အစိုးရနှင့် ဂျပန်၊ စင်ကာပူတို့ ပါဝင်သော စီးပွာရေးလုပ်ငန်းစုကြီးတို့ကြား အပြည်ပြည်ဆိုင်ရာ ဟံသာဝတီ လေဆိပ် ဆောက်လုပ်ရေး သဘောတူညီချက် နောက်ဆုံး သတ်မှတ်ထားသော ရက်လွန်ကာ ပျက်ပြယ်သွားပြီဖြစ်ပြီး ဆောက်လုပ်ရေးကုန်ကျစရိတ် တွက်ချက်မှု ကွာခြားချက်ကြောင့်ဟု သိရသည်။
အဆိုပါ ဟံသာဝတီ လေဆိပ်စီမံကိန်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီလျှံကုန်ကျမည့် ပဲခူးမြို့အနီး မြေဧက ၉ ထောင်ခန့်ပေါ်၌ တည်ဆောက်မည့် နိုင်ငံတကာ လေဆိပ်သစ်ကြီးဖြစ်ပြီး ဂျပန်နိုင်ငံ JGC Corporation, စင်္ကာပူ Yongnam Holdings နှင့် ချန်ဂီလေဆိပ်များ နိုင်ငံတကာ တိုပါဝင်သော JGC- Yangnam- Changi Airport International Consortium အစုရှယ်ယာ စီးပွားရေး လုပ်ငန်းကြီးနှင့် မြန်မာ့မြို့ပြလေကြောင်း ဦးစီးဌာနတို့မှ ပြီးခဲ့သည့် ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က သဘောတူလက်မှတ် ရေးထိုး ခဲ့ကြခြင်းဖြစ်သည်။
JGC- Yangnam- Changi Airport International Consortium စီးပွားရေး လုပ်ငန်းကြီးနှင့် ဆွေးနွေးမှု ပျက်ပြယ်ခြင်းမှာ အဓိက အချက်မှာ ကုန်ကျစရိတ် တွက်ချက်မှု ကွာခြားခြင်းကြောင့်ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင်က ပြောသည်။
“တင်ဒါအောင်တဲ့အချိန်က သူတို့ တင်ဒါအောင်ထားတဲ့ Proposal မှာ ကုန်ကျစရိတ်အားလုံးကို သူတို့ငွေနဲ့ ဆောက်မယ်။ ဒါမှမဟုတ် ချေးငွေနဲ့ ဆောက်မယ်။ သူတို့ပြန်ဆပ်မယ် ဆိုတာပါတယ်။ နောက်ပိုင်း ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ မဟုတ်ဘူး ဒီစီမံကိန်းက ပြန်ရနိုင်ချေနည်းတယ်ဆိုပြီး အစကတည်းက ဒီကုန်ကျစရိတ်တွေကို သူတို့ဘက်က အကုန်ဆပ်ပါ့မယ် ပြောထားတာကို သူတို့ဘက်က တဝက်ပဲ ဆပ်ပါ့မယ် ပြောပြန်ရော။ ဆိုတော့ အဆင်မပြေတော့ဘူး”ဟု ဦးရဲထွဋ်အောင်က ပြောသည်။
စီမံကိန်းအတွက် ၂၀၁၂ ခုနှစ်ကစ၍ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိကတို့အကြား ပူးပေါင်းဆောင်ရွက်သော PPP စနစ်ကို အခြေခံသည့် စီမံကိန်းတခုဖြစ်ပြီး စီမံကိန်းတည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှနေ၍ အစိုးရချင်းချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိရန် သဘောတူထားပြီး ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
လျာထားထားသော ဟံသာဝတီ လေဆိပ်စီမံကိန်းသည် ရန်ကုန်မြို့ မြောက်ဘက် ကီလို ၈၀ အကွာတွင် တည်ရှိပြီး တနှစ်လျှင် ဧည့်သည် ၁၂ သန်းကို လက်ခံ ဝန်ဆောင်မှု ပေးနိုင်ရန် စီစဉ်ထားသည်။ ၂၀၂၂ ခုနှစ်တွင် စတင် ဖွင့်လှစ်ရန် မျှော်လင့်ထားရာ ယခုကဲ့သို့ သဘောတူညီချက်များ အကြိမ်ကြိမ် ပျက်နေသောကြောင့် စီမံကိန်း ရည်မှန်းချက် ပြည့်မီ ပြီးစီးရန်မှာ မေးစရာ ဖြစ်လာသည်။ ထို့ပြင် လေဆိပ်နှင့် ရန်ကုန်မြို့ထဲသို့ ဆက်သွယ်ချိတ်ဆက်မည့် အမြန်လမ်းအစီအစဉ်မှာလည်း လေထဲတွင်သာ ရှိသေးသည်။
