မြန်မာနိုင်ငံသည် အာမခံလုပ်ငန်းကဏ္ဍတွင် ပြည်ပ စီးပွားရေးလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်နိုင်ရေးအတွက် တံခါးဖွင့်ပေးရန် ပြင်ဆင်လျှက်ရှိသည်။ လူနည်းစုသာ အာမခံထားနိုင်သည့် လူလတ်တန်းစား ကြီးထွားနေသော နိုင်ငံမှ စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်သောကြောင့် ဖြစ်သည်။
လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင် အသက်အာမခံ ကုမ္ပဏီ လိုင်စင် ၃ ခုကို အစိုးရက ဈေးပြိုင်ကြေညာမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသော အဆင့်မြင့် အရာရှိတဦးက ပြောသည်။ ပြည်ပ ကုမ္ပဏီများသည် ပြည်တွင်းအာမခံလုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်ကြမည် ဖြစ်ပြီး အထွေထွေ အာမခံလုပ်ငန်း ဆောင်ရွက်ခြင်းကို ယခုနှစ်နှောင်းပိုင်းတွင် စတင်ခွင့်ပြုမည်ဟုလည်း အစိုးရ သတင်းရင်းမြစ်များက ဆိုသည်။
အာမခံလုပ်ငန်းများ ထိန်းချုပ်မှု လျှော့ချရေးကို လုပ်ဆောင်နေသည်မှာ တနှစ်ကျော်ကြာပြီဟု အစိုးရ၏ စီးပွားရေးအကြံပေး အရာရှိချုပ် ရှောင်တာနဲလ် Sean Turnell က ပြောသည်။ သို့သော် ပြည်တွင်းအာမခံလုပ်ငန်းများက ဆန့်ကျင် နေသောကြောင့် ထိုအစီအစဉ် နှောင့်နှေးခဲ့သည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ရေးအတွက် အထောက်အကူပြုသော ကျယ်ပြန့်သည့် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုတွင် အာမခံလုပ်ငန်းကို ဖွင့်ပေးခြင်းသည် အရေးပါကြောင်း အစိုးရက နားလည် သဘောပေါက်သည်ဟုလည်း ရှောင်တာနဲလ်က ပြောသည်။
“အသက်အာမခံ ဈေးကွက်ဟာ နိုင်ငံခြားလုပ်ငန်းတွေ ပါဝင်ဖို့ အကောင်းဆုံး အခြေအနေ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းအာမခံလုပ်ငန်းတွေက ဒီလိုအာမခံမျိုး မပေးကြသေးလို့ပဲ” ဟု ရန်ကုန်အခြေစိုက် စီးပွားရေးအတိုင်ပင်ခံနှင့် အာမခံလုပ်ငန်းကျွမ်းကျင်သူ ဝီလျံမောင်ကလည်း ပြောဆိုသည်။
အစိုးရက ရေးဆွဲအတည်ပြုထားသော အာမခံလုပ်ငန်းများ လွတ်လပ်ခွင့်ပေးရေးမူကြမ်းအရ လိုအပ်သောလုပ်ငန်းများကို လွန်ခဲ့သောနှစ်ကပင် စတင်လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သောနှစ် ဧပြီလမှ စတင်ပြီး တာဝန်ရှိသူများသည် ကမ္ဘာ့ဘဏ်၊ ပြည်တွင်းအာမခံလုပ်ငန်းများ၊ စည်းကမ်းထိန်းအဖွဲ့များ အပါအဝင် မူဝါဒချမှတ်သူများ၊ ကျွမ်းကျင်သူများနှင့် ဆွေးနွေးခဲ့သည်။
“အာမခံလုပ်ငန်းနဲ့ စီးပွားရေး တစုံလုံးကြားမှာ အပြန်အလှန် ဆက်စပ်မှုရှိနေလို့ အာမခံလုပ်ငန်း တိုးတက်ရေးဟာ စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုနေတယ် ဆိုတာ အစိုးရက သဘောပေါက်တယ်။ အာမခံလုပ်ငန်း တိုးတက်မှုဟာ စီးပွားရေး တိုးတက်မှုကို တွန်းအားပေးနိုင်တယ်” ဟု ဝီလျံမောင်က ပြောသည်။
ရှောင်တာနဲလ်၏ အဆိုအရ အသက်အာမခံဈေးကွက် တိုးတက်ရေးမှာ ဝေဖန်စရာဖြစ်နေသည်။ လုပ်ငန်းလည်ပတ် နေသော အစိုးရကို ကူညီသောအားဖြင့် အာမခံလုပ်ငန်းက ငွေချေးသက်သေခံလက်မှတ် ဈေးကွက်ကို တည်ဆောက်နိုင်မည် ဖြစ်ကာ ထိုဈေးကွက်က အစိုးရ၏ ဘတ်ဂျက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်သည်။ နိုင်ငံတကာတွင်လည်း အသက်အာမခံ ကုမ္ပဏီများသည် အစိုးရ ငွေချေး စာချုပ်များကို အဓိက ဝယ်ယူသူများဖြစ်ပြီး အစိုးရ၏ ဘတ်ဂျက်ပြဿနာ များကို ဖြေရှင်းပေးနေကြသည်။
“ဒါဟာ ဖွံ့ဖြိုးဆဲဈေးကွက်တွေမှာ အထူးသဖြင့် အရေးပါတယ်။ ဥပမာ ဗီယက်နမ်မှာ အသက်အာမခံ ကုမ္ပဏီတွေဟာ အစိုးရငွေချေးစာချုပ်တွေကို အဓိက ဝယ်ယူသူတွေဖြစ်ပြီး အစိုးရရဲ့ အကြွေး ၄၀ ရာခိုင်နှုန်းက သူတို့ဆီမှာ ဖြစ်တယ်” ဟုလည်း သူက ပြောသည်။
နိုင်ငံခြားသား အပြည့်အဝပိုင် အသက် အာမခံ လုပ်ငန်း ၃ ခုကို ခွင့်ပြုမည်ဆိုသော်လည်း တခြားအာမခံ လုပ်ငန်းများ အတွက် ဖက်စပ်စည်းမျဉ်းများကို အစိုးရက မကြေညာရသေးပေ။ သို့သော် မကြာသေးမီက ပြဌာန်းသော ကုမ္ပဏီများ ဥပဒေအရ ပြည်ပကုမ္ပဏီများသည် လက်ရှိပြည်တွင်းလုပ်ငန်းများတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်ခွင့် ရှိမည်ဖြစ်သည်။
ထိုအချက်သည် အထူးသဖြင့် ဘဏ္ဍာရေးကဏ္ဍတွင် ပြည်ပကျွမ်းကျင်မှုများကို အသုံးချရန် အစိုးရ၏ သေနင်္ဂဗျူဟာတွင် အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။
“ပြည်ပ အာမခံလုပ်ငန်းတွေကို ဒီမှာ လုပ်ကိုင်ခွင့်ပေးလိုက်ရင် အရင်းအနှီး၊ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေ ယူလာကြမှာပဲ။ ပူးပေါင်းဆောင်ရွက်မှုကနေ အတွေ့အကြုံရမယ်” ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးက မကြာသေးမီက အာမခံလုပ်ငန်း ဆွေးနွေးပွဲတခုတွင် ပြောခဲ့သည်။
ပြည်တွင်း အာမခံလုပ်ငန်းရှင်များက ဖက်စပ်လုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ခြင်းသည် အာမခံလုပ်ငန်း တိုးတက်ရေးအတွက် အကောင်းဆုံး ပုံစံဖြစ်သည်ဟု ယုံကြည်သည်။
“ဖွံ့ဖြိုးဆဲနိုင်ငံတခုမှာ ဖက်စပ်လုပ်ငန်းဆိုတာ လိုအပ်တယ်” ဟု ပြည်တွင်းအာမခံလုပ်ငန်းတခု ဖြစ်သော First National Insurance ၏ အကြံပေး ဦးမြင့်ဟန် ကပြောသည်။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မရှိရင် ကျနော်တို့ မတိုးတက်နိုင်ဘူး။ အာမခံကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ အစိုးရက ကန့်သတ်ထားတဲ့ ပမာဏက ကြီးမားတယ်။ ကျနော်တို့က ငွေထက် အာမခံ နည်းပညာကို ပိုလိုတယ်။ ကျနော်တို့ရဲ့ အာမခံ ဝန်ဆောင်မှု တိုးတက်ဖို့ ကျွမ်းကျင်မှုက အဓိကပဲ။ ကျနော်တို့မှာ အတွေ့အကြုံရှိတဲ့သူ အရမ်းနည်းတယ်။ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အတူလုပ်ရင် ကျနော်တို့လည်း တိုးတက်လာမယ်” ဟု သူက ပြောသည်။
ပြည်ပ အာမခံ လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ကာ မြန်မာနိုင်ငံ၏ စည်းကမ်းချက်များအတိုင်း ယှဉ်ပြိုင်စေခြင်းသည် ပြည်တွင်းလုပ်ငန်းများ တိုးတက်ရန် အခွင့်အလမ်းဖြစ်သည်ဟု မြန်မာနိုင်ငံအရေး ကျွမ်းကျင်သည့် ဘန်ကောက်အခြေစိုက် နိုင်ငံရေးသုတေသီ George McLeod က ပြောသည်။
“ပြည်ပလုပ်ငန်းတွေကို ဖက်စပ်အနေနဲ့ ခွင့်ပြုထားတော့ နိုင်ငံတကာ အာမခံလုပ်ငန်းကြီးတွေကို ယှဉ်ပြိုင်ခွင့်ပေးပေမယ့် ပြည်တွင်းလုပ်ငန်းတွေ အတွေ့အကြုံမရင့်ခင် သတ်ဖို့ အခွင့်အရေး မပေးဘူးပေါ့။ ဖက်စပ်လုပ်ငန်းပုံစံဆိုတာ ပြည်ပလုပ်ငန်းက နည်းပညာနဲ့ အသိပညာကို ပြည်တွင်းလုပ်ငန်းတွေကို လွှဲပြောင်းပေးတယ်။ အာမခံလုပ်ငန်းလို ရှုပ်ထွေးတဲ့ လုပ်ငန်းတွေမှာ ဒါမျိုးလုပ်ဖို့ လိုတယ်” ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် အာမခံလုပ်ငန်းကို ယခင်သမ္မတဦးသိန်းစိန်အစိုးရ ခေတ်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းအာမခံ လုပ်ငန်းများကို အားပေးကာ နိုင်ငံခြားအာမခံလုပ်ငန်းများကိုလည်း ပြည်တွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အစိုးရက ယှဉ်ပြိုင်မှုကို ခွင့်ပြုပြီး နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းက လက်ဝါးကြီးအုပ်ထားခြင်းကို အဆုံးသတ်ခဲ့သည်။ ထိုအချိန်မ ှစတင်ပြီး အာမခံလုပ်ငန်း ၁၂ ခုကို ခွင့်ပြုခဲ့သည်။ ထို့အပြင် အာမခံလုပ်ငန်း ထပ်မံ လွတ်လပ်ခွင့်ပေးမည် ဟူသော မျှော်လင့်ချက်ဖြင့် နိုင်ငံခြားကုမ္ပဏီ ၂၄ ခုက မြန်မာနိုင်ငံတွင် ရုံးခွဲများ လာရောက်ဖွင့်လှစ်ကြသည်။
သို့သော် လွန်ခဲ့သောနှစ်က ဗြိတိန်အခြေစိုက် MetLife သည် ၎င်း၏ ရန်ကုန်ရုံးများကို ပိတ်ပစ်ခဲ့သည်။ ဂျပန်ကုမ္ပဏီ ၃ ခုသည် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသော်လည်း ရန်ကုန်တဖက်ကမ်း သန်လျင်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန်မှ မီးနှင့်ကား အာမခံများကိုသာ အကြီးအကျယ် ထုတ်ရောင်းနေသည်ကို တွေ့ရသည်။
သို့ရာတွင် အသစ်ဖွဲ့စည်းခဲ့သည့် ပုဂ္ဂလိက အာမခံ လုပ်ငန်းများ၏ လုပ်ပိုင်ခွင့်ကို ယခုတိုင် အကြီးအကျယ် ကန့်သတ်ထားနေဆဲ ဖြစ်သည်။
“မြန်မာနိုင်ငံက အာမခံကုမ္ပဏီတွေက သက်တမ်း ၅ နှစ်တောင် မပြည့်သေးဘူး။ စည်းကမ်းထိန်းကွပ်သူတွေက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတော့ မတိုးတက်နိုင်ဘူး” ဟု ဝီလျံမောင်က ပြောသည်။
မြန်မာ့ အာမခံလုပ်ငန်းသည် အဆင့်သတ်မှတ်ချက်၊ အဓိပ္ပါယ် ဖွင့်ဆိုချက် သတ်မှတ်ချက် ပေါ်လစီနှင့် ကော်မရှင်ခများကို သတ်မှတ်နေဆဲဖြစ်သည်။
အာမခံဈေးကွက်သည် လတ်တလောတွင် အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ မီးနှင့်အိမ်ခြံမြေ အာမခံဖြစ်သည်ဟု အာမခံလုပ်ငန်း ကျွမ်းကျင်သူများက ခန့်မှန်းသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်း အောက်သာ အသက်အာမခံ ထားကြသောကြောင့် တိုးတက်မှုအလားအလာမှာ လွန်စွာကောင်းသည်။ အထူးသဖြင့် အလျင်အမြန်ကြီးထွားနေသော လူလတ်တန်းစားသည် အနာဂတ်တွင် ဖောက်သည်များ ဖြစ်လာနိုင်စရာ ရှိသည်ဟု ယူဆကြသည်။
မြန်မာနိုင်ငံ အာမခံလုပ်ငန်း၏ တိုးတက်မှုနှုန်းကို ခန့်မှန်းသူများအနက် လျှော့လျှော့ ပေါ့ပေါ့ ခန်းမှန်းသူများကပင် လာမည့် နှစ်များအတွင်း ကိန်းဂဏန်း ၂ လုံး တိုးတက်မည်ဟု ခန့်မှန်းသောကြောင့် ရင့်ကျက်ပြီးသား ဈေးကွက်များ၏ တိုးတက်မှုနှင့် ယှဉ်နိုင်သည်။
နိုင်ငံတကာ အာမခံလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အလားအလာကို မျက်စိကျနေကြသည်ဟု McLeod က ဆိုသည်။
“ဥပမာပြရရင် မြန်မာနိုင်ငံက ကြီးထွားနေတဲ့လူလတ်တန်းစားမှာ လက်တွေ့ကျတဲ့ နိုင်ငံတော်ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ ဘာမှမရှိဘူး။ မြို့ပြက ပညာရှင်တွေဟာ ပြည်တွင်းပြည်ပက နိုင်ငံတကာအဆင့်မီ ဆေးရုံတွေမှာ ကုသဖို့ ကျန်းမာရေး အာမခံကိုလိုချင်ကြမှာပဲ” ဟု သူက ပြောသည်။
“ထိရောက်ပြီး စွမ်းဆောင်ရည်ရှိတဲ့ အာမခံလုပ်ငန်း ပျံ့နှံ့ရေး ယန္တရား ထူထောင်ဖို့ လိုတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက အာမခံလုပ်ငန်း မရှိတဲ့ ကျေးလက်မှာ ရောက်နေတယ်။ ဒါကြောင့် ကိုယ်စားလှယ်စနစ် လုပ်ဆောင်ရမယ်။ အာမခံလုပ်ငန်းတွေ အနေနဲ့ သူတို့ထုတ်ကုန်ကို တနိုင်ငံလုံး ဖြန့်ချိနိုင်ဖို့ ထိရောက်ပြီး တွက်ခြေကိုက်တဲ့ နည်းလမ်းတွေပေးမယ့် ကိုယ်စားလှယ်တွေ လိုတယ်” ဟု ဝီလျံမောင်က ပြောသည်။
၂၀၁၂ ခုနှစ်မှ စတင်ပြီး အာမခံကဏ္ဍတွင် နိုင်ငံခြားရင်နှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်သော ဆွေးနွေးမှုများ ရှိပြီးကြောင်းလည်း McLeod က မှတ်ချက်ချသည်။
“နိုင်ငံခြား လုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်မှုကို ခွင့်မပြုခင် မြန်မာပြည်က စီးပွားရေးလုပ်ငန်းတွေ အတွေ့အကြုံရင့်လာအောင် အချိန် ၅ နှစ်လောက် ပေးထားတာကို မြန်မာ့စီးပွားရေး အထက်ပိုင်းလွှာက ကြိုက်ကြတယ်။ ရည်ရွယ်ချက်က မွေးကင်းစ မြန်မာ့အာမခံလုပ်ငန်းတွေရဲ့ ဈေးကွက်ရှာဖွေရေး၊ ဘဏ္ဍာရေးနဲ့ ဝန်ထမ်းစွမ်းရည်တွေ တိုးတက်ပြီး ဒေသတွင်းမှာ ယှဉ်ပြိုင်နိုင်အောင် ပျိုးထောင်ဖို့ အချိန်ပေးတာပေါ့” ဟု သူက ပြောသည်။
နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ကိုယ်စားလှယ်ရုံး ဖွင့်သည့်အဆင့်ကို ကျော်လွန်တိုးတက်ရန် အချိန်ယူရဦးမည် ဖြစ်သော်လည်း အစိုးရသည် အာမခံလုပ်ငန်းကို လွတ်လပ်ခွင့်ပေးရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးဖြစ်သည်။ အစိုးရသည် ဘဏ္ဍာရေးကဏ္ဍ တခုလုံး ပြုပြင်ပြောင်းလဲရန် အလေးအနက် လုပ်ကိုင်နေသောကြောင့် မကြာမီ ကြေညာမည့် ကနဦး အာမခံလုပ်ငန်း ခြေလှမ်းများသည် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို အားပေးရာ ရောက်ပေသည်။
( Bangkok Post သတင်းစာ ပါ Larry Jagan ၏ Insurers eye Myanmar ကို ဘာသာပြန်ဆိုသည်။)