စီးပွားရေး

ရထားလမ်း အဆင့်မြှင့်ရေးအတွက် ဂျပန်ယန်း ၅၆ ဘီလီယံကျော် ချေးခွင့်ပြုရန် တင်ပြ

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ဆောင်ရွက်နေသည့် မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံချက် အတွက် ဂျပန်ယန်း ၅၆ ဘီလီယံကျော် ချေးငွေအဖြစ် ခွင့်ပြုပေးရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသာဦးက ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့သည်။

“၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်၊ ၃ နှစ် အတွင်း ဆောင်ရွက်မည့် စီမံကိန်း အဆင့် (၂)၊ အပိုင်း (၁) ရဲ့ လုပ်ငန်း ကုန်ကျစရိတ် ဂျပန်ယန်း ၅၆.၆၂၂ ဘီလီယံကို ချေးငွေ အဖြစ်ရယူလိုခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော် အစည်းအဝေးတွင် ၎င်းက တင်ပြခဲ့သည်။

အဆိုပါ ချေးငွေအား အချက်ပြဆက်သွယ်ရေး လုပ်ငန်း၊ စက်ခေါင်းနှင့် တွဲများ ဝယ်ယူခြင်းလုပ်ငန်း၊ ရထား သွားလာမှု ထိန်းချုပ်ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ဇလီဖားနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ တပ်ဆင်ခြင်း လုပ်ငန်းတို့ အတွက် တင်ပြတောင်းခံရခြင်းဖြစ်သည်ဟု ဒုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံအတွက် အရေးအပါဆုံး ကဏ္ဍတရပ်ဖြစ်သည့် မြန်မာ့မီးရထားလုပ်ငန်းကို အဆင့် မြှင့်တင်ရန် လမ်းပိုင်းဆိုင်ရာ ပြုပြင်မှုများ အတွက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ဂျပန်ယန်း ဘီလီယံ ၂၀ နှင့် ၂၀၁၇ ခုနှစ် မတ်လအတွင်းက ဂျပန်ယန်း ၂၅ ဘီလီယံကို ဂျပန်နိုင်ငံမှ ချေးယူခဲ့ပြီး လမ်းပိုင်းဆိုင်ရာ ပြုပြင်မှုများကို စတင်ဆောင်ရွက်သည်။

ရန်ကုန် – မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အဆင့် ၁ အဖြစ် ရန်ကုန် – တောင်ငူ လမ်းပိုင်း (၁၆၆) မိုင်ကိုလည်းကောင်း၊ စီမံကိန်း အဆင့် (၂) အဖြစ် တောင်ငူ – မန္တလေး (၂၂၀) မိုင်ကို လည်းကောင်း ခွဲခြား သတ်မှတ်ပြီး ပြုပြင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရထားလမ်းပိုင်းဆိုင်ရာ ပြုပြင်မှုများ ပြီးစီးပါက ၁ နာရီ ၆၄ ကီလိုမီတာ (မိုင် ၄၀) မှ ၁၀၀ ကီလိုမီတာ (၆၂ မိုင်) သို့ ပြောင်းလဲ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ဒု ဝန်ကြီးက ဆိုသည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ချေးငွေ ဂျပန်ယန်း ၃၀.၄၆၉ ဘီလီယံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဂျပန်ယန်း ၅၆.၆၂၂ ဘီလီယံ စုစုပေါင်း ဂျပန်ယန်း ၈၇.၀၉၁ ဘီလီယံ ချေးယူခွင့် ပြုရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများက မတ်လ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ဆွေးနွေးတင်ပြ ကြသည်။

ထို ချေးငွေနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ထပ်မံဆွေးနွေးလိုပါက ဆွေးနွေး လိုသည့် ကိုယ်စားလှယ်အနေဖြင့် လွှတ်တော်သို့ မတ်လ ၁၆ ရက်နေ့ ညနေပိုင်း နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

ဒက္ခိဏ သီရိမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက JICA က ငွေချေးယူပြီး ရထားလမ်းပိုင်းများ ပြုပြင်မည့် ကိစ္စနှင့် ပတ်သက်၍ “အခုဟာက ရန်ကုန်နဲ့ မန္တလေးကို ၁၅ နာရီလောက် ပြေးဆွဲနေတယ်။ လမ်းပိုင်းဆိုင်ရာတွေ ပြင်ပြီးရင် ၈ နာရီနဲ့ ရောက်မယ် ဆိုတေ့ာ ကုန်စည် စီးဆင်းမှုလည်း တိုးတက်လာမယ်။ ပြည်သူတွေအတွက်လည်း အချိန်မှန်မှန် ပြေးဆွဲပေး နိုင်ပြီး လုံခြုံမှု ရှိမယ်ဆိုရင်တေ့ာ ကိုယ်စားလှယ်တယောက် အနေနဲ့ ထောက်ခံပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ပြည်တွင်း၌ ပြေးဆွဲနေသည့် မီးရထားစက်ခေါင်း ၄၀၀ ကျော်တွင် ထက်ဝက်ခန့်မှာ သက်တမ်း လွန်များ ဖြစ်နေကြောင်း၊ လူစီးတွဲ ၁၂၀၀ ခန့်ရှိသည့်အနက် လေးပုံတပုံခန့်သည် သက်တမ်းလွန်များ ဖြစ်နေသည့် အတွက် ပြန်လည် ပြုပြင်ပြီး အသုံးပြုနေရခြင်း ဖြစ်ကြောင်း မြန်မာ့ မီးရထားလုပ်ငန်းမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading