အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ပွဲ ဆင်နွဲရန် အသင့်ဟု တရုတ်ပြော
သံနှင့် သံမဏိ၊ အလူမီနီယံ သွင်းကုန်များအပေါ် မတ်လ ၈ရက်နေ့က အခွန်များ စတင်ကောက်ခံရန် အမေရိ ကန် သမ္မတ ထရမ့်အစိုးရက အရှိန်ယူနေစဉ်၊ တရုတ်နိုင်ငံက သင့်တော်ပြီး လိုအပ်တဲ့ တုံ့ပြန်မှု တွေကို လုပ်ဆောင်မယ်လို့ သတိပေးလိုက်သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တရုတ် ကွန်မြူနစ်ပါတီ နှစ်ပတ်လည် ညီလာခံတွင် သီးခြား ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်“ကုန်သွယ်ရေးစစ်ပွဲကို ရွေးချယ်လိုက်တာဟာ ဆေးမှားပေး လိုက်တာပါပဲ၊ နောက်ဆုံးတော့ ကိုယ်တိုင်လည်းနစ်နာမယ်၊ တခြားသူတွေလည်း နစ်နာမယ်၊ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွဲရင် နိုင်ငံ တိုင်း ထိခိုက် နစ်နာမယ်” ဟု ပြောဆိုခြင်းဖြစ်သည်။
တရားဝင် စာရင်းများအရ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးပိုငွေ အကြီးအကျယ် ပြနေသော နိုင်ငံဖြစ်သည်။
အမေရိကန်အနေဖြင့် စီစဉ်ထားသော အခွန်ကို ပြန်လည်ရုတ်သိမ်းရန် တရုတ်နိုင်ငံ ဦးဆောင်သော အဖွဲ့ဝင် ၁၈ နိုင်ငံပါ အုပ်စုက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တွင်ပြောလိုက်သကဲ့သို့ ထို အခွန်သည် စည်း မျဉ်းအခြေခံသော ကုန်သွယ်ရေးစနစ်ကို စနစ်တကျ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ကြောင်း လည်း ထိုနိုင်ငံများမှ ကိုယ်စားလှယ်များ ကပြောသည်။
သို့သော် ထိုအခွန်သည် အမေရိကန်နှင့် တရုတ်အကြားကုန်သွယ်ရေးစစ်ပွဲ စတင်ရန် ပထမဆုံး လုပ် ဆောင်မှု ဖြစ်နိုင်သည်။
အမေရိကန်နိုင်ငံ၏ တရုတ်ထံမှ သံမဏိနှင့်အလူမီနီယမ် တင်သွင်းမှုမှာ စုစုပေါင်း တရုတ်နိုင်ငံမှ သွင်း ကုန်များ၏ အနည်းငယ်မျှသာရှိသည်။
လာမည့် ရက်သတ္တပတ်များတွင် ထရမ့် အစိုးရသည် တရုတ်နိုင်ငံမှ သွင်းကုန်အများအပြားကို ထပ်မံ အခွန် ကောက်ခံပြီး တရုတ်နိုင်ငံကို ထိခိုက်စေမည့် တရုတ်နိုင်ငံ၏ ဉာဏပစ္စည်း မူပိုင်ခွင့် အလေ့အထ များဆိုင်ရာ အစီရင်ခံစာတစောင်ကို လည်းထုတ်ပြန်ရန် စီစဉ်ထားသည်။
“အမေရိကန်နိုင်ငံရဲ့ ဉာဏပစ္စည်း မူပိုင်ခွင့် ခိုးယူတာနဲ့ပတ်သက်ပြီး အလျှင်အမြန် အရေးယူ ဆောင် ရွက်နေတယ်။ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ပုံစံမျိုးတွေ ဆက်အဖြစ်မခံနိုင်တော့ဘူး” တရုတ်နိုင်ငံခြား ရေးဝန်ကြီး၏ သတင်းစာရှင်းလင်းပွဲမတိုင်မီတွင် ထရမ့်က သူ၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် အကြီးအကျယ် ပိုငွေပြနေခြင်းမှ ဒေါ်လာ ၁ဘီလျှံ လျှော့ချရေး အတွက် အစီအစဉ်တခု ရေးဆွဲရန် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို ပြောကြား ထားကြောင်း လည်း ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။
