စီးပွားရေး

မြန်မာ့ သတ္တု တူးဖော်ရေး မူဝါဒကို ပြန်လည်သုံးသပ်ရန် MCRB တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ သတ္တု တူးဖော်ရေး ကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲရေး ပွင့်လင်းမြင်သာပြီး အများပြည်သူနှင့် တိုင်ပင်ဆွေးနွေး ပြဌာန်း ထားသည့် တွင်းတွက် သယံဇာတဆိုင်ရာ မူဝါဒသစ်နှင့် ဥပဒေသစ်များ လိုအပ်နေကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က သတ္တု တွင်းလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (SWIA) ထုတ်ပြန်သော မတ်လ ၈ ရက်နေ့တွင် ပြောဆိုသည်။

ထို SWIA အစီရင်ခံစာသည် MCRB ၏ လေ့လာမှုများထဲမှ စတုတ္တမြောက် အစီရင်ခံစာဖြစ်ပြီး၊ ခဲမဖြူ၊ ရွှေနှင့် ထုံးကျောက်စသည့် သတ္တုတူးဖော်ရေးလုပ်ငန်း ၃ ခု ကို ကွင်းဆင်းသုတေသန ပြုထားခြင်း ဖြစ်သည်။ ကွင်းဆင်းသုတေသီများသည် ၂၀၁၆ ခုနှစ်တွင် ရှမ်း၊ ကရင်၊ ကယား (ကရင်နီ) နှင့် ကချင်ပြည်နယ်များနှင့် ပဲခူး၊ စစ်ကိုင်း၊ မန္တလေးနှင့် တနင်္သာရီ တိုင်းတို့မှ သတ္တု တူးဖော်ရေး လုပ်ငန်းခွင် ၄၁ ခုုသို့ သွားရောက် စစ်ဆေးလေ့လာခဲ့သည်။

ထို လုပ်ငန်းခွင်များတွင် အကြီးစား တူးဖော်ရန် ခွင့်ပြုထားသော လုပ်ငန်းခွင် ၁၁ ခု၊ အသေးစား လုပ်ငန်းခွင် ၁၅ ခုနှင့် အရွယ်အစား အမျိုးမျိုးရှိသော သာမန် လုပ်ငန်းခွင် ၁၅ ခုတို့ ပါဝင်သည်။ အကြီးစား တူးဖော်ခွင့်ပြုထာေးသာ လုပ်ငန်းများအနက် တခုမှာ စူးစမ်းလေ့လာသည့် အဆင့်တွင်သာ ရှိသေးသောလုပ်ငန်း ဖြစ်သည်။

သုတေသီတို့ တွေ့ရှိခဲ့သည့် သတ္တုတွင်းလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင်နှင့် မိုင်းလုပ်သားများအပေါ် ဆိုုးကျိုးသက်ရောက်မှုများအား အခြေခံပြီး တာဝန်ယူမှုရှိသော သတ္တု တူးဖော် ထုတ်လုပ်ရေး ဖြစ်စေရန်အတွက် “မြန်မာ့ သတ္တုတွင်းလုပ်ငန်းတွင် ချဉ်းကပ်လုပ်ဆောင်နေမှု တစုံလုံုးအား ပြန်လည်သုံုးသပ်ဖို့ လိုအပ်ပါတယ်” ဟု MCRB ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ထိုခိုက်နစ်နာမှု အများစုကို အမျိုးသမီးများနှင့် ကလေးများအပါအဝင် အလုပ်သမားများ ခံစားရပြီး သဘာ၀ ပတ်ဝန်းကျင်ကိုလည်း များစွာ ထိခိုက်မှုရှိတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ EITI စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ တနိုင်ငံလုံုး ဓာတ်သတ္တုတူးဖော်ရေးကို ခွင့်ပြုလိုင်စင်ထုတ်ပေးသည့်အဖွဲ့ (MRC) ကိုလည်း ခေတ်နှင့်လျော်ညီစွာ ဖွဲ့စည်းဖို့ရန်အတွက် ပြန်လည်သုံးသပ်မှု လိုအပ်တာ ဖြစ်ပါတယ်။ မြန်မာ့သတ္တုတွင်းကဏ္ဍ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးမှုတွေ ဖြစ်လာဖို့ ဆန်းသစ်တဲ့ စတင်မှုတွေ၊ ရှင်းလင်းတဲ့ မူဝါဒဆိုင်ရာ ရည်မှန်းချက်နှင့် ရိုုးရှင်းတဲ့ ဥပဒေတွေ မုချလိုအပ်ပါတယ်” ဟု ထို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ EITI သည် သတ္တု တူး ဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီအစဉ်တခု ဖြစ်သည်။

