စီးပွားရေး

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူအထိနာမလဲ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်ပြည်ထောင်စုသည် ကုန်သွယ်ရေးစစ်ပွဲတွင် အလွယ်တကူ အောင်မြင်နိုင်သည်ဟု ထရမ့်က တွစ်တာတွင် ရေးသောအခါ လှောင်ပြောင်ခံရသည်။ သို့သော် ကုန်သွယ်ရေး လိုငွေပြနေသောနိုင်ငံများသည် ပိုငွေပြနေသော နိုင်ငံများထက် ကုန်သွယ်ရေးစစ်ပွဲတွင် အသာရသည်ဟူသော သုံးသပ်ချက်တွင် အမှန်တရားအချို့ရှိကြောင်း ဘောဂဗေဒပညာရှင်များက ပြောသည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးပိုငွေသည် ၎င်း၏ စီးပွားရေးကို နှစ်စဉ်ဖောင်းပွစေပြီး အသားတင်သွင်းကုန်များသည် အမေရိကန် စီးပွားရေးတိုးတက်မှုကို လျှေ့ာကျစေသည်။ ထိုအမြင်အရကြည့်လျှင် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလျှော့ချရသည်ကို သူ့အနေဖြင့် ရှီကျင့်ဖျင်လောက် ကြောက်စရာမလိုကြောင်းပြောခြင်းအတွက် ထရမ့်မှန်သည်။

သို့သော် ထရမ့်နှင့်သူ၏ အကြံပေးများသည် အသာစီးရရန် မည်သို့လုပ်ဆောင်ရမည်ကို နားလည်ကြောင်း ယုံကြည်လာစေရန် ယနေ့အထိ လုပ်နေသော အိမ်ဖြူတော်၏ လုပ်ရပ်များက မစွဲဆောင်နိုင်သေးပေ။

“သဘောတရားအရပြောရရင်တော့ ကုန်သွယ်ရေးစစ်ပွဲမှာ လိုငွေပြပြီး စီးပွားရေးကို ကဏ္ဍပေါင်းစုံမှာ ဖြန့်ခွဲချထားတဲ့နိုင်ငံက နိုင်မှာဖြစ်ပြီး ပိုငွေပြနေတဲ့နိုင်ငံက ရှုံးမယ်။ ဒါကြောင့်မို့လို့ ဒါဟာ တဘက်သက်ပဲ ဖြစ်တယ်” ဟုဘေ့ဂျင်းတက္ကသိုလ် Guanghua စီမံခန့်ခွဲရေးကျောင်းမှ ဘဏ္ဍာရေးပါမောက္ခ မိုက်ကယ်ပက်တစ်က ပြောသည်။

“ဒီလိုပြောလို့ လိုငွေပြနေတဲ့နိုင်ငံတွေ ဒုက္ခမရောက်သွားဘူးလို့ မဆိုလိုဘူး။ ကံဆိုးချင်တော့ အမေရိကန်ပြည်ထောင်စုက ကျင့်သုံးမယ့်နည်းလမ်းက လိုငွေပြဿနာကို ဖြေရှင်းမယ့်နည်းလမ်း မဟုတ်သေးဘူး” ဟု သူပြောသည်။

ထုံးစံအားဖြင့် လိုငွေပြနေသော နိုင်ငံများအနေဖြင့် မည်သည့်အတွက် ရှုံးနိမ့်ရသည်ကို နားလည်ရန် ပဲပိစပ် သို့မဟုတ် သံမဏိ ကဲ့သို့သော ကုန်စည်တခုချင်းစီကို အာရုံစိုက်ခြင်းထက် ကုန်သွယ်ရေးပိုငွေ၊ လိုငွေကို ဖြစ်စေသည့် ကျယ်ပြန့်သောစီးပွားရေး စနစ်ကို နားလည်ရန် လိုသည်။

ပို့ကုန်နှင့် သွင်းကုန်ကြား ချိန်ခွင်လျှာညီမျှမှုသည် အမျိုးသားစုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုအကြား ကွာဟမှုနှင့် အလားတူသည်ဟု အခြေခံဘောဂဗေဒ သဘောတရားက ဆိုသည်။ အမျိုးသားစုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုအကြား ကွာဟမှုကို ဘောဂဗေဒပညာရှင်များက ပိုမိုအရေးပါသည်ဟု သတ်မှတ်ကြသည်။ စုဆောင်းမှုနှင့် ရင်နှီးမြှုပ်နှံမှုကြားကွာဟမှုကသာ ကုန်သွယ်ရေးချိန်ခွင်လျှာ ညီမျှမှုကို အဆုံးအဖြတ်ပေးပြီး အပြန်အလှန် ဆက်စပ်နေသည်တော့ မဟုတ်ပေ။

ထိုအမြင်အရကြည့်ပါက တစုံတခုသော ကုန်စည်ကို ပစ်မှတ်ထားသော ကုန်သွယ်ရေးမူဝါဒအစီအစဉ်များသည် လမ်းလွဲလိုက်ခြင်းသာ ဖြစ်နိုင်ခြေများသည်။ သံမဏိခွန်သည် သံမဏိတင်သွင်းမှုကို ပြတ်တောက်သွားစေမည်ဖြစ်ပြီး စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု ညီမျှခြင်းကို မချိန်ညှိနိုင်လျှင် အခြားသောသွင်းကုန်မျ ားအလားတူ တိုးလာမည်ဖြစ်လာကာ ကုန်သွယ်ရေးမညီမျှမှု တခုလုံးအနေဖြင့် အပြောင်းအလဲရှိမည် မဟုတ်ပေ။

အမေရိကန်ပြည်ထောင်စုအနေဖြင့်ဆိုလျှင် ကုန်သွယ်ရေးမညီမျှမှုကို အဆုံးသတ်ရန် ရင်းနှီးမြှုပ်နှံမှုထက် စုဆောင်းမှု ပိုမိုလိုအပ်သည်။ အမေရိကန်နိုင်ငံ၏ စုဆောင်းမှုကို မြှင့်တင်ပေးမည့် မူဝါဒများက အထောက်အကူပြုနိုင်သော်လည်း မကြာသေးမီကပြုလုပ်ခဲ့သည့် လိုငွေကိုပံ့ပိုးမည့် အခွန်ဖြတ်တောက်ခြင်းနှင့် အသုံးစရိတ်တိုးရေ းလှုပ်ရှားမှုမှာမူ ဆန့်ကျင်ဖက်သို့ သွားနေသည်။

“သွင်းကုန်အခွန်က ကုန်သွယ်ရေးမညီမျှမှုအပေါ် သက်ရောက်မှု သိပ်များများ မရှိဘူး။ စီးပွားရေးစွမ်းဆောင်ရည်အပြည့်နီးပါးရှိနေပြီး အမေရိကန်ဝယ်လိုအားတက်နေရင် တယောက်ယောက်ဆီကနေ တင်သွင်းနေရမှာပဲ” ဟု ယခင်အမေရိကန်ဘဏ္ဍာရေးဌာန တရုတ်နိုင်ငံရေးရာ ဝါရင့်ညှိနှိုင်းရေးမှူးနှင့် ယခု TCW အုပ်စု ထွန်းသစ်စဈေးကွက်များဆိုင်ရာ အစိုးရငွေရန်ပုံငွေ သုတေသနဌာနမှ မန်နေဂျင်းဒါရိုက်တာ ဒေးဗစ်လိုဗင်ဂျာ ကပြောသည်။ “ဒါကရေပူဖောင်းလိုပဲ တနေရာကို ညှစ်လိုက်ရင် တခြားတနေရာမှာ သွားဖောင်းမှာပဲ” ဟု သူပြောသည်။

ဘဏ္ဍာရေးမူဝါဒအပြင် တရုတ်နှင့် အခြားကုန်သွယ်ရေးပိုငွေပြနိုင်ငံများ၏ အမေရိကန်ငွေတိုက်စာချုပ်နှင့် အခြားဒေါ်လာဖြင့် တန်ဖိုးသတ်မှတ်သော ရင်းနှီးမြှုပ်နှံမှုများ ဝယ်ယူခြင်းဖြင့် အမေရိကန်လိုငွေကို ငွေကြေးထောက်ပံ့နိုင်သော စွမ်းရည်ကို အမေရိကန်ပြည်ထောင်စုက ကန့်သတ်နိုင်သည်။

ငွေရင်းထိန်းချုပ်မှု ချမှတ်ခြင်းသည် ဘဏ္ဍာရေးပွင့်လင်းမှုနှင့် ငွေရင်းစီးဆင်းမှု လွတ်လပ်ခွင့်ပေးရေး အမေရိကန်ကတိကဝတ်ကို အခြေခံကျသော ငြင်းဆန်မှုဖြစ်သည်။ ထိုကတိကဝတ်သည် အမေရိကန်ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးအဖြစ်ကျားကန်ထားပေးခြင်းဖြစ်သည်။ သို့သော် ထရမ့် သို့မဟုတ် သူ၏ အကြံပေးများသည် ထိုသို့သောကိစ္စများကို အလေးထားသည့် လက္ခဏာ မရှိသလောက်ဖြစ်နေသည်။ အထူးသဖြင့် ဂယ်ရီကိုဟင် ဦးဆောင်သော တကမ္ဘာလုံးဆက်စပ်စဉ်းစားသူများ စီးပွားရေးအကြံပေးအဖွဲ့တွင် မရှိတော့သောအခါ အခြေအနေ ပိုမိုဆိုးရွားလာသည်။

ဤသို့သောနည်းဖြင့် တိုက်ခိုက်သော ကုန်သွယ်ရေးစစ်ပွဲသည် တရုတ်နိုင်ငံကို အကြီးအကျယ် ထိခိုက်စေပြီး အမေရိကန်အတွက် အကျိုးအမြတ်အချို့ တော့ ရလာနိုင်သည်။

အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးတိုက်ပွဲသည် တရုတ်နိုင်ငံ၏ စုစုပေါင်း အမျိုးသားထုတ်ကုန်- GDP ကို ၁.၃ ရာခိုင်နှုန်း မှ ၃.၂ ရာခိုင်နှုန်း အထိ ထိခိုက်နိုင်သည်ဟု ရှန်ဟိုင်းရှိ Standard Chartered မှ ဝါရင့်တရုတ်ဘောဂဗေဒပညာရှင် ဝေလီက ပြောသည်။ ၃.၂ ရာခိုင်နှုန်းမှာ တရုတ်ပို့ကုန်အားလုံးကို အမေရိကန်နိုင်ငံက ပိတ်ပင်သည့် အဆိုးရွားဆုံး အခြေအနေတွင်ဖြစ်လာမည့် အတိုင်းအတာဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ဆုံးရှုံးမှုမှာ ဝ.၂ ရာခိုင်နှုန်း မှ ဝ.၉ ရာခိုင်နှုန်း သာရှိမည်ဟု သူပြောသည်။

ငွေရင်းစီးဆင်းမှု ထိန်းချုပ်ခြင်းကို အသုံးပြုပြီ းကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခြင်း၏ ဥပမာကို ၂၀၀၀ ပြည့်နှစ်များက တရုတ်နိုင်ငံကို လေ့လာလျှင် သိနိုင်သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေကြေးထိန်းချုပ်မှုသည် ငွေရင်းစီးထွက်ခြင်းကို ကန့်သတ်ရန်နှင့် ၎င်း၏ စတော့နှင့် ငွေတိုက်စာချုပ်များမှတဆင့် ပြည်တွင်းသို့ငွေရင်း စီးဝင်စေရန် ရည်ရွယ်သည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်တခုက ပိုငွေအထွဋ်အထိပ်သို့ ရောက်လာသောအခါ တရုတ်နိုင်ငံသည် ပြည်တွင်းဘဏ္ဍာရေးဈေးကွက်များသို့ ငွေကြေးစီးဝင်မှုကို ပိတ်ဆို့ခဲ့သည်။ ထိုစဉ် ၂၀၀၇ ခုနှစ်က စာရင်းရှင် ပိုငွေ ၁၀ ရာခိုင်နှုန်း နီးပါးအထိရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၁.၄ ရာခိုင်နှုန်းသို့ပြန်လည်ကျဆင်းသွားသည်။

“ဘယ်လို ငွေရင်းစီးဆင်းမှု ထိန်းချုပ်ခြင်းမဆို ကုန်သွယ်ရေးမညီမျှမှုကို ဖြေရှင်းဖို့ နည်းလမ်းဖြစ်တယ်” ပက်တစ်ကပြောသည်။

အမေရိကန်နိုင်ငံအတွက် အခက်အခဲမှာ ငွေရင်းထိန်းချုပ်ခြင်းကို တရုတ်ကဲ့သို့သော အဓိကပြိုင်ဖက်ကိုသာ ကွက်ပြီး ချမှတ်နိုင်ခြင်း မရှိခြင်းဖြစ်သည်။ စစ်ရေးမဟာမိတ်များဖြစ်သော ဂျာမဏီနှင့် တောင်ကိုရီးယားတို့သည်လည်း အမေရိကန်အား စာရင်းရှင် လိုငွေဖြစ်စေသော အဓိကနိုင်ငံများဖြစ်သည်။

