စီးပွားရေး

၂၀၁၈ ကားဈေးကွက် ဘယ်လဲ ဘာလဲ

Want create site? Find Free WordPress Themes and plugins.

တကယ်ဆိုရင် ၂၀၁၈ ထဲ ရောက်နေခဲ့တာ ၃ လ ရှိနေပါပြီ။ ဒါပေမယ့် ဘဏ္ဍာရေးနှစ် သဘောတရားအရတော့ အခုမှ နှစ်သစ် ရောက်မယ်ပေ့ါ။ အခွန်ပုံစံ အသစ်တွေလည်း လာမယ်ပေါ့။ အခုနှစ် ကားဈေးကွက်အတွက် လှုပ်ခတ်စရာ အကြောင်ရင်း များများစားစား မရှိခဲ့ပေမယ့် လက်ရှိ အစိုးရသက်တမ်း အစကတည်းက မြင့်တက်သွားတဲ့ အခွန်နဲ့ ကားဈေးတွေအတွက် ဖြေလျှော့မှု အနည်းငယ် ရှိလာလို့ အရင်နှစ်တွေထက် စာရင်တော့ နည်းနည်း ထူးမယ့်နှစ်လို့ ဆိုရပါလိမ့်မယ်။

လိုင်စင်မဲ့ကားတွေ ပိတ်တော့မှာလား

ဒီမေးခွန်း အတွက် အဖြေကို ကိုယ်တိုင်ပဲ စဉ်းစားကြည့်ပါတော့။ တကယ်တမ်း ပြည်တွင်းမှာ လိုင်စင်မဲ့ကားတွေ ကုန်အောင် ဖမ်းနိုင်မှာလား။ စာရင်း အတိအကျ မရှိပေမယ့် ယခင့်ယခင်က သတင်းတွေမှာ ဖတ်ဖူး၊ ဖတ်မိ သလောက် ပြည်တွင်းမှာ ခန့်မှန်း လိုင်စင်မဲ့ကား အစီးရေက မနည်းပါဘူး။ ရန်ကုန်လို နေရာမှာလည်း လိုင်စင်မဲ့ ကားတွေ အများကြီး ရှိပါတယ်။ ဒီတော့ စာဖတ်သူတို့ အနေနဲ့လည်း အစိုးရ အနေနဲ့ လိုင်စင်မဲ့ကားတွေ ဖမ်းမယ် ဆိုရင်တောင် စီမံချက်တော့ ကျချင်ကျမယ်။ ဖမ်းလို့တော့ ကုန်မှာ မဟုတ်ဘူးဆိုတာ စိတ်ထဲက သိနေလောက် ပါတယ်။

ဒါပေမယ့် လိုင်စင်မဲ့ ကားတွေ ပိတ်တော့မှာလားလို့ အခုစာပိုဒ်လေး ရေးရတာက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မြန်မာ့တပ်မတော်က လိုင်စင်မဲ့ကားတွေ အဓိက ဝင်ရာ လမ်းကြောင်း တစ်ခု ဖြစ်တဲ့ မြန်မာ-ထိုင်း နယ်စပ်၊ မြဝတီမှာရှိတဲ့ နယ်ခြားစောင့်တပ်ကို ဝင်စစ်တယ်၊ လိုင်စင်မဲ့ ကားတွေ ဝင်နေတဲ့ နယ်စပ်စစ်ဆေးရေးဂိတ် ၂ ခုကို ပိတ်ဖို့ ပြောလာတာကြောင့်ပါ။ ဒီတော့ ပြည်တွင်း လိုင်စင်မဲ့ကားဈေးကွက်ကိုလည်း အနည်းငယ်တော့ လှုပ်ခတ်မှု ရှိသွားတယ်ပေါ့။

မြဝတီနယ်တွင်းရော မြန်မာပြည် အထက်ပိုင်း ပြင်ဦးလွင် လိုင်စင်မဲ့ ကားဈေးကွက် အထိအောင် ကားဈေးနှုန်း အနည်းငယ် တက်သွားတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဒါပေမယ့် အစကတည်းက ဈေးချိုတဲ့ လိုင်စင်မဲ့တွေ ဖြစ်လို့ သိသာလောက်အောင် ဈေးတက်သွားတာ မဟုတ်ဘဲ ကျပ် ၁၀ သိန်းလောက်ပဲ ကွာဟချက် ဖြစ်နေတယ်လို့ ဈေးကွက်ကနေ သိရပါတယ်။

တဖက်ကလည်း နယ်ခြားစောင့်တပ်တွေရဲ့ နယ်စပ် စစ်ဆေးရေးဂိတ်တွေကို တပ်မတော်က ဝင်ရောက် စစ်ဆေးမှုနဲ့ ကိုင်တွယ်မှုတွေဟာ တဖက်နဲ့ တဖက်အကြား အငြင်းပွားစရာ ကိစ္စတွေ ရှိလို့ စစ်ဆေးခြင်း ဖြစ်တယ်လို့ မြဝတီနယ်ခံတချို့ရဲ့ Facebook သတင်း Comment တွေမှာ တွေ့ရပါတယ်။ ဒါလည်း အမှန်တကယ် ဖြစ်နိုင်ပါတယ်။ လက်ရှိ ပြည်တွင်းကို လိုင်စင်မဲ့ကား တင်သွင်းမှု နယ်စပ်ဝင်ပေါက်တွေ အများကြီး ရှိပေမယ့် မြဝတီနယ်ကိုပဲ ဝင်စစ်တယ်၊ ကားလောကမှာ သတင်း ကြီးကြီးမားမား မထွက်လိုက်ဘဲ ရုတ်တရက် ဝင်စစ်တယ်၊ တပ်မတော်ကပဲ အဓိက ကိုင်တွယ်တယ်၊ ဒီလို အချက်တွေက မြဝတီနယ်ခံတွေ ပြောသလို တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ အကြား အကြောင်းရှိလို့ အချင်းချင်း ကိုုင်တွယ်ပုံပဲ ရပါတယ်။

ပြင်ဦးလွင် လိုင်စင်မဲ့ ကားဈေးကွက် အတွင်းက ဝယ်၊ ရောင်းတွေကလည်း ဒီလိုပဲ သုံးသပ်ပါတယ်။ မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်မယ်လို့ ယူဆနေကြပါတယ်။ ဒါဆိုရင်တော့ လိုင်စင်မဲ့ကားတွေ ပိတ်တော့မှာလား ဆိုတဲ့ မေးခွန်းအတွက် အဖြေက ပိတ်မယ်၊ မပိတ်ဘူး ဆိုတာထက် အခွန်မဲ့နေတဲ့ လိုင်စင်မဲ့ ဘယ်ကားကိုမှတော့ နိုင်ငံတော်က လိုချင်၊ ရှိချင်မှာ မဟုတ်ပေမယ့် ချက်ချင်းတော့ ပိတ်နိုင်၊ ဖမ်းနိုင်၊ အရေးယူနိုင်မယ် မထင် သေးပါဘူး။

လတ်တလော ပြည်တွင်း ကားဈေးကွက်

လက်ရှိ အစိုးရသစ် အာဏာရလာပြီး နောက်ပိုင်း ဈေးနှုန်း မြင့်တက်သွားတဲ့ ပြည်တွင်း ကားဈေးကွက် အနေအထားမှာ ပြည်သူ အများစုက ကားဈေး ပြန်ကျစေချင်ပေမယ့် အခွန်အနေအထားအရတော့ ဈေးက တင်းခံနေခဲ့တာ ကြာပါပြီ။

ဒါပေမယ့် ၂၀၁၈ ခုနှစ် အခွန်အကောက်ဥပဒေအရ အင်ဂျင်ပါဝါ ၁၅၀၁ စီစီကနေ ၂၀၀၀ စီစီ အကြား အင်ဂျင်တပ် မော်ဒယ်တွေက ယခင် အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း ပေးသွင်းရပေမယ့် အခုတော့ ၁၀ ရာခိုင်နှုန်းပဲ သွင်းရပါတော့မယ်။ ဒီမော်ဒယ်တွေက ၁၅၀၀ စီစီ အောက်ဖက် အင်ဂျင်တပ် မော်ဒယ်တွေ ပြီးရင် ပြည်တွင်းမှာ ဒုတိယ လူကြိုက်အများဆုံး မော်ဒယ်တွေပါ။ ဒါပေမယ့် ခက်နေတာက ကားဈေးနှုန်း၊ အခု အခွန်လျှော့လိုက်တဲ့ အင်ဂျင်တပ် မော်ဒယ်တွေက လူကြိုက်များ မော်ဒယ်တွေ အနေနဲ့ Toyota Wish လို မော်ဒယ်တွေ ရှိနေတယ်။ ဒီမော်ဒယ်တွေက လက်ရှိ ဈေးကွက် အတွင်းမှာ ကျပ်သိန်း ၃၀၀-၄၀၀ ဝန်းကျင်တွေ ဖြစ်နေတော့ အခွန် ၁၀ ရာခိုင်နှုန်း လျော့သွားလို့ ဈေးနှုန်း ကျပ်သိန်း ၂၀ လောက် သက်သာသွားနိုင်တာက လွဲရင် ထူးခြားလောက်အောက်၊ ယခင် အစိုးရလက်ထက်တွင်း ဈေးနှုန်းလို ပြန်ကျဖို့ မရှိသေးပါဘူး။

အထူးသဖြင့်တော့ ဝင်ငွေရလမ်း မပြနိုင်တဲ့ ဝင်ငွေအပေါ် စည်းကြပ်တဲ့ ဝင်ငွေခွန် ကောက်ခံတဲ့ နှုန်းထား ပြောင်းလဲမှု မရှိသေးလို့ ကားဈေးတွေ မကျနိုင်ဘဲ ဖြစ်နေတယ်လိ့ု ကားလောက အတွင်း သုံးသပ်ပါတယ်။ လက်ရှိ အထိအောင်လည်း အဆိုပါ ဝင်ငွေခွန်နဲ့ ပတ်သတ်ပြီး ကောက်ခံမှု ပုံစံသစ် မလာသေးပါဘူး။ အနီးစပ်ဆုံး အနေနဲ့ ဇွန်လအတွင်းမှာ ဝင်ငွေခွန်နဲ့ ပတ်သတ်ပြီး လွှတ်တော်တွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရတာကြောင့် အဆိုပါ ဆွေးနွေးချက်နဲ့ ဆုံးဖြတ်ချက်တွေကိုပဲ စောင့်နေရဖို့ ရှိပါတယ်။

ကားဈေးဆက်တက်နိုင်သလား

အခွန်အကောက် ဥပဒေပုံစံနှုန်းထား အသစ်အရတော့ အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း ထိအောင် နည်းနည်း လျှော့ပေးလိုက်ပါတယ်။ တခြားတော့ သိသာအောင် ပြောင်းလဲမှု မရှိဘူးပေါ့။ ဒါတောင် ၁၅၀၁ စီစီနဲ့ ၂၀၀၀ စီစီ အတွင်း အင်ဂျင်တပ် မော်ဒယ်တွေပါ။ ဒီတော့ အစိုးရသစ် လက်ထက် အစကနေ ဈေးမြင့် လာနေတဲ့ ကားဈေးတွေ အခုနှစ်ရော ဆက်တက်နိုင်ပါ့မလား။

ပြည်တွင်း ကားဝယ်၊ ရောင်း ဈေးကွက်အတွင်းက ခန့်မှန်းချက်တွေ အရတော့ ကားဈေးဆက်တက်ဖို့ထက် ကျဖို့ မရှိ၊ တက်ဖို့ မရှိ၊ တန်နေ့ဖို့ပဲ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါကလည်း အဓိက အနေနဲ့ အချက် ၂ ချက်ကြောင့် သူတို့ သုံးသပ်ကြတာပါ။

ပထမ တချက်က ကားသစ်တွေ ပြည်တွင်းမှာ ဝယ်လို့ ရနိုင်လာမှုပါ။ အထူးသဖြင့်တော့ ကျပ်သိန်း ၂၅၀ ဝန်းကျင်တန် ဈေးနှုန်းသင့်၊ အရည်အသွေးသင့်၊ မော်ဒယ်သစ်ပြီး မြင့်တဲ့ အိမ်စီးကားလေးတွေ ပြည်တွင်းမှာ ရနိုင်လာပါတယ်။ Suzuki Ciaz နဲ့ Nissan Sunny လို မော်ဒယ်တွေပေါ့။ အရစ်ကျနဲ့လည်း ရနိုင်လာသေးတယ်၊ ပြီးတော့ ပြည်တွင်းမှာပဲ တပ်ဆင် ထုတ်လုပ်တယ် ဆိုတဲ့ မော်ဒယ်တွေက ရန်ကုန်လိုင်စင်နဲ့ပါ ရနိုင်နေပါတယ်။ ဒါဆို စလစ်တွေ ကပ်စရာ မလိုတော့ဘူးပေါ့။ Ford Ranger ဆိုရင် ပြီးခဲ့တဲ့ နှစ် အတွင်းက ရန်ကုန်လိုင်စင်နဲ့ ရောင်းချနိုင်ကတည်းက ရောင်းအား သိသိသာသာ တက်သွားခဲ့တယ်လို့ သိရဖူးပါတယ်။

ဒီလို ကိုယ်ထည်လည်း စုံတယ်၊ ဈေးလည်း သင့်တယ်၊ လိုင်စင်လည်း လွယ်တယ်၊ ကားသစ်ဖြစ်လို့ အာမခံတွေပါ ပါနေတယ်၊ အရစ်ကျ ရနိုင်တယ်၊ ဒီလို အားသာချက်တွေ ရှိတဲ့ ကားသစ်တွေ ဈေးကွက်ဝင်လာနေတော့ ဂျပန် တစ်ပတ်ရစ် မော်ဒယ်တွေ ဈေးတက်ချင်တိုင်း တက်မရတော့တာပါ။

လက်ရှိ Ciaz နဲ့ Sunny လို မော်ဒယ်တွေနဲ့ အင်ဂျင် အရွယ်တူ၊ အရည်အသွေး သိပ်မကွာနိုင်မယ့် ဂျပန်တပတ်ရစ် မော်ဒယ်တွေရဲ့ ဈေးနှုန်း အနေအထား မှာ ကားသစ်တွေနဲ့ သိပ်မကွာတော့လို့ နောက်ထပ်လည်း ဈေးထပ် တက်လို့ မရတော့ပါဘူး။ ဈေးထပ်တက်ရင် ကားလည်း ရောင်းထွက်မှာ မဟုတ်တော့ပါဘူး။ ဒီတော့ ကားသစ် ဈေးကွက် တွင်ကျယ်လာမှုက တပတ်ရစ် ကားဈေးနှုန်းတွေကို ထပ်မတက်စေဘဲ ထိန်းထားမိစေပါလိမ့်မယ်။

နောက်တချက်ကတော့ အထက်မှာ ပြောခဲ့သလို အခွန်နှုန်းထား လျော့လာတယ်၊ ရန်ကုန်လိုင်စင်တွေ ပြန်ပေးဖို့ အစီအစဉ်တွေ လုပ်နေပြီး ဆွေးနွေးမှုတွေ ရှိနေတယ်။ ဒီလို အခွန်ကောက်ခံမှု ပုံစံ အသစ်တွေ၊ ရန်ကုန် လိုင်စင်တွေ ပြန်ရလာနိုင်မယ့် သတင်းတွေအရ ကားဝယ်လက်တွေကလည်း စောင့်ကြည့်မှုတွေ ရှိလာသလို တဖက်က ဝယ်၊ ရောင်းတွေကလည်း ဈေးအရမ်း မမာဘဲ ထားကြတော့မှာ ဖြစ်လို့ပါ။

ဘဏ္ဍာရေးနှစ်သစ်ကနေ ကြိုဆိုပါတယ်။ ပြည်တွင်းကားဈေးကွက်ဟာ လက်ရှိ အစိုးရ လက်ထက်မှာ မိုးမှောင် ကျနေပေမယ့် သန်းခေါင်ထက် ညဉ့်နက်စရာ မရှိတော့ပြီမို့ နောက်ထပ် ကားဈေးတွေထပ် တက်ဖို့ မရှိသေးဘူးလို့ သုံးသပ်မိပါတယ်။ အစိုးရ အနေနဲ့လည်း သက်တမ်း ၄ နှစ်အတွင်း အနည်းငယ် ဖြေလျော့မှု လုပ်ဆောင် လာသလို မြင်မိပါတယ်။ ကားသစ်တွေ တင်သွင်း စီးနင်းစေချင်လို့ တပတ်ရစ်ကား တင်သွင်းမှုကို တင်းကျပ်ထားပေမယ့် ရလဒ်က ကားဈေးနှုန်း မြင့်တက်သွားမှုဆီကို ဦးတည်စေခဲ့ပါတယ်။ ဒါပေမယ့် အထက်မှာ ပြောခဲ့သလို ကားသစ်နဲ့ ကားဟောင်း၊ ဈေးနှုန်း ကွာဟချက် သိပ်မရှိတော့လို့ လူကြိုက်များ အင်ဂျင် အသေးတပ် အိမ်စီးကားတွေ ဈေးထပ်မတက်နိုင်တော့ပါဘူး။

ဒါဆို တပတ်ရစ်ကားတွေ ဘာကြောင့် ဈေးမာနေတာပါလဲ။ ကားဈေးကွက် ကျွမ်းကျင်သူတချို့ရဲ့ သုံးသပ် ချက်တွေ ရှိပါသေးတယ်။ အဲဒါကတော့ လက်ရှိ အကြီးစား တပတ်ရစ် ကားတင်သွင်းသူတွေက ပိုက်ဘော မိတယ် ဆိုတဲ့ စကားလုံးနဲ့ သူတို့ လက်ထဲမှာ ဈေးမြင့်၊ အခွန်မြင့် အနေအထား သွင်းထား၊ ကိုင်ထားတဲ့ ကားတွေ ရှိနေပါတယ်။ ဒါကတော့ သုံးသပ်သူတွေရဲ့ အမြင်ပါ။ ဒီတော့ သူတို့ ဈေးမချချင်ပါဘူး။ ဒါပေမယ့် ဈေးလည်း ထပ်တက်ဖို့ မလွယ်တော့ပါဘူး။ သင့် အနေနဲ့ ဈေးကြီး မမိဖို့ပဲ လိုမယ်လို့ ထင်မိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading