မြန်မာနိုင်ငံမှ မြို့ပြနေလူထုအများစုအနေဖြင့် အစိုးရကို သဘောမကျလျှင်ပင် အခွန်ပေးရန်အတွက် သဘောတူလက်ခံ ကြကြောင်း The Asia Foundation က စုစည်းကောက်ယူရေးသားခဲ့သည့် “မြန်မာနိုင်ငံက ပြည်သူလူထု၏ အခွန်အ ကောက်များအပေါ် သဘောထားအမြင်” စစ်တမ်းအစီရင် ခံစာတွင် ဖော်ပြထားသည်။
အစိုးရကို လက်မခံလျှင်ပင် နိုင်ငံသားများအနေဖြင့် အခွန်ပေးရမည်ကို ၈၁ ရာခိုင်နှုန်းက က လက်ခံ ကြပြီး ဝင်ငွေ၊ ကုန် သွယ်ခွန်နှင့် ပစ္စည်းခွန်များမှာ မျှတမှုရှိသည်ဟုလည်း ရှုမြင်ကြကြောင်း အာရှ ဖောင်ဒေးရှင်းနှင့် ရန်ကုန်နိုင်ငံရေးသိပ္ပံ ကျောင်းနှင့်ပူးပေါင်း ကောက်ယူထားသော စစ်တမ်း၌ ဖော်ပြထားသည်။
အဆိုပါ ရလာဒ်သည် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတား မြို့နယ်၊ သာကေတမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်၊ ကရင် ပြည်နယ်ရှိ ဘားအံမြို့နှင့် ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့တို့မှ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၁၄ဝဝ ဦးကို မေးမြန်းစစ် တမ်းကောက်ယူခဲ့သည့် ရလဒ်ဖြစ်ကြောင်း သိရသည်။
ယင်းမေးခွန်းများအား မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာ လ ၂၈ ရက်မှ အောက်တိုဘာလ ၁၇ ရက် အတွင်း မြို့နယ်ငါးမြို့နယ်၌ ကြီးကြပ် ကွပ်ကဲသူ ၄ ဦးနှင့် လိုက်လံမေး မြန်းသူ ၂ဝ ဦး ပါဝင်သည့် အဖွဲ့နှင့် မေး မြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်တမ်းအရ အခွန်အရာရှိများနှင့် မူဝါဒချမှတ်သူများထင်မြင်ယူဆထားသကဲ့သို့ မဟုတ်ဘဲ မြန်မာနိုင်ငံ၏ မြို့ပြ နေပြည်သူများ သည် အခွန်အကောက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် သဘောထားအမြင်မျိုး မရှိကြဘဲ စစ်တမ်း ဖြေဆိုသူများ အားလုံးနီးပါးဖြစ်သည့် ၉၄ ရာခိုင်နှုန်းက အခွန်ပေးခြင်းသည် နိုင်ငံသားများ၏ တာဝန်တရပ် ဖြစ်သည်ကို သဘောတူကြ ကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာပြည်သူများသည် အခွန်ပေးဆောင်သည့်ဓလေ့နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိခဲ့ကြသော်လည်း အခွန်ပေးဆောင်ခြင်း ဆိုသည်မှာ တနည်းအားဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် ထည့်ဝင်သည့်သဘောလည်း သက်ရောက်ပြီး အခွန်အကောက်များ ပေးဆောင်ခြင်းဖြင့် ကုသိုလ်ဖြစ်စေနိုင်သည်ဟု စစ်တမ်းဖြေဆိုသူများ၏ လေးပုံသုံးပုံက ဖြေကြား ကြကြောင်း သိရသည်။
ပြည်သူလူထုအနေဖြင့် အခွန်အကောက်များ၊ အခွန်စနစ်များနှင့်ပတ်သက်သည့် သတင်းအချက် အလက်များ ပို၍ရရှိ လိုကြပြီး ဖြေဆိုသူ စုစု ပေါင်း၏ ၉ဝရာခိုင်နှုန်းနီးပါးက သူတို့ပေးရမည့် အခွန်အကောက်များနှင့် ပတ်သက်၍ သတင်း အချက်အလက်ပိုမို ရရှိလိုကြပြီး ၈၉ ရာခိုင်နှုန်းက သူတို့ ပေးဆောင်သည့် အခွန်အကောက်များကို မည်သို့သုံးစွဲမည်ကို သိရှိလိုကြကြောင်း အစီရင်ခံစာ၌ ပါရှိသည်။
ဖြေဆိုသူများ၏ ၆၀ ရာခိုင်နှုန်းကမူ မည်သည့်အစိုးရအဆင့်များက အခွန်သုံးမျိုး၏ ဘဏ္ဍာငွေ အများစုကို ရရှိကြောင်း မသိ ရှိကြပေ။ ဝင်ငွေခွန်ကို ကြားဖူးသည်ဟု ဖြေဆိုသူ ၅၅ ရာခိုင်နှုန်း သာရှိပြီး ကုန်သွယ်ခွန်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် အရေ အတွက်မှာ ၆၉ ရာခိုင်နှုန်းရှိသည်။ အခွန်အား စည်ပင်သာယာရေးအဖွဲ့အစည်းများက ကောက်ခံရရှိနေသည်ဟု ထင်မှတ် မှားလျှက် ယင်းမှာ အကျင့်ပျက်ခြစားမှုများ ရှိနိုင်သည်ဟူသော သံသယနှင့် ယုံကြည်မှုနည်းပါးခြင်းတို့ကို ဖြစ်ပေါ်စေသည်။
ထို့အတွက် အစိုးရအနေဖြင့် ပြည်သူလူထုအပေါ် အခွန်ပညာပေးမှုမှာ နည်းပါးလွန်လှကြောင်း စစ်တမ်း၌ ဖော်ပြထား သည်။
သို့သော်အစိုးရအနေဖြင့်မူ အများပြည်သူ အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်သည့် အရာများ (သို့) လူမှုဝန်ဆောင်မှုလုပ်ငန်း များကို ဖြည့်ဆည်းလုပ်ဆောင်ပေးနိုင်မှု အစိုးရအဆက်ဆက် နည်းပါး ခဲ့သည့်အတွက် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေနိုင် သော အခွန်အကောက် တိုးမြှင့်မှုမျိုးကို မလုပ်ဆောင်ရဲဘဲ ရှိနေကြောင်း အစီရင်ခံစာက ဖော်ပြသည်။
ကမ္ဘာ့ဘဏ်၏ 2017 Public Expenditure Review အရ မြန်မာနိုင်ငံ၌ ၂ဝ၁၆-၂ဝ၁၇ခုနှစ်တွင် ဝင်ငွေခွန်သည် ဂျီဒီပီ၏ ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိသဖြင့် အရေးကြီးဆုံး ဘဏ္ဍာငွေအရင်းအမြစ် တခုဖြစ်ပြီး ကုန်သွယ်ခွန်သည် ဒုတိယအရေးကြီးဆုံး အခွန်ဖြစ်ကာ ဂျီဒီပီ၏ ၂ ဒသမ ၆ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။
၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အခွန်အကောက်ရရှိမှုမှာ ဂျီဒီပီ၏ ၆ ၊ ၇ ရာခိုင်နှုန်းသာ ရရှိပြီး ဝင်ငွေပမာဏ တူညီ သည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ယင်းနိုင်ငံများတွင် ဂျီဒီပီ၏ ၁ဝ မှ ၂ဝရာခိုင်နှုန်း အထိ ကောက်ခံရရှိကြ ခြင်းဖြစ် သဖြင့် အခြား နိုင်ငံများထက် ကောက်ခံရရှိမှု နည်းပါးလျက်ရှိနေကြောင်း The Asia Foundation ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ အခွန် (၄) မျိုးဖြစ်သည့် ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ တံဆိပ်ခေါင်း ခွန်၊ အောင်ဘာလေသိန်းဆု ခွန် တို့ကို ကောက်ခံလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဝက်ဆိုက်တွင် ဖော်ပြထားသည်။
ရေခွန်၊ မြေခွန်စသည့် ဝန်ဆောင်ခများအပါအဝင် ဖြစ်သည့် ပစ္စည်းခွန်ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီက ကောက်ခံနေခြင်းဖြစ်သည်။
ဧပြီလ ၁ ရက်တွင် စတင်အသက်ဝင်မည့် အခွန်အကောက် ဥပဒေအရ တနှစ်အတွင်း လစာဝင်ငွေ ကျပ် ၄၈ သိန်းအထက် ရရှိသူဖြစ်ပါက လစာ ဝင်ငွေစုစုပေါင်းအပေါ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရမည် ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ စီးပွားရေး လုပ်ငန်းနှင့် အခြားရလမ်းများမှ ဝင်ငွေဖြစ်လျှင် မည်သူ့ကိုမဆို စုစုပေါင်း ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာအလိုက် စည်းကြပ်ရမည့် ဝင်ငွေခွန်နှုန်းထားများကို သတ်မှတ်ထားကြောင်း ၂၀၁၈ အခွန်အကောက်ဥပဒေ၌ ဖော်ပြထားသည်။
The Asia Foundation သည် အကျိုးအမြတ်မယူသော နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်း အဖြစ် အာရှတွင်း လူမှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆယ်စုနှစ် ၆ ခုနီးပါး ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပြီး အစိုးရ၊ ဥပဒေ၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသတွင်းကူးလူး ဆက်ဆံမှု ဆိုင်ရာ ကိစ္စရပ်များ အတွက် ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။