ကချင်ရှိ ရွှေတူးဖော်ရေးလုပ်ငန်း/MCRB

MRCB သည် ကွင်းဆင်းသုတေသနပြုချက်များနှင့် တည်ဆဲဥပဒေများ၊ ကနဦးဆောင်ရွက်နေမှုများကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုများအပေါ် အခြေခံပြီး အဓိက စိန်ခေါ်မှု ၅ ခုကို သတ်မှတ်ဖော်ထုတ်ခဲ့သည်။ ထို ၅ ခုမှာ သတ္တုတွင်းလုပ်ငန်းနှင့် ဆက်နွယ်သည့် မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများမှာ ရှင်းလင်းမှု မရှိခြင်းနှင့် တာဝန်ယူမှုရှိသော ရင်းနှီမြှုပ်နှံမှု ဖြစ်လာစေရန် အဟန့်အတားများ ရှိနေခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် လူမှုရေးနှင့် လူ့အခွင့်အရေး တို့အပေါ် သက်ရောက်မှုများအား စောင့်ကြည့်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိသည့် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည် အကန့်အသတ်ရှိနေခြင်း၊ ဒေသခံ ရပ်ရွာ အသိုင်းအဝန်းများအပေါ် သတ္တု တူးဖော်ခြင်းကြောင့်ဖြစ်သော သဘာဝပတ်ဝန်းကျင် လူမှုရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပေးဆပ်ရသည့် တန်ဖိုးများကို ထုတ်ဖော်ပြောဆိုခြင်း၊ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ သတ္တုလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုစနစ်မှာ လွန်စွာ ပြဿနာရှိနေခြင်းနှင့် သတ္တုတွင်းလုပ်ငန်း ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် တရားမဝင် တူးဖော်မှုများအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေခြင်း တို့ဖြစ်သည်။

မြန်မာနိုင်ငံ၏ သတ္တုတွင်း ကဏ္ဍဆိုင်ရာ နည်းဥပဒေများသည် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုကျော်က ပြဌာန်းခဲ့သည့် ၁၉၉၄ ခုနှစ် မြန်မာ့ သတ္တုတွင်း ဥပဒေကိုသာ အခြေခံပြီး ထိုဥပဒေသည် ခေတ်နှင့်ဆီလျော်မှု မရှိတော့ကြောင်း MCRB ၏ ဒါရိုက်တာ ဗစ်ကီဘိုးမင်းက ရန်ကုန်တွင် ကျင်းပသည့် SWIA အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြောဆိုသည်။

“သတ္တုတွင်းနဲ့ ကျောက်မျက်လုပ်ငန်းဆိုင်ရာ ဥပဒေ မူဘောင်တွေကလည်း သီးခြားစီပဲ ဖြစ်နေပါတယ်” ဟု ၎င်းကဆိုပြီး ၂၀၁၅ ခုနှစ် သတ္တုတွင်း ဥပဒေပြင်ဆင်ချက်သည်လည်း သာမန်ပြင်ဆင်မှုသာ ဖြစ်သည်ဟု ထောက်ပြထားသည်။ ထိုပြင်ဆင်ချက်ကို အခြေခံပြီး ယခုနှစ်အတွင်း ချမှတ်လာတော့မည့် နည်းဥပဒေသည်လည်း အပေါ်ယံသက်သက် ပြင်ဆင်မှုသာ ဖြစ်မည်ဟုလည်း သူပြောသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်က ရေးဆွဲခဲ့သော လက်ရှိ သတ္တုတွင်းဥပဒေသည် သတ္တု တူးဖော်ရေးနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကဏ္ဍ နှစ်ခုစလုံုးအတွက် ရည်ရွယ်ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး၊ ထိုကဏ္ဍနှစ်ခုစလုံးသည် ထိုစဉ်က ဝန်ကြီး( ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်ခင်) တဦးတည်းက တာဝန်ယူချိန်တွင်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ထိုဥပဒေကို ပြင်ဆင်ခဲ့သည့်တိုင် အခြေအနေများမှာ ထိုအတိုင်း ဆက်လက်ရှိနေသည်ဟုလည်း ဗစ်ကီဘိုးမင်းက ဧရာဝတီသို့ ပြောသည်။ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်မောင်ခင်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရလက်ထက်တွင် ဒုတိယ ဝန်ကြီးချုပ်ဖြစ်သည်။

“၁၉၉၄ ခုနှစ် သတ္တုတွင်းဥပဒေက ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း တွေမှာ သုံးတဲ့ ထုတ်လုပ်မှု ခွဲဝေရေး ကန်ထရိုက်စာချုပ် (PSCs) စနစ်ကို အသားပေး ဖော်ပြထားပါတယ်”ဟု သူက ရှင်းပြသည်။

သို့သော် သတ္တုတွင်းလုပ်ငန်း၏ စီးပွားရေးအရ အန္တရာယ်ရှိမှုသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းနှင့် ကွဲပြားပြီး၊ သတ္တု တူးဖော်ရေးလုပ်ငန်းများတွင် အခြားမည်သည့်နိုင်ငံမျှ ထုတ်လုပ်မှု ခွဲဝေသုံးစွဲခြင်းကို မသုံးကြကြောင်းလည်း ထောက်ပြသည်။ ထို့အပြင် ထိုဥပဒေသည် သတ္တုတွင်းများကို ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုများကိုု ဆွဲဆောင်နိုင်ရေးအတွက် အခြေခံဖြစ်သော ဓာတ်သတ္တုတူးဖော်ရေးကို ခွင့်ပြုလိုင်စင်ထုတ်ပေးသည့်အဖွဲ့ကိုလည်း မဖွဲ့စည်းပေးနိုင်ဟု ဆိုသည်။