ထိုအချက်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ၏ ထိခိုက်ပျက်စီးမှုများမှ အကာအကွယ်ရနေသည်ဟု တရုတ်နိုင်ငံက မြင်သည်။ တရုတ်နိုင်ငံက အာရုံစိုက်သောအချက်မှာ ဥရောပသမဂ္ဂနှင့် ဂျပန်ကဲ့သို့သော မဟာမိတ်များ တိုက်ပွဲအတွင်း ဝင်မလာဘဲ အမေရိကန်ကို အထီးကျန်ထားရေးဖြစ်သည်ဟု ဘေဂျင်းအခြေစိုက် သုတေသနလုပ်ငန်း Gavekal-Dragonomics မှ အာသာခရိုးဘား က ပြောသည်။

“အမေရိကန်အပါအဝင် ပြိုင်ဖက် တနိုင်ငံချင်းစီနဲ့ ယှဉ်လို့ရတယ်ဆိုတာကို တရုတ်က သိတယ်။ စက်မှုဒီမိုကရေစီနိုင်ငံတွေ ပူးပေါင်းပြီး တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးဝါဒအစီအစဉ်ကို ထိန်းချုပ်ရင် တရုတ်အတွက် ပိုပြီး အထိနာမယ်” ဟု လွန်ခဲ့သောအပတ်က သူရေးခဲ့သည်။

ဂျာမန်ဝန်ကြီးချုပ် မာကယ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မကြာသေးမီက သံမဏိ အလွန်အကျွံထုတ်လုပ်မှုဆိုင်ရာ သဘောတူညီမှု ရရှိခြင်းသည် တရုတ်ဆန့်ကျင်ရေးမဟာမိတ်တွင် ပါဝင်ရန် ငြင်းဆန်ခြင်းဖြစ်ပြီး အမေရိကန်က အနိုင်အထက်ပြုခြင်းကို ဂျာမဏီက ကန့်ကွက်လိုက်ခြင်းဖြစ်သည်ဟု အာသာခရိုးဘားက မြင်သည်။

တရုတ်နိုင်ငံ၏ အခြားသော ဩဇာမှာ တရုတ်၏ ကြီးမားလှသော ပြည်တွင်း ဈေးကွက်ကို အမေရိကန် ကုမ္ပဏီများ မှီခိုနေရခြင်းဖြစ်သည်။ ထိုကဲ့သို့သော မှီခိုမှုမျိုးကို ကုန်ပစ္စည်း စာရင်းတွင် မဖော်ပြဘဲ ဝန်ဆောင်မှု စာရင်းအောက်နှင့် Apple, General Motors နှင့် Caterpillar တို့ကဲ့သို့သော အမေရိကန်ကုမ္ပဏီများ၏ တရုတ်နိုင်ငံလုပ်ငန်းခွဲများမှ ဝင်ငွေစာရင်းတို့တွင်သာ ထည့်သွင်း ဖော်ပြနေသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများသည် အတားအဆီး ပုံစံမျိုးစုံကြောင့် ထိခိုက်နိုင်ပြီး ထိုအတားအဆီးများသည် တရုတ်အစိုးရ၏ လုပ်ထုံးလုပ်နည်းအရ နှောင့်ယှက်ခြင်းများ ဖြစ်လာနိုင်သည်။ တရုတ်အနေနှင့်မူ မကြာသေးမီက ပြည်ပရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်ပြုလုပ်ခဲ့သော်လည်း ပြည်တွင်းကိုသာ အာရုံစိုက်လာသည်။

“အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို တရုတ်က နှေးကွေးအောင် လုပ်ဖို့၊ ပိတ်ဆို့ဖို့ နည်းလမ်းပေါင်းစုံရှိတယ်” ဟု ဘေဂျင်းရှိ အမေရိကန်ကုန်သည်ကြီးများအသင်းဥက္ကဌ ဝီလျှံဇာရစ်ကပြောသည်။ “တခါတခါ ရေးမထားတဲ့ စည်းမျည်းတွေက ရေးသားပြဌာန်းထားတဲ့ စည်းမျည်းတွေကို ချေဖျက်တတ်တယ်။ ပစ္စည်းအရည်အသွေး အသိအမှတ် မပြုဘူး။ အခွန်ကို ကြည့်မယ်။ ဗီဇာကအစ ရစ်လို့ ရတယ်” ဟု သူက ပြောသည်။

( www.ft.com ပါ Gabriel Wildau ၏ Who will fare worse in a China-US trade war? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading