ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ လိုင်စင်မဲ့ အဆင့်မြင့် ဟိုတယ်များကို ဗိုလ်ချုပ်ဟောင်းများ၏ ဆွေမျိုးရင်းချာများက ပိုင်ဆိုင်ကြောင်း သံတွဲခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (MOHT) ၏ ဌာနခွဲမှ အရာရှိတဦးက အတည်ပြုပြောကြားသည်။
လွန်ခဲ့သော သီတင်းပတ်က ငပလီနှင့် သံတွဲသို့ သွားရောက်ခဲ့ရာ MOHT တွင် မှတ်ပုံတင်ထားသော ဟိုတယ်နှင့် အပမ်းဖြေစခန်း တရားဝင် စာရင်းများ ရရှိခဲ့သည်။
မြပြင်ကျေးရွာရှိ စစ်အာဏာရှင်ဟောင်းတဦး ဖြစ်သူ ဦးမောင်အေး၏ သမီး၊ ယခင် အဆင့်မြင့် စစ်အရာရှိဟောင်း ဦးအောင်သောင်း၏ သား ဦးပြည်အောင်၏ ဇနီး ဒေါ် နန္ဒာအေး ပိုင်ဆိုင်သော Pristine Mermaid Resort သည် မတ်လအထိ MOHT ၏ လိုင်စင်မရရှိသေး သော်လည်း ယခုနှစ်ဦးပိုင်းမှ စတင်ပြီး လုပ်ငန်းများ လုပ်ကိုင်နေသည်။
လင်းသာကျေးရွာတွင်ရှိသော ဘောဂသိဒ္ဓိ ခေါ် BT Bay ဟိုတယ်ကို ယခင် အားကစားနှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဦးတင့်ဆန်းက ပိုင်ဆိုင်ပြီး လိုင်စင်မဲ့ လုပ်ကိုင်နေသည်။ ယင်း ဘောဂသိဒ္ဓိဟိုတယ်သည် ၂၀၁၇ ခုနှစ်က ရန်ကုန် လေဆိပ်တွင် တိုက်ခိုက်ရေး ရိုင်ဖယ်များနှင့် ဖမ်းမိသည့် ဖြိုးကိုကို တင့်ဆန်းပိုင်ဆိုင်သည့် Hotel Ace Group ၏ လုပ်ငန်းခွဲလည်း ဖြစ်သည်။
အခြား ဟိုတယ်တခုဖြစ်သော Lodge Blue Ocean ကို ဦးမြင့်စန်းက ပိုင်ဆိုင်သည်။ ဦးမြင့်စန်းသည် ငပလီ ကမ်းခြေရှိ လင်းသာ ကျေးရွာတွင်လည်း လင်းသာဦး ဟိုတယ်ကိုလည်း ပိုင်ဆိုင်သည်။
![](https://burma.irrawaddy.com/wp-content/uploads/2018/03/BusinessFeature.jpg)
သံတွဲခရိုင် MOHT ၏ အဆိုအရ ငပလီတွင် လိုင်စင်ရယူထားသော ဟိုတယ်နှင့် တည်းခိုခန်း ၃၅ ခုရှိပြီး ခရီးသည်များ အတွက် အခန်းပေါင်း ၁၃၀၀ ကို ဝန်ဆောင်မှုပေးနေသည်။ တချိန်တည်းတွင် မဇင်-ဂျိုက်တော လမ်းတလျှောက်ရှိ တည်းခိုခန်း ၂၀ ခန့်သည် တရားမဝင် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နေသည်။
ထိုတရားမဝင် ဟိုတယ်များသည် Agoda, Trip Advisor နှင့် Lonely Planet စသည့် နိုင်ငံတကာ ခရီးသွားလုပ်ငန်း အင်တာနက်စာမျက်နှာများတွင် ကြော်ငြာနေသော်လည်း အစိုးရသို့ အခွန်ပေးဆောင်ခြင်း ရှိ/မရှိ မသိရပေ။ သံတွဲခရိုင်မှ အခွန်ဆိုင်ရာ အဆင့်မြင့် အရာရှိတဦး၏ အဆိုအရ အခွန်ကိစ္စများကို ရန်ကုန်တိုင်းရုံးက ကိုင်တွယ်သည် ဟု သိရသည်။
ဧရာဝတီသတင်းဌာနက မတ်လ ၁၃ ရက်နေ့က ထိုဟိုတယ် ပိုင်ရှင်များ သို့မဟုတ် ၎င်းတို့၏ အမှုဆောင် အရာရှိများအား ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ၎င်းတို့က ထိုကိစ္စများကို ပြောဆိုခြင်း မရှိပေ။
အထက်ပါ ဟိုတယ်နှင့် တည်းခိုခန်း ၃ ခုတို့၏ ပိုင်ရှင်များကို ဒေသဆိုင်ရာ စည်ပင်သာယာရေး လုပ်ငန်းများက ဆောက်လုပ်ခွင့်နှင့် လုပ်ငန်း လည်ပတ်ခွင့် လိုင်စင်များ ပေးခဲ့သည်။ သို့သော် ဝန်ကြီးဌာနထံမှ လိုင်စင် မရှိသော လုပ်ငန်းများသည် နိုင်ငံခြားသား ဧည့်သည်များကို လက်ခံခွင့် မရှိဟု MOHT ၏ လုပ်ထုံးလုပ်နည်းများတွင် ပြဋ္ဌာန်းထားသည်။
BT Bay နှင့် Lodge Blue Ocean လွန်ခဲ့သောနှစ် အတန်ကြာကပင် ဆောက်လုပ်ခွင့် ခွင့်ပြုချက်လျှောက်ထားခဲ့သည်ဟု သံတွဲမြို့နယ် စည်ပင်သာယာရေး အဖွဲ့ ဥက္ကဌ ဦးသန်းထွန်းက ပြောသည်။
Pristine Mermaid Hotel ဆောက်လုပ်ခွင့်ကို မြေ ၃ ဧကပေါ်တွင် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခုအခါ အနီးရှိ မြေ နောက်ထပ် ၃ ဧက ပေါ်တွင် ဒုတိယဆင့် ဆောက်လုပ်ခွင့် ရရန် စောင့်ဆိုင်းနေသည်။ အဆိုပြုထားသည့် ဆောက်လုပ်ခွင့်သစ်နေရာသည် ဒေသဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေသောကြောင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့က ဆောက်လုပ်ရေး ခွင့်ပြုခြင်းကို ဆိုင်းငံ့ခဲ့သည်။
![](https://burma.irrawaddy.com/wp-content/uploads/2018/03/Business02.jpg)
“Pristine Mermaid က မြူနီစပါယ် ဥပဒေကို ချိုးဖောက်တာ တွေ့ရတယ်။ သူတို့လည်း အုတ်တံတိုင်းရဲ့ အမြင့်ကို မေလ ကျရင် ပြင်ပေးမယ်လို့ ကတိပြုထားပါတယ်” ဟု အထက်ပါ အရာရှိက ပြောသည်။
မြို့ပြလေကြောင်း ညွှန်ကြားမှု ဦးစီးဌာန နှင့် ဖက်စပ်လုပ်ငန်း ဖြစ်သော သံတွဲလေဆိပ်နှင့် ကပ်လျှက်တည်ရှိသည့် Ngapali Paradise ဟိုတယ်သည်ပင် ဥပဒေများကို လိုက်နာခြင်း မရှိကြောင်း ဦးသန်းထွန်းက ပြောသည်။ ထို့အပြင် လက်ရှိ အချိန်တွင်ပင် ဟိုတယ် အများအပြားတို့သည် ခွင့်ပြုချက်မဲ့ တည်ဆောက်နေကြောင်းလည်း သူက ပြောသည်။
MOHT ၏ အဆိုအရ ငပလီသို့ ခရီးသည် လာရောက်မှုနှုန်းသည် လွန်စွာ တိုးတက်နေပြီး ၂၀၁၆ ခုနှစ်က ၄၃၄၄၀ ဦးသာ ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၅၀၄၉၆ ဦးရှိပြီး ၁၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မိုးမြင့်၏ High-profile Military Families Linked to Unlicensed Resorts on Ngapali Beach ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)