စက်သုံးဆီဈေး မြင့်တက်နေခြင်းကို ယခုနှစ်မှ စတင်၍ ထိန်းချုပ်သွားရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
မတ်လ ၇ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် ပြုလုပ်သော ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ၁ နှင့် ပုဂ္ဂလိက ကဏ္ဍကိုယ်စားလှယ်များ ၁၅ ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “စီးပွားရေးအရတွက်ပြီး ကျနော်တို့ စက်သုံးဆီကို သန်းနှင့်ချီပြီး သိုလှောင်နိုင်မယ်ဆိုရင် ဆီဈေးကို ထိန်းနိုင်မှာ ဖြစ်တယ်။ အခုချိန်မှာ စက်သုံးဆီ သိုလှောင်နိုင်ခွင့်ရှိတဲ့ သူတွေရဲ့ထိန်းချုပ်မှု အောက်မှာပဲ တချို့ အခြေနေတွေက ရောက်နေတယ်။ ဒီအခြေအနေကို ရန်ကုန်မှာ ၂၀၁၈-၂၀၁၉ ခုနှစ်ကစပြီး ကျနော်တို့ ပြုပြင်ပြောင်းလဲဖို့ အတွက် အစိုးရကိုယ်တိုင်က မမြင်ရတဲ့လက်နဲ့ ထိန်းဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့ ကုမ္ပဏီတွေနဲ့ ကျနော်တို့ ထူ ထောင်ဖို့ ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။
စက်သုံးဆီများဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီ အစရှိသည့် လောင်စာဆီများမှာ မြန်မာနိုင်ငံအတွက် ကုန်စည်စီးဆင်းမှုတွင် မရှိမဖြစ် လိုအပ်သောပစ္စည်းဖြစ်ပြီး ဈေးနှုန်းမှာ အလွန်ကြီးမြင့်နေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ဆက်လက်၍ ဝန်ကြီးချုပ်က “ဒါက စင်ကာပူကနေ တင်သွင်းရတာပဲဆိုပြီး စင်ကာပူပေါက်ဈေး ပမာဏနဲ့ ဒီကို ရောက်တဲ့ ဈေးကို တွက်မယ်ဆို ဒီအဖြေက မှန်ကောင်း မှန်ပါလိမ့်မယ်” ဟု ဈေးနှုန်းကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး ပြောသည်။
သို့သော် စက်သုံးဆီ သိုလှောင်ခြင်းကို ခြောက်လစာခန့်အထိ ထိန်းထားနိုင်မည်ဆိုလျှင် ဈေးမြင့်တက်မှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
“ဘာကြောင့်လဲဆိုရင် ဈေးက နေ့စဉ်ပေါက်နေတဲ့ ဈေးနဲ့ တွက်ပြီးရောင်းရတဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ဒီလုပ်ငန်းက ဈေးကို အနိမ့်ဆုံးအချိန်မှာ ၁ နှစ်စာဖြတ်ပြီး ဝယ်ထားနိုင်ပါတယ်။ ရန်ကုန်ကို ပို့ထားလို့လည်း ရပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေ ကို သိုလှောင်နိုင်မယ့် နေရာရှိဖို့ လိုပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ထို့အပြင် ဝန်ကြီးချုပ်က “နိုင်ငံတော်ရဲ့ အရေးပေါ် အခြေအနေတခုခုမှာ စက်သုံးဆီကို ကာလ ကြာရှည်ထိန်းထားနိုင်မှသာ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်အေးချမ်းမှုတွေ ပိုပြီး ထိန်းညိုပေးထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စက်သုံးဆီနဲ့ ပတ်သက်ပြီးလည်း ဒီထက်ပိုပြီး ဈေးကျလာနိုင်ဖို့နဲ့ ဈေးအများဆုံးဖြစ်နေတဲ့ နိုင်ငံကနေ ဆင်းနိုင်ဖို့အတွက် စီစဉ်နေပါ တယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် လက်ရှိ ရန်ကုန်မြို့၌ စက်သုံးဆီဆိုင် ဖွင့်လှစ်ထားသော ဆိုင်အများစုမှာ (လယ်ယာမြေကို အခြား နည်းလမ်းသုံးစွဲပိုင်ခွင့် မရှိသည့်) လန (၃၉) ဖြင့် ဖွင့်လှစ်ရောင်းချနေသော ဆိုင်များစွာရှိကြောင်း ယင်းတို့ကိုလည်း နောက်ပိုင်းတွင် အစိုးရ မူဘောင်အတွင်းသို့ ဝင်ရောက်ရန်အတွက်လည်း ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရ သည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “အုပ်ချုပ်ရေး လူကြီးတွေက အလုပ်များတယ်။ အဲဒီအချိန်မှာ တချို့လုပ်ငန်းရှင်တွေက သူတို့ လုပ်မယ့်လုပ်ငန်းကို သွားပြီးပြောတယ်။ ဥပမာ စက်သုံး ဆီက ဈေးကြီးပါတယ် ဆိုပြီးတော့ နိုင်ငံခြားကလာမှ ဖြစ်မယ်ဆိုတဲ့ အတွေးမျိုးဖြစ်အောင် ပြောတာပေါ့။ ပြည်တွင်းမှာရှိတဲ့ တချို့ကုမ္ပဏီတွေ နိုင်ငံခြားကုမ္ပဏီနဲ့ ပေါင်းလုပ်ချင်တယ်။ အဲဒီအခါကျတော့ ဒီမှာ လုပ်တာတွေ မကောင်းဘူးလို့ ပြော တယ်။ ဒါကြောင့် သွားပြီး သတင်းမှားတွေ ပေးတာဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “နိုင်ငံခြားဈေးက ဘယ်လောက်။ ဒေါ်လာဈေးက ဘယ်လောက်ကျတယ် တက်တယ်ဆိုတာကို နေ့စဉ် ဝက်ဆိုက်မှာ ဖော်ပြပေးထားတယ်။ ဆီဆိုင်တွေမှာ ရောင်းတဲ့ ဈေးလည်း တွေ့နေရတယ်။ အဲဒီ ဇယားတွေအရ ဆိုရင် ကျနော်တို့ ရတဲ့အမြတ်က ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နူန်းလောက်ပဲ ရှိတယ်။ အဲဒါကိုမှ ဈေးများတယ်ဆိုတော့ ဘယ်လိုပြောရမလဲ” ဟု ပြောဆိုသည်။
အထက်ပါ အချက်အလက်များနှင့် ပတ်သက်ပြီးလည်း ဝန်ကြီးချုပ်ထံသို့ တင်ပြခဲ့ပြီး စက်သုံးဆီ ဈေးနှုန်းများသည် ဖြစ်သင့်ဖြစ်ထိုက် ဈေးနှုန်းတခု၌ ရှိသည်ဟုလည်း အမြဲရှင်းပြခဲ့ကြောင်း ၎င်းက ပြောသည်။
“ဝန်ကြီးချုပ်ကလည်း သူရထားတဲ့ အချက်အလက်တွေနဲ့ ပြောပါတယ်။ ဆရာတို့အနေနဲ့လည်း ဆရာတို့ ရှိတဲ့ အချက် အလက်တွေနဲ့ ပြောပါတယ်” ဟု ပြောသည်။
တိုင်းဒေသကြီးအစိုးရအနေဖြင့် စက်သုံးဆီ လုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်ရန် ရှိနေခြင်းကိုလည်း ကြိုဆိုပါကြောင်း သို့သော် ကုမ္ပဏီတခု တည်းကိုသာ အခွင့်အရေးပေးပြီး လုပ်ကိုင်ခွင့်ပေးခြင်းမျိုးမဟုတ်ဘဲ စက်သုံးဆီလုပ်ကိုင်နေသော ကုမ္ပဏီအားလုံးကို အစိုးရမူဝါဒနှင့် ကိုက်ညီမည်ဆိုလျှင် လုပ်ကိုင်ခွင့် ပေးသည့် ပုံစံမျိုးကိုသာ လုပ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မတ်လ ၇ ရက်တွင် ရန်ကုန်မြို့ လက်ကားဈေးမှာ ဒီဇယ် ၁ လီတာလျှင် ၇၅၀ ကျပ်၊ RON 92 ၁ လီတာလျှင် ၇၅၈ ကျပ်၊ RON 95 ၁ လီတာလျှင် ၇၅၀ ကျပ်တို့ဖြစ်ပြီး လက်လီဆိုင်များ၏ ရောင်းဈေးအနေဖြင့် သိုလှောင်စရိတ်၊ သယ်ပို့စရိတ် ခရီးအကွာအဝေး အပေါ် မူတည်ပြီး ကွာခြားနိုင်ကြောင်း စက်သုံးဆီ ဈေးကွက်မှ သိရသည်။