စီးပွားရေး

ရန်ကုန်တွင် တံခါးအမျိုးမျိုး ထုတ်လုပ်သည့် ဗီယက်နမ် စက်ရုံ တခု တည်ဆောက်မည်

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ်နိုင်ငံ အခြေစိုက် Eurowindow ကုမ္ပဏီမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တံခါးအမျိုးမျိုးထုတ်လုပ်မည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ရုံတခု တည်ဆောက်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက် မစ္စတာ ငုယင် ကန့်ဟောင် (Mr. Nguyen Canh Hong) က ပြောသည်။

Eurowindow ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်မည့် ရုံးခွဲဖွင့်ပွဲကို ရန်ကုန်မြို့ Melia ဟိုတယ်၌ မတ်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားတွင် ကုမ္ပဏီ တာဝန်ရှိသူများက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ငုယင် ကန့်ဟောင် က “ဈေးကွက်ကို အရင်တည်ဆောက်မယ်။ ဈေးကွက်ရဲ့ လိုလားမှုအပေါ်မှာ မူတည်ပြီးေနောက်နှစ်မှာ စက်ရုံ တည်ဆောက်သွားမှာ ဖြစ်တယ်။ ဥရောပလို နိုင်ငံမျိုးတွေမှာ သုံးတဲ့ အရည်အသွေးရှိ ကုန်ကြမ်းတွေကို အသုံးပြုပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာမှာ ရေရှည်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့လည်း ရည်ရွယ်ချက်ရှိပါတယ် ” ဟု ပြောသည်။

ယင်းစက်ရုံအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅ သန်းမှ သန်း ၂၀ အတွင်း ရင်းနှီးမြှုပ်နှံသွားမည်ဟု ၎င်းက ဆိုသည်။

Eurowindow စက်ရုံတွင် ထုတ်လုပ်မည့် ပစ္စည်းများမှာ တောင့်တင်း ခိုင်မာသော စတီးဖြင့် ပြုလုပ်ထားသည့် UPVC တံခါး ၊ သစ်သားတံခါး၊ အလူမီနီယမ် တံခါး အစရှိသည့် တံခါးအမျိုးမျိုး အပြင် မှန်နံရံများ အစရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို ထုတ်လုပ်သွားမည်ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ပြီးခဲ့တဲ့ ၁၅ ရက်က စက်မှုဝန်ကြီးနဲ့ ကျနော်တို့ တွေ့ခဲ့တော့ စက်ရုံဆောက်ဖို့ အတွက် ဘယ်နေရာတွေဆို ကောင်းတယ်ဆိုပြီး အကြံပြုပေးပါတယ်။ ဒါကြောင့် စက်ရုံဆောက်ဖို့ နေရာကို ရွေးနေ စဉ်းစားနေပါတယ်။ လောလောဆယ်တော့ နေရာ မပြောနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ စက်ရုံမှာ Eurowindow ကုမ္ပဏီ၏ ပထမဆုံး တည်ဆောက်မှုဖြစ်ပြီး လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင်လည်း ဈေးကွက်ချဲ့ထွင်၍ နည်းပညာများ ဖြန့်ဖြူးပေးသွားမည်ဟု ဆိုသည်။

ထို့အပြင် ဒုတိယစက်ရုံ တည်ဆောက်ရန် အတွက်လည်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဆွေးနွေးထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာသန်း ၈၀ မှ သန်း ၁၀၀ အတွင်းရှိမည်ဖြစ်ကြောင်း Eurowindow ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။

ယင်းဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ရုံများကို မြန်မာနိုင်ငံတွင် တည်ဆောက်ခြင်းအားဖြင့် ပြည်တွင်းလုပ်သားများ အတွက် အလုပ် အကိုင်ချထားပေးမှု အနေနှင့် ပထမစက်ရုံအတွက် လုပ်သားဦးရေ ၅၀၀ မှ ၁၀၀၀ ဦးနှင့် ဒုတိယ စက်ရုံအတွက် လုပ်သားဦးရေ ၇၀၀ မှ ၁၀၀၀ အထိ ခန့်ထားပေးနိုင်မည်ဟု မစ္စတာ ငုယင် ကန့်ဟောင် က ဆိုသည်။

ဗီယက်နမ်သံရုံးမှ ကုန်သွယ်ရေး အတိုင်ပင်ခံဖြစ်သူ မစ္စ ဗိုသီငေါ့ဒိပ် (Ms. Vo Thi Ngoc Diep) က “မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးအနေနဲ့ က တနှစ်ကိုပျမ်းမျှ ၃၀ ရာခိုင်နှုန်း ကြီးထွားနေတဲ့ အချိန်မှာ တံခါးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို Eurowindow က မြန်မာနိုင်ငံမှာ လုပ်ငန်းတိုးချဲ့ဖို့ ဆုံးဖြတ်တာ အရမ်းကိုဝမ်းသာပါတယ်” ဟု ပြောကြားခဲ့သည်။

Eurowindow ၏ ထုတ်ကုန်များသည် Kommerling Group (ဂျာမနီ)၊ Saint-Gobain Glass Group (ပြင်သစ်) နှင့် PPG (အမေရိကန် ပြည်ထောင်စု) အစရှိသည့် ကမ္ဘာ့အကြီးဆုံး ဆောက်လုပ်ရေးပစ္စည်း အဖွဲ့အစည်းများထံမှ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များစွာ ရရှိထားသောကုမ္ပဏီဖြစ်ဟု ဆိုသည်။

ယင်းကုမ္ပဏီ၏ ဝင်ငွေရရှိမှု အနေနှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၁၄၂ သန်း ရရှိခဲ့ပြီး အလူမီနီယံထုတ်ကုန်များစွာကို ထုတ်နေသောကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဦးညီညီ က “ဒီမှာတော့ တံခါးတွေဆိုရင် ပြည်ပကနေ အချပ်လိုက် သွင်းလာတာလည်း ရှိတယ်။ ကုန်ကြမ်းတွေဖြစ်တဲ့ အချပ်လိုက်တွေ ပြည်ပကနေ သွင်းပြီး ဒီရောက်မှ စက်မှုလက်မှု လုပ်ငန်းတွေက ပြန်လည် တပ်ဆင်ကြတာတွေလည်း ရှိတယ်။ အခုလို ဒီမှာပဲစက်ရုံဆောက်ပြီး ရောင်းချမယ်ဆိုရင်တော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ လျော့ကျသွားတဲ့ အတွက် ဈေးလည်းပိုသက်သာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တံခါးမျိုးမျိုးကို တရုတ်၊ ထိုင်းနှင့် ဗီယက်နမ် အစရှိသည့် နိုင်ငံများမှ တင်သွင်းလျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဆောက်လုပ်ငန်းများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေနှင့် ဝင်ရောက်မှု မရှိသေးကြောင်း ယခုကဲ့သို့ ဆောက်လုပ်ရေး စက်ရုံ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာပါက ယခုနှစ်အတွက် ပထမဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ် ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတဦးကပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading