မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူရေးအတွက် အစိုးရဌာနများ၏ ကြိုးနီစနစ် လျှော့ချရန် လိုအပ်ကြောင်း သိရ သည်။
ကြိုးနီနစ် ဟူသည့် စကားသည် ၁၈ ရာစု အစောပိုင်းက ပေါ်ပေါက်လာခြင်း ဖြစ်ပြီး မလိုလားအပ်သော အဆင့်များစွာနှင့် အရာမရောက်သော စည်းကမ်း နည်းလမ်းများကြောင့် အလုပ် မတွင်ခြင်းကို ဖော်ညွှန်းခြင်း ဖြစ်သည်ဟု ပညာရှင်များက ဆိုထားသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ရှိ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်စိုးက အစိုးရဌာနများ၏ လုပ်ဆောင်ရသည့် အဆင့်များ လျှော့ချရန် လိုအပ်ကြောင်း ပြောဆို လိုက် ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၆ ရက်၌ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သော ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရ အလွယ်ကူဆုံး နိုင်ငံများစာရင်း (Doing Business 2019) အတွက် အဆင့်မြှင့်တင်ရေးဆိုင်ရာ အချက်အလက်များကို စီးပွား/ကူးသန်း ဝန်ကြီး ဌာနနှင့် အထောက်အကူပြု အဖွဲ့ဝင်များတွေ့ဆုံ ဆွေးနွေးကြသည့်ပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ဦးအောင်စိုးက “ဌာနတွေက ဆောင်ရွက်ပေးနေတဲ့ လက်ရှိ ဝန်ဆောင်မှုတွေ လျှော့ချဖို့နဲ့ အချိန် မြန်အောင် လုပ်ပေးဖို့ကလည်း စိန်ခေါ်မှုပဲ။ ငွေကြေးကို နည်းအောင် လျှော့ချဖို့ကလည်း စိန်ခေါ်မှုပဲ။ အခုသူတို့ တိုင်းတာတဲ့ နည်းစနစ်အရ ဆိုရင် အစိုးရဌာန လျှော့ရုံတင်မကဘူး ပုဂ္ဂလိက ကဏ္ဍဘက်ကလည်း လျှော့အောင် လုပ်တတ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် အားလုံးသော အဖက်ဖက်က ဝိုင်းပြီး လုပ်ကြရမှာ ဖြစ်တယ်”ဟု ပြောဆို သည်။
၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးနိုင်ငံများ စာရင်း၏ အဆင့် ဖော်ပြချက်အရ နိုင်ငံ ၁၉၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၁ နေရာတွင်ရှိနေပြီး အမှတ်အနေဖြင့် ၄၄ မှတ်ကျော် ဖြစ်ကြောင်း Doing Business 2018 အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိ၌ ကမ္ဘာ့ဘဏ်မှ ပြည်တွင်းလုပ်ငန်းရှင်များအား စီးပွားရေးလုပ်ကိုင်ခြင်းနှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်း သွားမည်ဖြစ်ကာ ထိုမေးခွန်းများမှာ မြန်မာနိုင်ငံ၏ အဆင့်၊ အမှတ်ပြန်တက်ရေးနှင့် သက်ဆိုင်နေကြောင်း သိရသည်။
ယင်းမေးခွန်းများမှာ Doing Business 2019 အစီရင်ခံစာ အတွက်ဖြစ်ပြီး မေးခွန်း ၁၀ ခု မေးမြန်းသွားမည် ဖြစ်ကာ လက်ရှိ မေးခွန်း ၃ ခု ရောက်ရှိနေကြောင်း Ease of Doing Business အဖွဲ့ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးအောင်စိုး က ပြောသည်။
“အခုက အဆင့်က ၁၇၁ ဆင့်ဖြစ်နေတယ်။ အခုလာတဲ့ မေးခွန်းက ပြည်ပကုန်သွယ်မှု၊ ဆောက်လုပ်ရေးပါမစ်၊ အခွန် ပေးဆောင်မှုနဲ့ ပတ်သက်တာရယ် ပို့ထားတယ်။ စီးပွားရေးလုပ်ငန်းဆိုတဲ့ အထဲမှာ သူတို့ မေးတာက လုပ်ငန်းခွင် ထူထောင် တာတို့၊ လျှပ်စစ်မီးရအောင် လုပ်တာတို့ စသဖြင့် ဒီ ၁၀ ခုကို ပေါင်းပြီးတော့မှ စီးပွားရေး လုပ်ငန်း လုပ်ကိုင် ရ တာ လွယ်ကူမှု ရှိမရှိကို တိုင်းတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၌ လုပ်ငန်းများ လုပ်ကိုင်ရာတွင် အစိုးရဌာနများနှင့် ဆက်စပ်လုပ်ကိုင်ရသည့် ခွင့်ပြုမိန့်တင်ရသည့်အခါ၌ အဆင့်ဆင့် တင်ရသည့်အပြင် ပါမစ်ပြန်ကျရန်အတွက် ကြာမြင့်စွာ စောင့်ဆိုင်းရကြောင်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် တချို့က ပြောဆိုကြသည်။
စီးပွား/ကူးသန်း ဒု ဝန်ကြီး ဦးအောင်ထူးက “မေးခွန်းလွှာတွေက ပေးလာတယ်။ ပေးလာတဲ့ မေးခွန်းလွှာတွေမှာ ကျနော် တို့ သေသေချာချာ ဖြေဆိုဖို့ လိုအပ်လာပါတယ်။ အဲဒါမှ တနှစ်ကို ၂၄ ဆင့်လောက် ကျနော်တို့က လျှော့ချမှာ ဖြစ်ပါတယ်။ ဒါကို ၃ နှစ်အတွင်း ကဏန်း ၂ လုံးလျှော့ချအောင် လုပ်ဖို့ ဖြစ်တယ်” ဟု ပြောသည်။
ထိုသို့ Ease of Doing Business အဆင့်တက်အောင် ပြုလုပ်ခြင်းမှာ တိုင်းပြည်၌ စီးပွားရေး လုပ်ကိုင်ဆောင်ရွက် နေ သော သူများအတွက် လုပ်ငန်းခွင်များတွင် ရှိနိုင်သမျှ အခက်အခဲများကို လျှော့ချစေခြင်းအားဖြင့် လုပ်ငန်းများ လုပ်ကိုင် ရာတွင် လွယ်ကူချောမွေ့စေရန် နှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာနိုင်ရန်အတွက် အထောက်အကူ ကောင်းများ ဖြစ်နိုင်မည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။
Ease of Doing Business မေးခွန်းများနှင့်ပတ်သက်၍ သုတေသန ပြုလုပ်နေသော Zeya and Association ကုမ္ပဏီ မှ ဦးဇေယျသူရမွန်က“ဒီနှစ် မေလကုန်လောက်ဆိုရင် မေးခွန်းတွေက ပိတ်မှာဖြစ်တယ်။ ရရှိတဲ့ အမှတ်တွေကို ပြင်ပြီး တာနဲ့ ဇွန်လ သြဂုတ်လ လောက်ဆိုရင် ထွက်တော့မှာ။ ထွက်ရင်သူက ၂၀၁၉ ခုနှစ်အတွက် ထွက်မှာဖြစ်တယ်။ ဆိုလိုတာက ၂၀၁၈ ခုနှစ်ထဲမှာ ဖြစ်ပျက်နေတဲ့ အချက်တွေက ၂၀၁၉ ခုနှစ်မှာ အကျိုးသက်ရောက်မှာ ဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှု တချို့ကို ဆောင်ရွက်ခဲ့သောကြောင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ အနက် စီးပွားရေး လုပ်ကိုင်ရ လွယ်ကူသည့်နိုင်ငံများ စာရင်းတွင် ၂၀၁၆ ခုနှစ်၌ အဆင့် ၁၇၀ နေရာတွင် ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်၌ အဆင့် ၁၇၁ သို့ ရောက်ရှိခဲ့သည်။
အဆိုပါ Doing Business အစီရင်ခံစာကို၂၀၁၄ ခုနှစ်မှ စတင်၍ နှစ်စဉ် စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှု အဆင့် မည်မျှ ရှိသည်နှင့် အမှတ်မည်မျှရရှိသည်ကို အခြေခံပြီး မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှု တိုးတက် လာစေရန် လုပ်ဆောင်နေသော အစီရင်ခံစာ တခုဖြစ်သည်။