စီးပွားရေး

အခွန်သက်သာခွင့် သီးခြား ဥပဒေတရပ် ပြဌာန်းပေးမည်

Want create site? Find Free WordPress Themes and plugins.

ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေကြေးများအတွက် အခွန်နှုန်း လျော့ချပေးနိုင်ရန် စီးပွားရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်၍ ပြည့်စုံသော သီးခြား ဥပဒေတရပ် ရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ အမြန်ဆုံး တင်ပြသွား မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

“သူ့ဆိုင်ရာ ဌာနတွေ ရှိတယ်။ UMFCCI အဖွဲ့အစည်းတွေ ရှိတယ်။ နောက် လိုအပ်ရင် လိုအပ်သလို အခွန်ထမ်းဆောင်တဲ့ လုပ်ငန်း ရှင်ကြီးတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြီးတော့ ပိုမို ပြည့်စုံတဲ့ သီးခြား ဥပဒေတရပ် ရေးဆွဲသွားဖို့ ဆက်ဆောင်ရွက်သွားမှာပါ။ အခု လွှတ်တော်မှာ ပြီးတာနဲ့ မြန်နိုင်သမျှ မြန်မြန်ဖြစ်အောင် စလုပ်မယ်”ဟု ဦးမောင်မောင်ဝင်းက နေပြည်တော်တွင် ပြောသည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန် ကင်းလွတ်ခွင့်ပုဒ်မ ထည့်သွင်းခြင်း မပြုရန် ဥပဒေကြမ်း ကော်မတီ၏ သဘောထား မှတ်ချက်အတိုင်း ယနေ့ ကျင်းပသည့် ပြည် ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ယင်းသည် လက်ရှိရပ်ဆိုင်းလုနီးပါးဖြစ်နေသော ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍကို အသက်ရှုချောင်သွားစေမည်ဟု ထိပ်တန်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ထောက်ခံတင်ပြခဲ့သော အခွန်နှုန်းထား လျှော့ချရေးကို ပယ်ချခဲ့ခြင်း ဖြစ်သည်။

ဝင်ငွေခွန် မဆောင်ရသေးသူများသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဝယ်ယူပါက အခွန် ၁၅ ရာခိုင်နူန်းမှ ၃၀ ရာခိုင်နူန်းအထိ ပေးဆောင်ရန် သတ်မှတ်ထားချက်အား ၃ ရာခိုင်နူန်းမှ ၅ ရာခိုင်နူန်းသို့ လျှော့ချပေးစေလိုကြောင်း၊ ထိုဝင်ငွေခွန် လျှော့ပေးလိုက်ခြင်းသည် လက်ရှိ ဝယ်ယူမှု နည်းပါးပြီး ဈေးကွက်ပျက်နေရာမှ အခွန်လျှော့ခြင်းကြောင့် အရောင်းအဝယ်များ ရှိလာပြီး ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာစေနိုင်သောကြောင့် ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ထောက်ခံတင်ပြခဲ့ကြသည်။

ယင်း အခွန်သက်သာခွင့် ပြုသည့်ကိစ္စကို အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်ပါက ဥပဒေကြမ်းတခုအဖြစ် သီးခြား ရေးဆွဲပြုစု၍ လွှတ်တော်သို့ တင်သွင်းရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

“အဖွဲ့အစည်းပေါင်းစုံနဲ့ ညှိနှိုင်းပြီးမှ သီးခြား ဥပဒေတရပ် ရေးဆွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နှစ်စဉ်တင်သွင်းနေကြ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းမှာ ထည့်သွင်းဖော်ပြခြင်းဟာ ပြည်စုံလုံလောက်မှု မရှိတာကို လေ့လာတွေ့ရှိရပါတယ်”ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။

လာမည့် ဘတ်ဂျက်ကာလ ဧပြီလ ၁ ရက်နေ့တွင် အခွန်များ လျော့ချနိုင်တော့မည်ဟု လုပ်ငန်းရှင်များက မျှော်လင့်ခဲ့ကြသော်လည်း ယခုလို သီးသန့် ဥပဒေတခု ပြဌာန်းမည် ဆိုပါက ဆက်လက် စောင့်ရဦးမည် ဖြစ်ကြောင်း၊ ထို သီးသန့် ဥပဒေသည်လည်း အောင်မြင် မည်ဟု မပြောနိုင်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်သူ ဒေါက်တာ စိုးထွန်းက ပြောသည်။

“ဒီအခွန်ကိစ္စတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်း ကြေလည်ဖို့ လိုတယ်။ အစိုးရအနေနဲ့ ဒီအခွန်တွေ ဘာကြောင့် လျော့ချဖို့ လိုတယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယိတွေကို ကြိုတင် အသိပေးဖို့ လိုတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုမသိဘူး လို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်၍ အခွန်လျော့ချမှု ရွေ့ဆိုင်းလိုက်သဖြင့် လုပ်ငန်းရှင်များထဲတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှာ အထိနာနိုင်ကြောင်း၊ တချို့ လုပ်ငန်း ရှင်များသည် ဘဏ်ချေးငွေများ ယူထားသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ အထိနာပါက ဘဏ်များပါ ယင်းအကျိုးဆက်ကို ခံရနိုင်၍ လုပ်ငန်းရှင်များ အကြွေးမဆပ်နိုင်ပါက ပြဿနာများ ရှိနိုင်ကြောင်း ပြောသည်။

သို့သော် ဝင်ငွေရလမ်း မဖော်ပြနိုင်ဘဲ စည်းကြပ်မှုမှ ကင်းလွတ်နေသည့် ငွေမည်းများသည် အခွန် အနည်းငယ်ဆောင်ရုံဖြင့် ငွေဖြူဖြစ်လာပြီး တရားဝင် လုပ်ငန်းများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ပုံမှန် အခွန်ထမ်းများအတွက် မမျှတကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က သုံးသပ်ခဲ့ကြသည်။

ထို့ကြောင့် ဝင်ငွေခွန်နှုန်းထားများမှာ ၁ ကျပ်မှ သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀ မှ သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ သန်း ၁၀၀၀ နှင့်အထက် ၃၀ ရာခိုင်နှုန်း အခွန်ဆောင်ရမည် ဖြစ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အခွန် ဥပဒေကြမ်းတွင် ၁၅၀၀ CC မှ ၂၀၀၀ CC အထိ ဗင်ကား၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန်ကားများ၊ ကူပေးကားများသည် ပြည်သူ အများ ဝယ်ယူစီးနင်းနိုင်သည့် အိမ်သုံးအမျိုးအစားကားများ ဖြစ်၍ အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်းအစား ၁၀ ရာခိုင်နှုန်းသို့ ပြင်ဆင် သတ်မှတ်ချက်ကို လွှတ်တော်က အတည်ပြုခဲ့သည်။

သို့သော် ဝင်ငွေခွန်နှင့် ပတ်သက်၍ မူလ အဆိုပြုချက်အတိုင်း တနှစ်ဝင်ငွေ ကျပ် ၄၈ သိန်းရှိပါက ဝင်ငွေခွန် ဆောင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ဆက်စပ်ဖတ်ရှုရန် – အခွန်ဥပဒေကြမ်းက ဆောက်လုပ်ရေးကို အသက်ရှု ချောင်စေဟု လုပ်ငန်းရှင်များ ပြော

လုပ်ငန်းရှင်တွေ နှာခေါင်းဖော်ရုံ နေတာမဟုတ်ဘဲ အောက်ဆီဂျင်ဗူးနဲ့ ရေအောက်ထဲကို ရောက်နေတာ

Did you find apk for android? You can find new Free Android Games and apps.
Loading