“သူတို့ ဘယ်လိုစိတ်ကူးမျိုးတွေ ရလာမယ်ဆိုတာကို ကျနော်တို့က ကြည့်ချင်နေတယ်။ ကျနော်တို့က မကြာ ခင် အရေးယူဆောင်ရွက်ရတော့မယ်” ဟု ထရမ့်က ရေးထားသည်။
ထိုပမာဏမှာ လွန်ခဲ့သောနှစ်က တရုတ်နိုင်ငံ၏ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးပိုငွေ အမေရိကန် ဒေါ်လာ ၃၇၅.၂ ဘီလျှံနှင့် နှိုင်းယှဉ်ပါက ပြောပလောက်သော ပမာဏ မဟုတ်ပေ။
တရုတ်နိုင်ငံကလည်း ပြောင်းမျိုး နှံစားသီးနှံကဲ့သိုသော အမေရိကန်ကုန်စည်များကို စစ်ဆေးခြင်း၊ အဓိက သွင်း ကုန် ပဲပိစပ်ကို ပြန်လည်သုံးသပ်ခြင်းတို့ကဲ့သို့ တရုတ်နိုင်ငံဖက်မှ သတိပေးဆောင်ရွက် ချက်မျာ ရှိသော် လည်း အာဏာပိုင်များသည် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေ နေကြသည်။
သမ္မတ ရှီကျင့်ဖျင်သည် ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးရန် ထိပ်တန်းကုန်သွယ်ရေး လက်ထောက် လျှူဟဲ ကို ဝါရှင်တန်သို့လွန်ခဲ့သော အပတ်က စေလွှတ်ခဲ့သည်။ နိုင်ငံတော် ကောင်စီဝင် ယန်ကျဲချိ သည်လည်း ကုန်သွယ် ရေးကိစ္စများအတွက်ပင် လွန်ခဲ့သော လက အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ သည်။
သို့သော် အမေရိကန်အစိုးရသည် စေ့စပ်ဆွေးနွေးခြင်းကို စိတ်ဝင်စားခြင်းမရှိဘဲ လျှူ၏ ခရီးအတွင်း ကုန်သွယ် ရေးကိစ္စများကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူခြင်းမှ လွဲပြီး ထူးခြားသော အောင်မြင်မှု မရှိခဲ့ဟု သိရသည်။
တရုတ် ထိပ်တန်းကုန်သွယ်ရေး လက်ထောက် လျှူဟဲနှင့် ဆွေးနွေးခဲ့သော သမ္မတထရမ့်၏ ထိပ်တန်း စီးပွား ရေး အကြံပေး ဂယ်ရီ ကွန်းသည် မတ်လ ၆ ရက်နေ့က ရာထူးမှ နှုတ်ထွက်သွားသဖြင့် စေ့စပ်ညှိုနှိုင်းမှုများ တုံ့ဆိုင်းသွားခဲ့သည်။
ထိုသို့ရာထူူးမှ နှုတ်ထွက်သွားသောကြောင့် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် တရုတ်နိုင်ငံအပေါ် သံသယကြီးပြီး “တရုတ်နိုင်ငံကြောင့် သေဆုံးခြင်း” စာအုပ်ကို ရေးသားသူ အမျိုးသားရေးဝါဒီ ပီတာ နာဗာရိုနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဝယ်လ်ဘာ ရော့စ် တို၏ အကြံဥဏ်များကိုသာ ယူရတော့မည်ဖြစ်သည်။
ဘေဂျင်းအစိုးရကမူ ထိုအခက်အခဲ၏ ထွက်ပေါက်ကို ဆက်လက်ရှာဖွေနေပြီး၊ ကုန်သွယ်ရေး စစ်ပွဲက ပြဿနာ ဖြေရှင်းဖို့ မှန်ကန်သည့် နည်းလမ်းမဟုတ်သည်ကို သမိုင်းသင်ခန်းစာများက ပြနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောသည်။
တရုတ်နိုင်ငံ အကောက်အခွန်ဌာန၏ မတ်လ ၈ ရက်နေ့ ထုတ်ပြန်သော စာရင်းများအရ တရုတ်နိုင်ငံ၏ ကုန် သွယ်ရေးပိုငွေမှ လွန်စွာမြင့်မားနေပြီး ထိုအချက်ကြောင့်ပင် သမ္မတထရမ့်အနေဖြင့် မကျေမနပ်ဖြစ်နေခြင်းဖြစ် သည်။