စီးပွားရေး

တိုင်းရင်းသားလူမျိုးတခုလျှင် ထုတ်ကုန် တခုထုတ်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟုဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု တမျိုးလျှင် ထုတ်ကုန်ပစ္စည်း တခုစီထုတ်လုပ်နိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ မင်းဗညားစံ က ပြောသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ မတ်လ ၁၇ ရက်က ပြုလုပ်သော မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အစည်း အဝေး ပွဲတွင် ပြောခဲ့ဆိုခဲ့ခြင်း ဖြစ်သည်။

မင်းဗညားစံ “ကျနော်တို့ အသင်းကို လူမျိုးအခြေခံတဲ့ အသင်းနဲ့ ဖွဲ့စည်းပေးမှာ ဖြစ်ပါတယ်။ လူမျိုးတမျိုးချင်းစီရဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေ စုဖွဲ့ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု ရှိတယ်။ ဒါပေမယ့် တိုင်းရင်းသားလုပ်ငန်းရှင် မရှိဘူး။ ဒါဘာကြောင့်လဲ ဆိုတော့ မိမိတို့နဲ့ ကိုက်ညီတဲ့ စီးပွားရေးလုပ်ငန်းကို မသိလို့ဖြစ်တယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ယိုးဒယားနိုင်ငံဆိုရင် ရွာတရွာမှာပစ္စည်း တမျိုးထွက်ရမယ်ဆိုပြီးလုပ်ကြတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေ အများကြီးရှိတယ်။ အခုကာလမှာ တိုင်းရင်းသားဝတ်စုံတွေကို တော်တော်လေးကို လုပ်ကြတယ်။ ဒါကြောင့် ဒီအသင်းပေါ်ပေါက်ပြီးရင် တိုင်းရင်းသားလူမျိုးတမျိုးစီရဲ့ ထုတ်ကုန်တမျိုးကို ဖြစ်အောင် ကျနော်တို့ ဖြစ်အောင်လုပ်မယ့် အစီစဉ်တွေ အများကြီးရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ကို မတ်လ ၁၇ ရက်နေ့က UMFCCI တွင် ပြုလုပ်သော အစည်း အဝေးတွင် တိုင်းရင်းသားလူမျိုး ၈ မျိုးကို အခြေခံ၍ ကနဦး ဖွဲ့စည်းလိုက်ပြီး ၎င်းအသင်းအောက်တွင် တိုင်းရင်းသား လူမျိုးစု တမျိုးချင်းစီအလိုက် ညီနောင်အသင်းများကို ယခုနှစ်မှစ၍ ၁ နှစ်ကျော် ကာလအတွင်း၌ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က “ဒီအသင်းက မြန်မာ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ အားလုံးပေါင်းပြီးတော့ စီးပွားရေးလုပ်ငန်းရှင် အသင်းကိုလုပ်မှာဖြစ်တယ်။ တိုင်းရင်းသားနယ်ပယ်အသီးသီးမှာ ရှိတဲ့ နိုင်ငံရေး၊ စီးပွားရေးကအစ လူမှုရေးအာလုံးကို ထိတွေ့ဆက်စပ်မှုဖြစ်အောင် စလုပ်ဆောင်ခဲ့တာ ဖြစ်တယ်” ဟု ပြောသည်။

ယင်းအပြင် ၎င်းက “အဓိက နှစ်ပေါင်း ၇၀ လောက် တယောက်နဲ့ တယောက် နားလည်မှုမရှိဘူး။ ဒေသအတွင်းမှာ တိုးတက်မှု မရှိဘူး။ ပညာတတ်သင့်သလောက် တက်မလာဘူး။ တယောက်နဲ့ တယောက် ထိတွေ့ ဆက်ဆံလို့ မရတဲ့အတွက် ငြိမ်းချမ်းရေးလည်း ရမလာဘူး။ ဒါကိုဘက်ပေါင်းစုံကနေ ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် UMFCCI ကစပြီးတော့ ဒီအသင်းကိုအားပေးပြီးဖွဲ့တာ ဖြစ်ပါတယ်” ဟုရှင်းပြသည်။

လက်ရှိတိုင်းရင်းသားဒေသများတွင် ဒေသထွက်ကုန်များ ရှိပြီးသားဖြစ်ကာ ယင်းထွက်ကုန်များကို တနိုင်ငံလုံး၏ ဈေးကွက် တခုထဲသို့ ရောက်ရှိသွားစေရန်အတွက် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်းဆက်လက်ပြောသည်။

ထိုမှတဆင့် ပြည်တွင်းမှတဆင့် နိုင်ငံတကာဈေးကွက်အတွင်းသို့ ရောက်ရှိသွားနိုင်ရန်အတွက် UMFCCI ကလုပ်ပေးခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ထိုသို့ပြုလုပ်ခြင်းအာဖြင့် ဒေသတွင်းရှိ လူမျိုးစုများအလိုက် စီးပွားရေးတိုးတက်လာခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင် စသည့် အခြေနေများ ကောင်းမွန်လာလျှင် ပြည်တွင်း ငြိမ်းချမ်းရေးဘက်သို့ ဆွဲဆောင်သွားနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်လေး က ပြောသည်။

မြန်မာနိုင်ငံရှိ ဒေသတွင်း ထုတ်ကုန်များကိုအိမ်နီးချင်း နိုင်ငံများမှတဆင့် နိုင်ငံတကာသို့ ဖြန့်ချီသွားရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

နမူနာကောင်းအနေနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် ထိုသို့ ဒေသတခုလျှင် ထုတ်ကုန်တခုထုတ်လုပ်ပြီး ဆောင်ရွက်နေသည်မှာ အောင်မြင်လျက်ရှိသည်ဟုစီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading