ရန်ကုန်စတော့အိပ်ချိန်း (YSX) ရှယ်ယာ အရောင်းအဝယ်ပြုလုပ်သည့် အကြိမ်ရေ (Matching Time) ကို တနေ့လျှင် ၂ ကြိမ်ဖွင့်လှစ်နေရာမှ ယခုရက်ပိုင်းအတွင်း ၄ ကြိမ်အထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း YSX၏ အကြီးတန အမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက မနေ့က ပြောသည်။
ထိုသို့ ပြုလုပ်ရခြင်းမှာ ရန်ကုန်စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံသူ အရေအတွက်နှင့် စတော့ရှယ် ယာအရောင်းအဝယ် ပမာဏ ယခုထက်ပိုမို တိုးတက်လာစေရန် အတွက် ဖြစ်ကြောင်း သူကဆိုသည်။
ဦးသက်ထွန်းဦးက “ကျနော်တို့ အကြိမ်ရေတိုးဖို့ စမ်းသပ်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံသူ အရေအတွက် ၂၀ ရာခိုင်နူန်းကနေ ၃၀ ရာခိုင်နူန်းလောက် တိုးလာတာတွေ့ရတယ်။ ဒါကြောင့် ဒီလိုအကြိမ်ရေတိုးရင် စတော့မှာ ရင်းနှီးမြှုပ်နှံသူရော၊ အရောင်း အဝယ် ပမာဏရော တက်လာမယ်လို့ ရည်ရွယ်ပြီး တိုးလိုက်တာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ အကြိမ်တိုးရက် အတိအကျကို ကြေညာမယ်” ဟု ပြောသည်။
လက်ရှိ YSX တွင် စတော့ရှယ်ယာရောင်းချသည့် စာရင်းဝင်ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် အစုရှယ်ယာရှင် ၁ သိန်း ကျော်အနက် စာရင်းဖွင့် ရောင်းချနေသည့် အစုရှယ်ရှင်မှာ ၃၃၀၀၀ ကျော်သာရှိသေးသဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူ အရေအတွက်မှာ နည်းနေသေးကြောင်း သိရသည်။
YSX အကြီးတန်းမန်နေဂျာ ဦးမင်းသူကလည်း “ဒီလိုတိုးလိုက်တာနဲ့ တပြိုင်တည်း ဈေးနူန်းကလည်း ၄ မျိုးဖြစ်သွားမှာ ဖြစ်တဲ့အတွက် Customers တွေအနေနဲ့ ဈေးကွက်ရဲ့ ပါဝင် ပတ်သက်မှုတွေမှာလည်း များလာမှာ ဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ Matching Time တိုးခြင်း စတင်မည့်ရက်ကို ရက်ပိုင်းအတွင်း ကြေညာပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ပြုလုပ်သည့် ကြိမ်ရေကို မနက် ၁၁ နာရီတွင် ၁ ကြိမ်၊ နေ့လယ် ၁ နာရီတွင် ၁ ကြိမ် ပြုလုပ်နေရာမှ ရက်ပိုင်းအတွင်း နံနက် ၁၀ နာရီ၊ ၁၁ နာရီ၊ ၁၂ နာရီနှင့် နေ့လယ် ၁ နာရီတို့တွင် ပြောင်းလဲပြီး အကြိမ်ရေတိုး သွားမည်ဟု ၎င်းက ဆိုသည်။
“အကြိမ်ရေများတာက Customers အနေနဲ့ ရှယ်ယာ အရောင်းအဝယ်လုပ်တဲ့အခါ ရှုံးရင်လည်း ရှုံးသွားနိုင်တယ်။ ဒါပေမယ့် လုပ်ကိုင်တတ်ရင် မြတ်ရင်လည်း မြတ်နိုင်တယ်။ အဲဒီလို Improvement မျိုးဖြစ်အောင် ကျနော်တို့လုပ်ထား တာ ဖြစ်တယ်” ဟု အကြီးတန်း အမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။
နိုင်ငံတကာတွင် အသုံးပြု နေသော စတော့ Matching time ပုံစံမှာ Real time (Trading hour) တလျှောက်လုံးတွင် အရောင်းအဝယ် ပြုလုပ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယင်းကဲ့သို့ မသွားနိုင်သေးသော ကြားကာလအတွင်း Matching Time ကို ၄ ကြိမ်တိုးရန် စီစဉ်ခြင်းလည်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
၂၀၁၆ ခုနှစ်မှ စတင်ကာရန်ကုန်စတော့အိတ်ချိန်းသို့ ပထမ ပုဂ္ဂလိကဘဏ် လီမိတက် (FMI)၊ မြန်မာနိုင်ငံသားများဘဏ် လီမိတက် (MCB)၊ မြန်မာသီလဝါ အက်(စ်) အီး ဇက် ဟိုး(လ်) ဒင်း(စ်) ပတ်ပလစ် လီမိတက် (MTSH) တို့က လည်းကောင်း၊ ပထမ မြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လီမိတက် (FPB) နှင့် TMH Telecom ကုမ္ပဏီတို့က ၂၀၁၇ ခုနှစ် အတွင်း စာရင်းဝင်ကုမ္ပဏီများအဖြစ် ဝင်ရောက်ပြီး အစုရှယ်ယာများ ရောင်းချလျက်ရှိကြောင်း YSX စာရင်းများအရ သိရသည်။