စီးပွားရေး

ရန်ကုန်တိုင်း၏ ငါးမွေးမြူရေးကဏ္ဍ စံပြ ဖြစ်ရေး ကြိုးပမ်းနေဟု ဦးဖြိုးမင်းသိန်းပြော

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးလာစေရန် လုပ်ဆောင်ရာ၌ စံပြ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

မတ်လ ၇ ရက်က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သော ၁၅ ကြိမ်မြောက် ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယ သမ္မတ ၁ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ ယင်းသို့ ပြောခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့က အခု ငါးမွေးနေတယ် ဆိုတာ သမားရိုးကျ ငါးမွေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ငါးကန်တွေရဲ့ ထွက်ပေါ်လာမှုနဲ့ ထည့်သွင်းရတဲ့ အခြေအနေတွေပေါ်မှာ ကျနော်တို့က အမြတ်အစွန်း အား နည်းနေတာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် အအေးခန်းတွေကနေ သယ်ယူပို့ဆောင်တဲ့ အခြေနေတွေမှာပါ တခုလုံးကို ပြုပြင် ပြောင်းလဲနိုင်ဖို့အတွက် ကျနော်တို့ ရန်ကုန်တိုင်းကနေ စံပြ ဖြစ်လာနိုင်အောင် ကြိုးပမ်းဖို့ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ပရောဂျက် (စီမံကိန်း) တခုကို ညိုနှိုင်းနေတယ်” ဟု ပြောကြားခဲ့သည်။

ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းသည် ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး (GDP)ကို များစွာ တိုးတက်သွားနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သော လုပ်ငန်းဖြစ်သောကြောင့် လက်ရှိမွေးမြူနေသော ငါး၊ ပုဇွန် မွေးမြူရေး စနစ်များကို ပြုပြင်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်က “ငါးလုပ်ငန်းဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အရေးကြီးတဲ့ ကဏ္ဍတခု အဖြစ် ရှိပါ တယ်။ ဒီလိုအရေးကြီးတဲ့ ကဏ္ဍတခုမှာ ရှိနေတဲ့အတွက် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဧက ၁ သောင်းလောက်ကို ပရောဂျက် (စီမံကိန်း) ကြီးလုပ်ဖို့အတွက် ကျနော်တို့ ပြင်ဆင်နေပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကွမ်းခြံကုန်းနှင့် ကော့မှူးတို့တွင် ဧက ၁ သောင်း ကျယ်ဝန်းသော ငါး၊ ပုဇွန် မွေးမြူရေးဇုန်တည် ထောင်ရန် တိုင်းအစိုးရမှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ငါး၊ပုဇွန် မွေးမြူရေးဇုန် လုပ်ဆောင်ရန်အတွက် လက်ရှိတွင် တိုင်းအစိုးရမှ တဆင့် ပြည်ထောင်စု အစိုးရထံသို့ ခွင့်ပြုချက်ရရှိရန် တင်ပြတောင်းဆိုထားပြီး သဘောတူညီချက်ရရှိပါက ဆက်လက်လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က “ကျနော်တို့ သင့်တော်တဲ့ မြေနေရာတွေ လိုက် ကြည့်ပြီးတော့ အဲဒီနေရာတွေထဲမှာမှ ကော့မှူးတို့ ကွမ်းခြံကုန်းတို့ဘက်မှာ ဧက ၁ သောင်းကို ကြည့်ပြီး အောက်ခြေကို ဆင်းလေ့လာတဲ့အခါ ဒီဟာကို ဖြစ်နိုင်ခြေရှိတဲ့အတွက်ကြောင့် တိုင်းအစိုးရကို တင်ပြတယ်။ တိုင်းအစိုးရကနေ ပြည်ထောင် စုအစိုးရကိုတင်ပြတယ်။ ဒီမြေကို မွေးမြူရေးဇုန်ဖြစ်ဖို့ အတွက်ပါ။ ပြည်ထောင်စု အစိုးရက ခွင့်ပြုရင်ဒီစီမံကိန်းက မကြာခင် ပေါ်လာမှာပါ” ဟု ပြောသည်။

မွေးမြူဇုန်တည်ထောင်ရာတွင် သားဖောက်စခန်းများ၊ အစာစပ်စက်ရုံများ၊ ထွက်လာသည့် ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် အတွက် အအေးခန်းများ လိုအပ်လာမည်ဖြစ်သောကြောင့် ယင်းတို့ကိုပါ တပြိုင်တည်း လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ငါးကန်ပဲ လုပ်လို့မရဘူး။ အဲဒီကန်ထဲမှာ မွေးဖို့အတွက် သတ္တဝါလိုတယ်။ ကျွေးဖို့အတွက် အစာလိုတယ်။ ထွက်လာရင် ဒါကို အေးခဲပြီး နိုင်ငံခြား ပို့လို့ရအောင် လုပ်ရမယ်။ ဒါတွေအားလုံး တပြိုင်တည်း လုပ်ရမှာပါ။ ဧက ၁ သောင်းကို အကောင် ထည်ဖော်တာ ဖြစ်တဲ့အတွက် ငါးက ဘယ်လောက်ထွက်လာမယ်။ ပုဇွန်က ဘယ်လောက်ထွက်လာမယ်။ ၁နှစ်ကို ငွေတန် ဖိုး ဘယ်လောက်ရမယ်ဆိုတာတော့ စီမံကိန်းထဲမှာ ပါတယ်။ အသေးစိတ်ကျတော့အခု မပြောနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း၌ ငါး၊ ပုဇွန်မွေးမြူရေး ကန်ပေါင်း ဧက ၈ သောင်းကျော်ခန့်ရှိသည့်အနက် တရားဝင်မွေးမြူရေး လုပ် ကိုင်ဆောင်ရွက်နေသည်မှာ ဧက ၄ သောင်းခန့်ရှိပြီး ကျန်ရှိသည့် ဧက ၄ သောင်းကျော်ကို တရားဝင်ငါးကန်များ ဖြစ်လာ စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်၍ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading