မြန်မာနိုင်ငံက နိုင်ငံပေါင်း ၅၇ နိုင်ငံထံ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုး (ကျပ်ငွေ ၁ ဒသမ ၃၃ ထရီလီယံ) ရှိ ဆန်နှင့် ဆန်ကွဲများကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မတ်လ ၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန်တန်ချိန် ၂ ဒသမ ၈ သန်း တင်ပို့ရောင်းချခဲ့ရာ ဒေါ်လာ ၉၀၅ သန်းရရှိခဲ့ပြီး နိုင်ငံပေါင်း ၃၃ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၈၀၀၀၀ တင်ပို့သဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၁၅၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
ယင်းတင်ပို့ရောင်းချမှုအနက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဒေါ်လာ ၅၇၈ သန်းရရှိပြီး ရေကြောင်းတင်ပို့မှုမှ ဒေါ်လာ ၄၇၇ သန်းရရှိသည်။ ဆန်တင်ပို့မှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းဝန်းကျင်မှာ အာဖရိကဈေးကွက်အတွက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ဆိုသည်။
အရည်အသွေးမြင့်ဆန်ကို ဥရောပနိုင်ငံများသို့ တင်ပို့ပြီး အရည်အသွေးနိမ့် ၂၅ မှတ်ဆန်များကို အာဖရိကနိုင်ငံများသို့ ပို့သည်။ မြန်မာနိုင်ငံသည် ၃ နှစ်အတွင်း ဆန်တန်ချိန် ၄ သန်းတင်ပို့ပြီး ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း နေပြည်တော်တွင် မတ်လ ၆ ရက်က ကျင်းပသည့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ သတင်းအရ သိရသည်။
မြန်မာဆန်ကို အဓိကဝယ်ယူကြသည့်နိုင်ငံများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိုင်ဗရီကို့စ်၊ ဘယ်လ်ဂျီယံ၊ ဂါနာ၊ မာဒါဂက်စကာ၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ ဆီနီဂေါနှင့် ပိုလန်တို့ဖြစ်ကြသည်။
ယခင်က တရုတ်နိုင်ငံသည် မြန်မာဆန်တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းဝယ်ယူခဲ့သော်လည်း ရေကြောင်းကုန်သွယ်ရေးမှ ဈေးကွက်သစ်များရလာသဖြင့် လယ်ယာထွက်ကုန်တင်ပို့မှာလည်း တိုးမြှင့်လာခဲ့သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉နှင့် ၁၉၆၀ ပြည့်နှစ်တို့တွင် ဆန်တန်ချိန် ၁ သန်းဝန်းကျင်စီ တင်ပို့ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ဆိုသည်။