“အခြေခံအဆောက်အဦးနဲ့ ကားပါကင်ပဲ သူတို့ (ပုဂ္ဂလိက) ဘက်က ဆောက်ရမယ်။ ဒါကို ကုန်ကျစရိတ်က အများကြီး မြင့်ထားတယ်။ အဲဒါကို စစ်ဆေးဖို့အတွက် ဦးတို့က စစ်ဆေးရေးအဖွဲ့ ငှားပြီးတော့ စစ်မယ် ဘာတွေကုန်ကျစရိတ်ရှိတာလဲ ဘယ်လိုတွက်ချက်ထားလဲ ဒါမျိုးကို စစ်ချင်တာပေါ့။ ဥပမာ သံက ဘယ်နှစ်ချောင်းလဲ၊ လွယ်လွယ်ပြောရရင် သွပ်က ဘယ်နှစ်ချပ်လဲပေါ့။ တချပ်ဆို ဈေးနူန်းက ဘယ်လောက်လဲပေါ့ ဒါမျိုးစစ်ချင်တယ်။ အဲဒီလို အစိုးရဖက်က ဆားဗေ့လုပ်မယ်ဆိုတာ သူတို့က ခွင့်မပြုနိုင်ဘူး။ ဒါလည်း တချက်ဖြစ်တယ်”ဟု ဦးရဲထွဋ်အောင်က ပြောသည်။
စီမံကိန်းတည်ဆောက်ရာတွင် အပိုင်း ၂ ခု ရှိပြီး တင်ဒါရရှိသည့် ကုမ္ပဏီဘက်မှ အခြေခံအဆောက်အဦးနှင့် ကားပါကင်တည်ဆောက်ရမည် ဖြစ်ပြီး မြန်မာအစိုးရဘက်မှ လေယာဉ်ပြေးလမ်းနှင့် ဆက်စပ်သည့် ကိစ္စရပ်များကို လုပ်ဆောင်ရမည် ဖြစ်သည်ဟု စည်းကမ်းချက်တွင်ပါရှိသည်။
“ဟံသာဝတီလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ ပြေးဆွဲပြီဆိုရင် ရန်ကုန် လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေယာဉ်တွေ မဆင်းသက်ဖို့ ဆိုတဲ့ဟာမျိုး တောင်းဆိုတာ သူတို့ဖက်က ရှိတယ်။ ဒါလဲ ဦးတို့ဖက်က သဘောတူထားပြီးသားဖြစ်တယ်။ သူတို့က တရားဝင် ထုတ်ပြန်ပေးစေချင်တယ်။ ဒါပေမယ့် ဦးတို့ဘက်က တရားဝင်ထုတ်ပြန်ဖို့ ဥပဒေပိုင်းအရ လုပ်မှာတွေ ရှိတော့ ထုတ်ပြန်ပေးရန် မရှိသေးဘူး။ ဒါကိုလည်း သူတို့ စဉ်းစားတာ ဖြစ်မယ်”ဟု ဦးရဲထွဋ်အောင်က ဆွေးနွေးမှု မပြေလည်မှုများကို ပြောကြားသည်။
ကနဦး ဟံသာဝတီ နိုင်ငံတကာလေဆိပ်တည်ဆာက်မှု ကန်ထရိုက်ကို တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းကြီးတခုက ရရှိခဲ့သော်လည်း အလားတူ ပျက်သွားခဲ့ပြီး လက်ရှိ အစုရှယ်ယာ စီးပွားရေး လုပ်ငန်းကြီးက ၂၀၁၄ အောက်တိုဘာလက ကန်ထရိုက်ကို ရရှိလိုက်ခြင်းဖြစ်သည်။
ဦးရဲထွဋ်အောင်က “သဘောတူညီချက်က ၂ နှစ်သက်တမ်းပဲထားတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့က ပြည့်သွားပြီ။ စာချုပ်မချုပ်နိုင်ဘူး။ ပျက်ပြယ်တယ်လို့ပါတယ်။ ဒါကို ဝန်ကြီးရုံးကနေတဆင့် အစိုးရအဖွဲ့ကို တင်ပြထားတယ်။ သူတို့ အဲအဖွဲ့နဲ့ ဆွေးနွေးမှုကို ရပ်ဆိုင်းဖို့ ပြင်ဆင်ထားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
စီမံကိန်းကို ဆက်လက် ဆောက်လုပ် အကောင်အထည်ဖော်သွားရန်အတွက်မူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထားကြောင်းလည်း ပြောသည်။
“ထပ်ပြီးတော့ တင်ဒါခေါ်သွားမယ်။ မြန်မာပြည်မှာတော့ တင်ဒါ ခေါ်ချင်မှ ခေါ်မယ်။ အစိုးရအဖွဲ့ တွေက ကူညီဖို့ ကမ်းလှမ်းနေတာ ရှိတယ်။ အစိုးအချင်းချင်း (G to G) လုပ်ဖို့ ဒီလိုကမ်းလှမ်းနေတဲ့အခါ ဥပမာ ဂျပန်ဆိုပါတော့ သူတို့အစိုးရက ဒါနဲ့ ပတ်သတ်လို့ ငွေရေးကြေးရေး အလုံးစုံ အကူညီပေးမယ်။ တည်ဆောက်ဖို့ လုပ်မယ် ဆိုရင်လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ရရင် ဆက်ဆောက်မှာ ဖြစ်တယ်”ဟု ဦးရဲထွဋ်အောင်က ရှင်းပြသည်။
ထို ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တရားဝင် တင်ပြထားခြင်းလည်း မရှိသေးကြောင်းလည်း သိရသည်။