ထိုဥပဒေတွင် သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် လုံခြုံမှုဆိုင်ရာများကို ဖြည့်စွက်ထားသော်လည်း ထိုအချက်အလက်များသည် ရှင်းလင်းမှု မရှိသလို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီခြင်းလည်း မရှိကြောင်း သူက ပြောသည်။

“အဲဒီ ဥပဒေကို မြန်မာနိုင်ငံက ရင်းနှီး မြှုပ်နှံမှုရဖို့ ယှဉ်ပြိုင်နေရတဲ့ မွန်ဂိုလီးယားတို့၊ ပီရူးတို့လို တခြားနိုင်ငံတွေက ဥပဒေတွေနဲ့ယှဉ်လိုက်ရင် အားနည်းချက်တွေက ပိုပြီး သိသာတယ်”ဟုလည်း ဆိုသည်။

သို့သော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တွင်းထွက် သယံဇာတ မူဝါဒတခု ချမှတ်ရန် စဉ်းစားသုံးသပ်နေခြင်းသည် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်သည်ဟု သူက ဆိုသည်။

“ဒါပေမယ့် ဒီမူဝါဒကို ချမှတ်ရာမှာ ပွင့်လင်းမြင်သာပြီး အစိုးရဌာနပေါင်းစုံနဲ့ အခြားသက်ဆိုင်သူတွေ အားလုံး ပါဝင်ခွင့်ရဖို့ လိုတယ်။ ပြီးတော့ နိုင်ငံတကာ စံနှုန်းတွေကို ထည့်သွင်းထားတဲ့ ခိုင်မာတဲ့ လုပ်ရပ် ရှိဖို့ လိုတယ်။ ဒီမူဝါဒကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ EITI ၊ အမျိုးသား သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒနဲ့ မြန်မာ့ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း မူကြမ်းတို့နဲ့ ကိုက်ညီအောင်လုပ်ဖို့လည်း လိုတယ်” ဟုလည်း ရှင်းပြသည်။

တပိုင်တနိုင် သတ္တု တူးဖော်ခြင်းကို တရားမဝင်သတ်မှတ်ထားရာမှ မပိတ်ပင်တော့ဘဲ တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးမည့် အစိုးရ၏ အစီအစဉ်ကို ကြိုဆိုကြောင်း ဒိန်းမတ်နိုင်ငံ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဌာန ဒါရိုက်တာ ကလော့က် တေးလ်မင်း ပက်တာဆန်က ပြောကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

တပိုင်တနိုင် သတ္တု တူးဖော်ခြင်းသည် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သိသိသာသာ ဆိုးကျိုးထိခိုက်မှု ရှိသော်လည်း ဆင်းရဲနွမ်းပါးသူ ထောင်ပေါင်းများစွာကို အကျိုးပြုနေကြောင်း လူ့အခွင့်အရေးစံနှုန်းနှင့် စီပွားရေးလုပ်ငန်းများအကြား ဆက်စပ်မှုများကို လေ့လာသူ တေးလ်မင်း ပက်တာဆန်က ဆိုသည်။

“လက်လုပ်လက်စား သတ္တု တူးဖော်ရေးလုုပ်ငန်းတွေကို တရားဝင်ဖြစ်လာအောင် လုပ်ရတာဟာ ခက်ခဲတဲ့လုပ်ငန်းပါပဲ။ ဒါကို လိုုင်စင်ထဲမှာ စည်းမျည်းသစ်တွေ ချလိုက်ရုံနဲ့ လွယ်လွယ် ဖြေရှင်းလို့ မရဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် တပိုင်တနိုင် သတ္တု တူးဖော်ခြင်းကို တရားဝင်ခွင့်ပြုပေးသော အခြားနိုင်ငံများထံမှ သင်ခန်းစာယူသင့်ကြောင်း သူက အကြံပြုသည်။

“ထိရောက်တဲ့ လက်လုပ်လက်စား သတ္တုလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု မဟာဗျူဟာ တခုရဖို့ အဓိကအချက်က အစိုးရအနေနဲ့ တပိုင်တနိုင်လုပ်ကိုင်သူတွေအပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ တိုင်ပင် ညှိနှိုင်း အကြံဉာဏ် ရယူဖို့ပါပဲ” ဟုလည်း ပြောသည်။

“လက်လုပ်လက်စား သတ္တု လုပ်ငန်းတွေရဲ့ သဘောသဘာဝတွေကို အသေးစိတ် ထည့်သွင်း စဉ်းစားမှုမရှိတဲ့ ဘယ်လိုချဉ်းကပ်လုပ်ဆောင်မှုမျိုးမဆို သူတို့ရဲ့ အသက်မွေး ဝမ်းကြောင်းဆိုင်ရာ အခွင့်အရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်”

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ငြိမ်းငြိမ်း၏ National Mining Policy Needs Total ‘Rethink,’ Report Finds ကို ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading