောသည်။
ထို အပလီကေးရှင်းကို လယ်သမားပေါင်း ၇၀၀၀၀ က ဒေါင်းလုတ် ဆွဲယူပြီး ဖြစ်သည်ကို တွေ့ရသော်လည်း လက်တွေ့တွင် ဖုန်း အချင်းချင်း ထပ်မံ ချိတ်ဆက်သုံးစွဲသောကြောင့် လက်တွေ့အသုံးပြုနေသူအရေအတွက်မှာ ထိုထက် ပိုမို များပြားသည်ဟု ကြားရကြောင်း သူရှင်းပြသည်။
“မြန်မာ့ လယ်ယာတွေမှာ အထွက်နှုန်း တိုးလာတာဟာ စီးပွားရေးကိုရော လူ့အဖွဲ့အစည်းကိုပါ ပြန်လည်ပုံသွင်းလာ နိုင်တယ်”ဟု အသက် ၇၁ နှစ်အရွယ် စိုက်ပျိုးရေး ပါရဂူ ဦးမျိုးမြင့်က ပြောသည်။
“မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးကနေ ဝင်ငွေ မလုံလောက်လို့ အလုပ်သမားတွေ အများကြီး နိုင်ငံခြားကို သွားရောက် လုပ်ကိုင် နေရတယ်။ လယ်သမားတွေမှာ နည်းပညာနဲ့ အရင်းအနှီး လိုအပ်နေတယ်” ဟုလည်း သူက ပြောသည်။
အချို့သော နေရာများမှ လယ်သမားများသည် တနေ့လျှင် အမေရိကန် ဒေါ်လာ ၂ ဒေါ်လာမျှသာ ရရှိနေကြောင်း လွန်ခဲ့သော နှစ်က ကမ္ဘာ့ဘဏ်၏ လေ့လာမှု အရ သိရသည်။
ထွက်နှုန်းမှာလည်း နှိုင်းယှဉ်ချက် အားဖြင့် နိမ့်နေပြီး မြန်မာနိုင်ငံတွင် တနေ့တာ လုပ်အားသည် ဆန် ၂၃ ကီလိုဂရမ်သာ ထွက်ပြီး ကမ္ဘောဒီးယားတွင် ၆၂ ကီလိုဂရမ်၊ ဗီယက်နမ်တွင် ၄၂၉ ကီလိုဂရမ် နှင့် ထိုင်းနိုင်ငံတွင် ၅၄၇ ကီလိုဂရမ် ရှိသည်။
သို့သော် နည်းပညာသစ်သည် အောက်ခြေတွင် ရှိနေသော လယ်သမား၏ ရုန်းကန်မှု အတွက် လုံး၀ အံဝင်ခွင်ကျ မဖြစ်သေးကြောင်း Golden Paddy အပလီကေးရှင်းကို တည်ထောင်သူက ပြောသည်။
၎င်းတို့တွင် မျိုး သို့မဟုတ် မြေသြဇာများ ပြောင်းလဲ အသုံးပြုရေးနှင့် ပတ်သက်သော အကြံဉာဏ်များကို အကောင်အထည်ဖော်ရန် ရင်းမြစ်များ ကင်းမဲ့နေသည် ဟု သူက ပြောသည်။
ထိုသို့သော အပလီကေးရှင်းများသည် လယ်သမား အငယ်စားများ ပိုမိုချောင်လည်ရေး အတွက် ရည်ရွယ်သည် ဟု ဒတ်ချ်နိုင်ငံသား အာဝင်ဆစ်မာ (Erwin Sikma) က ပြောသည်။
အိန္ဒိယနှင့် အာဖရိက တို့ကဲ့သိုသော အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများသည် ယခင်ပုံစံ မိုဘိုင်းဖုန်းဟောင်းများ ကိုသာ အသုံးပြု နေရသောကြောင့် စာတိုပေးပို့သော စနစ်ဖြင့်သာ ဆောင်ရွက်နေကြရသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးတွင် လမ်းသစ်ဖောက်သူဖြစ်မည့် ခေတ်သို့ ခုန်ပျံကျော်လွှား ရောက်လာမည့် အလားအလာ ရှိနေသည်။ သို့သော် ထိုအချက်သည် မြန်မာနိုင်ငံအတွက် မည်သူမျှ မလုပ်ကိုင်ရသေးသည်ကို စတင်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်လည်း ပြသနေသည်။
“ကျနော်တို့မှာ ပထမဆုံး စတင်လုပ်ကိုင်သူတွေ အဖြစ်ရတဲ့ အကျိုးကျေးဇူးတွေ အများကြီးရနေပါတယ်။ အခုဟာက လုံး၀ သစ်လွင်တဲ့ ဈေးကွက်မှာ စီးပွားရေးမှာ လုံး၀ သစ်လွင်တဲ့ ပုံစံနဲ့ စတင်နေရတဲ့ လုပ်ငန်းသစ်တခု ဖြစ်တဲ့ အတွက် ရနိုင်သမျှ အကူအညီတွေ လိုတယ်” ဟု အာဝင်ဆစ်မာပြောသည်။ ။
(www.taipeitimes.com တွင် ဖော်ပြထားသည့် AFP သတင်းဌာနက ရေးသားထားသော Farmers in Myanmar reap success with apps ကို ဘာသာပြန်သည်။)