စီးပွားရေး

ရန်ကုန် ဝန်းကျင်ရှိ အိမ်ရာများ အရစ်ကျစနစ်ဖြင့် ရောင်းချသည့် အိမ်ရာပြပွဲ ကျင်းပ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ဝန်းကျင်ရှိ အိမ်ရာများအား နှစ်တို နှစ်ရှည် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသည့် ၂ ရက်တာ အိမ်ရာပြပွဲကို Sule Square ၌ ကျင်းပလျက်ရှိသည်။

ယင်းအိမ်ရာပြပွဲကို မတ်လ ၂၇ ရက်မှ ၂၈ ရက် ညနေ ၆ နာရီအထိ ကျင်းပ သွားမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ မီနီကွန်ဒို များ တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း တက်သစ်နေဝန်း ကုမ္ပဏီမှ Business Development  ဒါရိုက်တာ ကိုဇွဲထက်အောင်က ဧရာဝတီသို့ ပြောသည်။

ကိုဇွဲထက်အောင်က “ကျနော်တို့ အခု ဆောက်နေတာကတော့ တိုက်အမျိုးအစား ၂ မျိုး ၂ စားရှိတယ်။ တခုကတော့ ဓာတ်လှေကား ပါတဲ့ မီနီကွန်ဒို တိုက်ခန်းတွေ နောက်တခုက ရိုးရိုးတိုက်ခန်းလေးတွေ ရောင်းပါတယ်။ ကနဦး ပေးသွင်း ငွေ က ၃၅ ရာခိုင်နှုန်း ဖြစ်ပါတယ်” ဟုလည်း ပြောပြသည်။

အဆိုပါ အိမ်ရာနှင့် အိမ်ခြံမြေဆိုင်ရာ အရောင်းပြပွဲတွင် ပန်းလှိုင်အိမ်ရာ၊ ကန်သာယာ စင်တာ၊ စင်ထရယ် နှင့် တက်သစ် နေဝန်း အစရှိသော ဆောက်လုပ်ရေး ကုမ္ပဏီများမှ အိမ်ရာများကို ၁၈ လ၊ လ ၃၀ ၊ ၁ နှစ်မှ ၁၀နှစ် ၊ ၁ နှစ် မှ ၁၅ နှစ် အစရှိ သဖြင့် နှစ်တို၊ နှစ်ရှည်စနစ် ရောင်းချပေးလျက်ရှိပြီး ကနဦးပေးသွင်းငွေ အဖြစ် အိမ်ရာတန်ဖိုး၏ ၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း ပေးသွင်းရမည်ဟု ဆိုသည်။

အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့် တိုက်ခန်းနေရာများမှာ တောင်ဥက္ကလာ၊ ဗိုလ်တထောင်၊ သင်္ဃန်းကျွန်း၊ သာကေတ အစရှိသော မြို့နယ်များ၌ ဆောက်လုပ် ရောင်းချပေးမည် ဖြစ်ပြီး ဈေးနှုန်းများ အနေဖြင့် ဓာတ်လှေကားပါ တခန်းလျှင် ကျပ် သိန်း ၁၂၀၀ မှ ၁၃၀၀ ကြားနှင့် ရိုးရိုးတိုက်ခန်း တခန်းလျှင် ကျပ်သိန်း ၃၀၀ မှ ၅၀၀ ကျော်အထိ ဖြစ်ကြောင်း သိရသည်။

အခန်းအကျယ်အဝန်း အနေဖြင့် ရိုးရိုးတိုက်ခန်းမှာ ၁၈ ပေ ၅၄ ပေ အကျယ်အဝန်းနှင့် သာကေတ၊ ဗိုလ်တထောင် မြို့နယ် တို့တွင် တည်ဆောက်လျက် ရှိပြီး မီနီကွန်ဒိုများမှာ ၂၄ ပေ၊ ၄၇ ပေ အကျယ်နှင့် တောင်ဥက္ကလာပ မြို့နယ် တွင် ရှိကြောင်း တက်သစ် နေဝန်း ကုမ္ပဏီမှ သိရသည်။

“ကျနော်တို့ရဲ့ ထူးခြားချက်ကတော့ တိုက်ခန်းတွေက အိမ်တွင်းအပြင်အဆင် အပြည့်ပါတယ်။ တိုက်ခန်း ဝယ်ပြီဆိုတာ နဲ့ တခါတည်း ဝယ်ယူတဲ့သူက တက်နေရုံပဲ။ ထပ်ပြီးတော့ ပြင်ဆင်တာတို့ ပြန်ပြီးတော့ တိုက်ခန်း ပရိဘောဂ အသုံး အဆောင်တွေ ဝယ်တာတို့ လုပ်စရာမလိုဘူး။ တိုက်ဆောက်ပြီးရင် နေရုံပဲ၊ အဲဒီလောက်ထိ ကျနော်တို့ လုပ်ပေးထား ပါတယ်” ဟု ကိုဇွဲထက်အောင်က ပြောသည်။

တိုက်ခန်းများ ဝယ်ယူရာတွင် ငွေပေးချေမှုအမျိုးအစား ၃ မျိုးရှိပြီး ပထမတခုမှာ ကနေဦးသွင်းငွေ ၃၅ ရာခိုင်နှုန်း ပေး သွင်း ပြီးလျှင် ကျန်သည့်ငွေများအား အတိုးမဲ့ ၁၈ လပေးသွင်းရမည် ဖြစ်ကြောင်း၊ ဒုတိယ ပုံစံမှာ ဘဏ်နှင့် ချိတ်ဆက် ကာ ၅ နှစ်မှ ၁၀ နှစ်အထိ ပေးသွင်းနိုင်မည် ဖြစ်ကြောင်း၊ ကျန်တခုမှာ အပြည့်အဝ ပေးသွင်းဝယ်ယူနိုင်ခြင်း တို့ ဖြစ်ကြောင်း ကိုဇွဲထက်အောင်က ရှင်းပြသည်။

“အတိုးမဲ့ဟာကျတော့ လစဉ်ပေးရမှာက နည်းနည်းလေး ငွေပမာဏ ပိုများတယ်။ ကျပ် ၄၅ သိန်းတို့ ကျပ် ၁၅ သိန်း တို့ဖြစ် သွားတယ်။ ဘဏ်နဲ့ ကျတော့ နည်းသွားတယ်။ ကျပ် ၇ သိန်း၊ ကျပ် ၈ သိန်း လောက်ပဲ ရှိတယ်။ အများဆုံး မှ ၁၅ သိန်းပေးရမယ်” ဟုလည်း ကိုဇွဲထက်အောင်က ပြောသည်။

တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းမှာ လူတိုင်းအိမ်ရာများ ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ပြီး လစာများ ထဲမှ အရစ်ကျပေးဝယ်နိုင်ရန် ဘဏ်များနှင့် ချိတ်ဆက် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ရောင်းချခြင်း ဖြစ်ကြောင်း၊ ဘဏ် မှ တဆင့် နှစ်ရှည်ဝယ်ယူလျှင် သတ်မှတ်ထားသော အတိုးနှုန်းအလိုက် ပေးရမည်ဖြစ်ကြောင်း ကုမ္ပဏီများထံမှ သိရသည်။

သာကေတ မြို့နယ်တွင် တိုက်ခန်းဝယ်ယူရန် အတွက် လာရောက်လေ့လာသူ မလဝန်း က “ကျမတို့ကကျတော့ ကုမ္ပဏီ ဝန်ထမ်းလည်းဖြစ်တော့ တိုက်ခန်းကို အရမ်းဈေးကြီးတာလည်း မဝယ်နိုင်ဘူး။ ကျပ် သိန်း ၃၀၀၊ ၄၀၀ တန် လောက်ပေါ့။ ဒါပေမယ့် ကနဦး ပေးသွင်းငွေက ဥပမာ ၃၀၊ ၃၅ ရာခိုင်နှုန်းလောက် ဆိုရင် ကျပ်သိန်း ၁၂၀ လောက် ပေးရမယ် ဆိုတော့ သိပ်တော့ မတတ်နိုင်ဘူး။ နှစ်ယောက်လောက် ပေါင်းပြီးဝယ်မှ တတ်နိုင်မယ်”ဟု ပြောဆိုသည်။

ယင်းအိမ်ရာအရောင်းပြပွဲ ပြီးသွားလျှင်လည်း နှစ်တို နှစ်ရှည် အရစ်ကျစနစ်ဖြင့် အိမ်ရာ ရောင်းချမှုများကို လာမည့် ဇွန်လနှင့် ဇူလိုင်လများ၌ ထပ်မံ ရောင်းချပေးသွားမည်ဟု တက်သစ်နေဝန်း ကုမ္ပဏီမှ သိရသည်။

ယင်းသို့ အိမ်ရာ အရစ်ကျ ရောင်းချမှုများကို လက်ရှိ၌ အစိုးရက လုပ်ဆောင်ပေးနေပြီး အစိုးရ ရောင်းချပေးသည့် အိမ်ရာများ အနေနှင့် ရန်ကုန်မြို့စွန် မြို့နယ်များတွင် ရှိခြင်း၊ အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရခြင်း စသည့် အခက်အခဲ များလည်း ရှိကြောင်း အိမ်ရာ ဝယ်ယူလိုသူများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading