စမတ်ဖုန်း ကိုင်သူတိုင်း ဈေးဝယ်စင်တာများတွင် Third Party Payment စနစ် (ဖုန်းမှတဆင့် ငွေပေးချေမှု စနစ်) ဖြင့် ငွေ ပေးချေနိုင်မည့် Software တခုကို ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စတင် အသုံးပြုနိုင်ရန် ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရ သည်။
“ငွေစက္ကူမကိုင်တော့ဘူး၊ Credit ကတ်လည်း မကိုင်တော့ဘူး၊ စမတ်ဖုန်း တလုံးနဲ့တင် စီးပွားရေး လုပ်လို့ရတယ်။ ပြီးရင် ပစ္စည်းအဝယ် အရောင်း အားလုံး လုပ်လို့ရပါတယ်”ဟု Myanmar First Blockchain (MFB) မှ အလုပ် အမှုဆောင် ဒါရိုက်တာ ကိုသော်ထွန်းအောင် က ပြောသည်။
နေပြည်တော်ရှိ MICC 2 တွင် ဧပြီလ ၄ ရက်နေ့က ကျင်းပသည့် တရုတ် – မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဘဏ္ဍာရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် မစတင်မီ သတင်းမီဒီယာ များသို့ ကိုသော်ထွန်းအောင်က ပြောကြားခြင်း ဖြစ်သည်။
Myanmar First Blockchain (MFB) ကုမ္ပဏီသည် တရုတ်နိုင်ငံမှ အွန်လိုင်း အဖွဲ့အစည်း တခုဖြစ်သည့် အလီဘာဘာ အဖွဲ့ ဝန်ထမ်းဟောင်း ၂၀၀ ဖြင့် ပါဝင် ဖွဲ့စည်းထားသည့် ကုမ္ပဏီ တခုဖြစ်ပြီး ယင်း တရုတ်အခြေစိုက် MFB အဖွဲ့က မြန်မာနိုင်ငံ အတွက် သီးသန့် ရေးဆွဲထားသော Third Party Payment စနစ် (Software) တခုကို မြန်မာ နိုင်ငံသို့ လာရောက်၍ စတင် မိတ်ဆက်ခြင်း ဖြစ်သည်။
MFB က နည်းပညာကို မိတ်ဆက်ပေးချင်သည့် ရည်ရွယ်ချက်ဖြင့် ဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်း ပြည်သူများ အသိများလာပြီး အသုံးပြုမှု ရှိလာပါက အစိုးရအချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ ဘဏ်များနှင့် လုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ အသုံးဝင်မည့် နည်းပညာ တခုဖြစ်ကြောင်း ကိုသော်ထွန်းအောင်က ရှင်းပြသည်။
မြန်မာနိုင်ငံမှ ပြည်သူများ အဆိုပါ Software သဘောတရားနှင့် အသုံးပြုပုံများကို တရုတ်နိုင်ငံမှ လာရောက်ပြီး စတင် မိတ်ဆက် ပေးခဲ့သော်လည်း မြန်မာနိုင်ငံရှိ အစိုးရဝန်ကြီးဌာန များနှင့် ချိတ်ဆက်မှု မရှိသေးကြောင်း၊ မြန်မာနိုင်ငံ ဗဟို ဘဏ် ၏ လက်ရှိ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ကိုသော်ထွန်းအောင်က ပြောသည်။
ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိပါက ယခုနှစ် အတွင်း စတင်ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ လူဦးရေ ၁ သန်းခန့် စတင် အသုံးပြုရန် မျှော်မှန်းထားကြောင်း၊ အခြေခံ အဆောက်အအုံများ အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် စတင် ရင်းနှီးမြှုပ်နှံပြီး ပိုမိုတွင်ကျယ် လာပါက ရင်းနှီးမြှုပ်နှံမှုများ တိုးလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
Third Party Payment သည် ဖုန်းအသုံးပြုသူများ၏ ဖုန်းအတွင်း Application တခု ထည့်ပြီး အသုံးပြုသူ User အနေ ဖြင့် လုံခြုံရေးပိုင်းအရ မျက်နှာနှင့် Password ဖွင့်ရသည့် စနစ် ထည့်သွင်းထားသည့် အတွက် ပျောက်ဆုံး ပျက်စီးမှု များ ရှိပါကလည်း မိမိထည့်သွင်းထားသည့် ငွေပမာဏမှာ မူလအတိုင်း ရှိနေမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Third Party Payment စနစ်ကို ကမ္ဘာတွင် တွင်ကျယ်စွာ အသုံးပြုနေပြီ ဖြစ်ပြီး ဖီလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ မက္ကာအို တို့တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ ဖြစ်ကြောင်း ကိုသော်ထွန်းအောင်က ပြောသည်။
အိုင်တီပညာရှင် ကိုသီဟက “မြန်မာပြည်မှာ ဒီစနစ်တွေက အရမ်း မတွင်ကျယ်သေးဘူး၊ အွန်လိုင်း ဈေးဆိုင်တွေနဲ့ ချိတ် ဆက်မိရင်တော့ အဆင်ပြေလောက်မယ်။ ပိုက်ဆံ ပေးချေတဲ့နေရာမှာ အွန်လိုင်း Shop တွေက အခက်အခဲ ဖြစ် နေတယ်။ အဓိက ဆိုင် ဘယ်လောက်များများက လက်ခံလဲပေါ့၊ လက်ခံတာ များရင်တော့ အောင်မြင်မှာပါ”ဟု ပြောဆို သည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် အွန်လိုင်း ငွေချေစနစ် အဖြစ် OK ဒေါ်လာ၊ Mobile Banking တို့ကို အသုံးပြုမှုများ ရှိနေ သည်။