ရန်ကုန် ဗိုလ်တထောင်မှ သံလျင် ရေလယ် ကျောက်တန်း အပျော်စီး ခရီးစဉ်ကို Yangon Water Bus ဖြင့် မတ်လ ၁၇ ရက် နေ့လယ် ၁၂ နာရီမှ စတင်၍ စမ်းသပ် ပြေးဆွဲမည် ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီ Water Bus စီမံကိန်း မန်နေဂျာ ကိုထွန်းနိုင်လင်း က ပြောပြသည်။
ကိုထွန်းနိုင်လင်းက “နှစ်ထပ်သင်္ဘော ၁ စီးနဲ့ပဲ ၁၇ ရက် စနေမှာ စပြီး စမ်းသပ်ပြေးဆွဲမှာ ဖြစ်တယ်။ သင်္ဘောက အယောက် ၁၈၀ ဆန့်တဲ့ အတွက် အယောက် ၁၈၀ လို့ သတ်မှတ်ထားပါတယ်။ ဗိုလ်တထောင်ကနေ ရေလယ် ကျောက်တန်း ဘုရားကို ပြေးမှာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက“ခရီးစဉ်မှာ ရေလယ်ကျောက်တန်း ဘုရားရောက်တာနဲ့ ရေလယ်ခေါင်မှာ သင်္ဘောကို ကျောက်ချပြီး။ ခရီးသည်တွေကို ဘုရားဖူးဖို့နဲ့ အမှတ်တရ ပစ္စည်းဝယ်ဖို့ ကမ်းပေါ်ကို လည်ပတ်ချိန် အနည်းငယ်ပေးမယ်။ သင်္ဘောပေါ်မှာ နေ့လယ်စာ စားရမယ်။ ပြီးရင် ပြန်လာပြီး ခရီးသည်တွေကို ရန်ကုန်မြစ်ထဲမှာ နေဝင်ဆည်းဆာ ကြည့်လို့ရအောင် စီစဉ်ပေး မယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ သင်္ဘော လက်မှတ်များ ကြိုတင် ရောင်းချပေးမှုကို စတင် လုပ်ဆောင်နေပြီး လက်မှတ် နှုန်းထားများမှာ တဦးလျှင် ၆ ထောင်ကျပ် နှင့် နိုင်ငံခြားသား ၁ ဦးလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာ ဖြစ်၍ ဝန်ဆောင် မှု အနေနှင့် Water bus ထမင်းဘူး၊ ကော်ဖီ ၁ ခွက်နှင့် ရေသန့်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
“ခရီးစဉ်ကြာချိန်ကတော့ ၂ နာရီခွဲ ဖြစ်တယ်။ အခု ကြိုပြီး ဘွတ်ကင် လုပ်ထားတာဆိုရင် ကျနော်တို့ Water Bus page မှာက ၆၀ ကျော်ရှိပြီး ဆိပ်ကမ်းမှာဆိုရင် ၃၀ ကျော်ဆိုတော့ လူ ၁ ရာကျော်ရှိနေပြီ။ ခရီးသည်တွေလည်း အဆင်ပြေ အောင် ဒေသခံ သမ္ဗန် လုပ်သားတွေလည်း အဆင်ပြေအောင် ကုန်းပါ်ကို လည်ပတ်နိုင်တဲ့ အစီအစဉ်တွေနဲ့ ရည်ရွယ်လုပ် ဆောင်တာ ဖြစ်တယ်” ဟု ကိုထွန်းနိုင်လင်းက ပြောသည်။
အထက်ပါပြေးဆွဲမည့် ခရီးစဉ်အောင်မြင်သွားလျှင် အများပြည်သူ ရုံးပိတ်ရက် ဖြစ်သော စနေနှင့် တနင်္ဂနွေ နေ့များတွင် အပတ်စဉ် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။
လိူင်သာယာမြို့နယ်နေ ဦးမြင့်ဝေက “ကျနော်တို့လို ဝန်ထမ်းတွေ သာမန် လူတန်းစားတွေ အနေနဲ့က မတန်ဘူး။ ဥပမာ-စုံတွဲတွေ အပြင် လျှောက်လည်မယ် ဆိုရင်တော့ ဒါမျိုးက သွားလို့ တန်ပါတယ်။ ကျနော်တို့ကျတော့ ထမင်းလည်း စားချင်မှ စားမယ် ဆိုတော့ ဘုရားဖူးဖို့ အတွက်နဲ့ကျတော့ ဈေးအရမ်းများတယ်။ နိုင်ငံခြားသားတွေ ဘာတွေကျတော့ နေဝင် ဆည်းဆာတို့ ဘာတို့ ကြည့်ရမယ် ဆိုတော့ အဆင်ပြေပါတယ်။ အပျော်သဘောမျိုး သွားတဲ့သူနဲ့ ပြည်ပ ဧည့်သည်တွေကိုပဲ ရည်ရွယ် လုပ်တယ်လို့ ထင်တယ်” ဟု ပြောသည်။
လက်ရှိ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ပြေးဆွဲမှုများလည်း ရှိနေကာ ကျပ် ၁ သောင်းကျော်မှ ၂ သောင်းကျော် အထိ ဈေးနှုန်းများ ရှိနေပြီး ပြည်ပဧည့်သည် အများဆုံးလိုက်ပါ စီးနင်းကြကြောင်း သိရသည်။
ယခုကဲ့သို့ ကျပ် ၆ ထောင်နှုန်းထားသည် အများသူငါ စီးနင်းနိုင်မည်ဖြစ်ပြီး အခြား ခရီးစဉ်အသစ်များ ရွေးချယ်နိုင်ရန် ထည့်သွင်းသင့်ကြောင်း ခရီးသွားတချို့က အကြံပြု ပြောဆိုသည်။
Yangon Water Bus ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်၍ ရေယာဉ် ၈ စီးဖြင့် ပြေးဆွဲခြင်းဖြစ်ပြီး လက်ရှိတွင် မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သုဝဏ္ဏ၊ သာကေတ ၊ ပုဇွန်တောင်နှင့် သီလဝါ အစရှိသည့် နေရာ ၁၂ ခုတွင် ဆိပ်ကမ်းသစ်များ တိုးချဲ့ရန်အတွက်လည်း လုပ်ဆောင်နေကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။