နိုင်ငံခြား သင်္ဘော ကုမ္ပဏီများမှ မြန်မာ သင်္ဘောသားများအား အလုပ်အကိုင်ခေါ်ယူမှု လျော့ကျလာလျက် ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။
ဥက္ကဋ္ဌ ဦးဆန်းဦးက“သင်္ဘောသား အလုပ်အကိုင် ခေါ်ယူတဲ့အခါ မြန်မာနိုင်ငံထက် အခြားနိုင်ငံတွေက လွယ်ကူတာပေါ့ နော်။ အခုခေါ်တယ် အခုချက်ချင်း သွားနိုင်တယ်။ မြန်မာအနေနဲ့ ဆိုရင် နည်းနည်းလေး အခက်အခဲလေးတွေ ရှိတယ်။ နောက်တခုက ဈေးကွက်အရလည်း ပါတယ်။ အဓိကတော့ တကမ္ဘာလုံး သင်္ဘောသား အလုပ်အကိုင် ဈေးကွက်က ကျ တယ်။ ဒါကြောင့်လည်း ဖြစ်တယ်”ဟု ဧရာဝတီကို ပြောပြသည်။
လက်ရှိအချိန်တွင် ကုန်ကျစရိတ် သက်သာသော ဖိလစ်ပိုင်၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့် နိုင်ငံသားများကိုသာ နိုင်ငံခြား သင်္ဘောကုမ္ပဏီများက အစားထိုးခန့်ထားမှုများ ရှိလာသောကြောင့် မြန်မာနိုင်ငံသား သင်္ဘောသားများ အလုပ် အ ကိုင် ရရှိမှု နည်းလာကြောင်းလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ “ခွဲတမ်းအရ ပြောမယ်ဆိုရင် ဥပမာ ဖိလစ်ပိုင်က သင်္ဘောသား သိန်းဂဏန်း ရှိတယ်။ သူတို့ လျော့သွားတာ က သိပ်မသိသာဘူး။ မြန်မာတွေက သောင်းဂဏန်းပဲ ရှိတော့တာဆိုတော့ လျော့ကျသွားတာ သိသာတယ်” ဟု ဦးဆန်းဦးက ပြောဆိုသည်။
မြန်မာနိုင်ငံ၌ သင်္ဘောသားဦးရေ လက်ရှိအချိန်ထိ စာရင်းသွင်းထားသည်မှာ ၁ သိန်း ၂ သောင်းကျော် ရှိနေပြီး သင်္ဘော ပေါ် တွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည်မှာ ၂ သောင်းကျော် ရှိသည်ဟု ဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။
“ဒါက စာရင်းအရပေါ့နော်။ ဒါပေမယ့် တကယ့်တကယ် အဲဒီစာရင်းထက် လျော့တာပေါ့။ မလိုက်တော့တဲ့သူ ရှိတယ်။ အသက် ကြီးသွားတဲ့သူ ရှိတယ်။ ဒါမျိုးလေးတွေရှိတာပေါ့။ သင်္ဘောသားရော အကုန်လုံးပူးပေါင်းပြီး ဒီဈေးကွက်လေး မြင့်လာအောင် လုပ်ရင် ကောင်းမယ်”ဟုလည်း ၎င်းက ရှင်းပြသည်။
လက်ရှိ သင်္ဘောသား ဈေးကွက် ကျဆင်းလာရခြင်းသည် သင်္ဘောလိုက်ရာတွင် အထောက်အကူပြုသည့် သင်တန်းများ သင်ကြားရာတွင် လက်တွေ့ထက် စာတွေ့သာ ရှိနေခြင်း၊ သင်တန်းများ ခေတ်မီမှု မရှိခြင်း၊ ဓာတ်ငွေ့ပိုင်း ဆိုင်ရာနှင့် ပတ် သက် ၍ သင်ကြားပေးနိုင်သော သင်တန်းဆရာ ရှားပါးခြင်း တို့ကြောင့် အခြားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ယှဉ်ပြိုင် အလုပ် ခန့်ရာတွင် မြန်မာနိုင်ငံသားများ အလုပ်အကိုင် ရရှိမှု နည်းပါးလာခြင်း ဖြစ်သည်ဟု ဓာတုပစ္စည်းများ တင်ဆောင် သည့် သင်္ဘောတွင် အလုပ်လုပ်ကိုင်နေသော ကိုဖြိုးမောင်က ပြောပြသည်။
“ကျနော်တို့ အခုက လုပ်ကွက်တွေ သိပ်မရှိတော့ဘူး။ သင်တန်းတွေ တက်ရတဲ့ ပညာ မလုံလောက်တာလည်း ပါတယ်။ အချိန် မပေးနိုင်တာလည်း ပါတယ်။ လက်တွေ့မရှိဘူး။ စာတွေ့က များတယ်။ အဲဒီတော့ လက်မှတ်တွေ ရှိလည်း အရည် အချင်း မရှိသလိုဖြစ်တယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ အခြားနိုင်ငံသားတွေကို ကုမ္ပဏီတွေက ပိုခေါ်တယ်”ဟုလည်း ၎င်းက ဧရာဝတီ သို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ လိုက်ရတာက ဆီတင်သင်္ဘော၊ ဓာတုပစ္စည်းတင်တဲ့ သင်္ဘောတွေ၊ ဓာတ်ငွေ့တင်တဲ့ သင်္ဘောတွေဖြစ်တယ်။ ဒီနိုင်ငံမှာဆိုရင် ဓာတ်ငွေ့တင်တဲ့ သင်္ဘောလိုက်ဖို့ အတွက်ဆိုရင် သင်တန်း မရှိသလောက်ပါဘဲ။ ဖိလစ်ပိုင်မှာဆို ဒီသင်တန်းကို အဓိကဖွင့်တာ။ လစာကျတော့လည်း ကျနော်တို့က နည်းတယ်။ ပုံမှန် သင်္ဘောသား တယောက် ကျနော်တို့နိုင်ငံက ဒေါ်လာ ၈ဝဝ၊ ၉ဝဝ ရရင် အခြားနိုင်ငံသား ဆိုရင် ဒေါ်လာ ၁၂ဝဝ၊ ၁၃ဝဝ လောက်ရတယ်။ အဓိကတော့ အလုပ်အကိုင်ရှားတာ သင်တန်းတွေ ခေတ်မမီတော့တာ ပါတယ်”ဟု ပြောဆိုသည်။
ထို့ပြင် လုပ်သက် သက်တမ်းရင့်သော သင်္ဘောသားများကို အရာရှိ စာမေးပွဲများတွင် ဝင်ရောက် ဖြေဆိုခွင့် ပြုထားသော် လည်း လက်ရှိတွင် အရာရှိဖြစ်နေသော သင်္ဘောသားများကိုပင် အစိုးရအနေနှင့် အလုပ်အကိုင်များ ပေးနိုင်ခြင်း မရှိသဖြင့် အခြားသော စီးပွားရေး လုပ်ငန်းများကို ကူးပြောင်း လုပ်ကိုင်နေရခြင်းများ ရှိနေသည်ဟုလည်း ကိုဖြိုးမောင်က ဆိုသည်။
သင်္ဘောသား အလုပ်အကိုင် ရှာဖွေခြင်းဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီများသည် သင်္ဘောသား စုဆောင်းခြင်းနှင့် အလုပ် ခန့်အပ်ခြင်း လိုင်စင် (S.R.P.S) ရယူ၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်း သမဂ္ဂ(IMO) နှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တို့မှ ပြဌာန်းထား သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ အရ သင်္ဘောသားများထံမှ မည်သည့်ခေါင်းစဉ်ဖြင့်မဆို ဝန်ဆောင်မှု အခကြေးငွေ ယူခွင့်မရှိဘဲ သက်ဆိုင်ရာ နိုင်ငံခြားသား သင်္ဘော ကုမ္ပဏီများထံမှ ဝန်ဆောင်ခကိုသာ ရရှိကြောင်း သိရသည်။
သို့ဖြစ်၍ သင်္ဘောသား အလုပ်အကိုင် ရှာဖွေခြင်း ဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီများအား ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင် နှုန်း မကျသင့်သည့် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ပေးရန်နှင့် လက်ရှိတွင် အမျိုးသမီး သင်္ဘောသားများ အတွက် သင်္ဘောသား မှတ်ပုံတင် (Seaman Identification & Record Book – SIRB) ထုတ်ပေးခြင်း မရှိရာ အလုပ်အကိုင် နိုင်ငံကူး လက်မှတ် (Job Passport) ဖြင့်သာ သွားရောက် လုပ်ကိုင်နေရခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရသည် ဟု ဆိုသည်။
ထို့ကြောင့် အမျိုးသမီး သင်္ဘောသားများ အတွက်လည်း အမျိုးသားများနည်းတူ SIRB လက်မှတ်များ ထုတ်ပေးရန် မြန်မာ နိုင်ငံ ပင်လယ်ကူး သင်္ဘောသား လုပ်ငန်းရှင်များ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်မြင့်ဦး က ဒု သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ တင်ပြထားကြောင်း ပြောသည်။
၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၇ ခုနှစ်အထိ တနှစ်လျှင် သင်္ဘောသား မှတ်ပုံတင်ထားသူ ၁ သောင်းခန့် တိုးလာသော်လည်း မှတ်ပုံ တင်ထားသူများထဲမှ အလုပ်အကိုင် ရရှိမှု ရာခိုင်နှုန်းမှာ ၂ဝ၁ဝ တွင် ၅ဝ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝ၁၇ ခုနှစ်တွင် ၂ဝ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိလာကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။