မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို အားပေးသော သတင်းစကားများကို ရှာဖွေဟန့်တားရန် ဖေ့စ်ဘုတ်ကုမ္ပဏီက ထိရောက်စွာ လုပ်ဆောင်နိုင်သည် ဟူသော အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ် (Mark Zuckerberg) ၏ စကား မှားယွင်းကြောင်း မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများက ဧပြီလ ၅ ရက်နေ့တွင် ၎င်းထံ ပေးပို့သော အိပ်ဖွင့်ပေးစာတွင် ဝေဖန်လိုက်သည်။
မကြာသေးမီက ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတခုတွင် ဇူကာဘတ်၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး ဖေ့စ်ဘုတ်သည် မြန်မာနိုင်ငံမှ အမုန်းစကားများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျိုးကြောင်း ဆီလျှော်သော နည်းလမ်းများ မရှိကြောင်း ထိုအဖွဲ့များက ပြောသည်။
အချို့သော ပြဿနာများသည် အကြိမ်ကြိမ် ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်းနှင့် ဖေ့စ်ဘုတ်သည် ၎င်းတို့၏ ဝေဖန် ပြောကြားမှုများနှင့် အကြံပြုချက်များကို လိုက်နာရန် အမြဲ ပျက်ကွက်ကြောင်း ထို အဖွဲ့များက ပြောသည်။
ယခု သီတင်းပတ် အတွင်း Vox မှ အက်ဇရာကလိန်း (Ezra Klein) နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဇူကာဘတ်က လွန်ခဲ့သော နှစ်အတွင်း မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ် မက်ဆင်ဂျာမှ ပျံ့နှံ့ခဲ့သည့် စာတွဲ ၂ ခု အကြောင်းကို ရည်ညွှန်းပြောဆိုသည်။ ထိုစာတွဲတခုသည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွတ်စလင်တို့က တိုက်ခိုက်မည်ဟု ဗုဒ္ဓဘာသာဝင်များကို သတိပေး စာတွဲ ဖြစ်ပြီး အခြားစာတွဲတခုမှာ ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများက မွတ်စလင်များကို ထိုနေ့တွင်ပင် တိုက်ခိုက်မည် ဟု မွတ်စလင်အသိုင်းအဝန်းတွင် ဖြန့်ချိသောစာ ဖြစ်သည်။
“ဒါမျိုးတွေက တကယ်ကို အန္တရာယ်ကို သွေးထိုးပေးဖို့ လူတွေက ကျနော်တို့ရဲ့ ကိရိယာကို သုံးဖို့ ကြိုးစားတယ်လို့ ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်တယ်။ ဒီလိုမျိုးတွေ ဖြစ်လာရင် ကျနော်တို့ရဲ့ စနစ်တွေက ရှာဖွေထောက်လှမ်းပြီး ဒီလို သတင်းစကားတွေ မဖြန့်ချိနိုင်အောင် လုပ်တယ်” ဟု ဇူကာဘတ်က ပြောသည်။
အထက်ပါ စာတွဲ ၂ ခုသည် ရက်ပေါင်းများစွာ ဆက်လက်ပျံ့နှံ့နေပြီး ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်စေ သကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှု အနည်းဆုံး ၃ ခုကို ဖြစ်စေသည် ဟု အန္တရာယ်များပြီး မှားယွင်းသော အကြောင်းအရာများနှင့် ပတ်သက်ပြီး ဖေ့စ်ဘုတ်နှင့် ပူးပေါင်း လုပ်ကိုင်ဖူးသော ထို အဖွဲ့အစည်းများ၏ အထက်ပါ အိပ်ဖွင့်ပေးစာတွင် ဖော်ပြသည်။
ဖေ့စ်ဘုတ်တွင် မည်သည့်စနစ်မျှ မရှိကြောင်းနှင့် အဖွဲ့အစည်း အုပ်စုတခုနှင့် စေတနာ့ဝန်ထမ်းများ ကသာ ထိုလှုံ့ဆော်သော ပြောဆို ရေးသားချက်များကို တားဆီးရန် အကောင်းဆုံး လုပ်ဆောင်ခဲ့ကြောင်းလည်း ထိုအဖွဲ့အစည်းများက ပြောသည်။
“သင်၏ တွေ့ဆုံမေးမြန်းခန်းတွင် ထောက်လှမ်း ဖော်ထုတ်ရေး စနစ်ဟု ပြောဆို သုံးနှုန်းခဲ့သည် … ထိုစနစ်သည် စနစ်ကျခြင်း မရှိဟု မိမိတို့ယုံကြည်သည်” ဟု ထိုစာတွင် ဖော်ပြထားသည်။
“မိမိတို့ အနေဖြင့်ဆိုရပါက ယခုဖြစ်ရပ်သည် ထိရောက်သော ကြားဝင်ဆောင်ရွက်မှု၏ ဆန့်ကျင်ဘက်ကိုသာ ပြသနေသည်။ ၎င်းသည် တတိယ ကြားလူကိုသာ အလွန်အကျွံ မှီခိုနေခြင်း၊ အရေးပေါ် တင်းမာမှု မြင့်မားလာလျှင် တုံ့ပြန်ရန် စနစ်ကျသော ယန္တရားကင်းမဲ့ခြင်း၊ စနစ်တကျ အဖြေရှာရာတွင် ပြည်တွင်းမှ သက်ဆိုင်သူများကို ပါဝင်စေလိုမှု မရှိခြင်းနှင့် ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်း တို့ကို လှစ်ဟပြသနေသည်” ဟုလည်း ထိုစာက ဆိုသည်။
ဖေ့စ်ဘုတ်က အထက်ပါပေးစာနှင့် ပတ်သက်ပြီး လတ်တလော ဝေဖန်ပြောကြားခြင်း မရှိသေးပေ။
မြန်မာနိုင်ငံသည် ဖေ့စ်ဘုတ်၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များနှင့် ပတ်သက်သော ရှင်သန်ရပ်တည်ရေး ဆိုင်ရာ ပြဿနာများကို မီးမောင်းထိုးပြနေသည်။ ဖေ့စ်ဘုတ်သည် မြန်မာနိုင်ငံမှ လူများကို ပိုမိုနီးကပ်အောင် ဆက်သွယ်ပေးပြီး လူအများအပြားတို့ အတွက် ဖေ့စ်ဘုတ်သည် တခုတည်းသော အွန်လိုင်း ဝန်ဆောင်မှု ဖြစ်သည်။
ထို့အပြင် ဖေ့စ်ဘုတ်သည် ရိုဟင်ဂျာ မွတ်စလင်များကို လူမျိုးစု သုတ်သင်ရှင်းလင်းမှုကို ပိုမို ရှုပ်ထွေးစေရန် အားပေးသည့် အမုန်းစကားနှင့် ဝါဒဖြန့်ချိမှုများ၏ အဓိက လမ်းကြောင်းလည်း ဖြစ်လာသည် ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုကြသည်။
လွန်ခဲ့သော သြဂုတ်လတွင် စစ်ဘက်က စစ်ဆင်ရေးများ စတင်ပြီးနောက် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၇ သိန်း ခန့်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ထွက်ပြေးကြသည်။ ရိုဟင်ဂျာများကို အကြမ်းဖက်ရန် လှုံ့ဆော်သော အမုန်းစကားဖြန့်ချိရာတွင် ဖေ့စ်ဘုတ်သည် အခန်းကဏ္ဍတခုမှ ပါဝင်သည်ဟု ကုသလမဂ္ဂ စုံစမ်းစစ်ဆေးသူ များက လွန်ခဲ့သောလက ပြောသည်။
ထို အိပ်ဖွင့်ပေးစာပေးပို့ချိန်သည် ဇူကာဘတ် အတွက် ပြဿနာများ ပေါ်ပေါက်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဖေ့စ်ဘုတ် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို ဖေ့စ်ဘုတ်က မည်သို့ ကိုင်တွယ်သည်နှင့် ပတ်သက်သော မေးခွန်းမျာကို ဖြေကြားရန် သူနှင့် သူ၏ ထိပ်တန်း လက်ထောက် ရှာရီရယ် ဆန်းဘာ့ဂ် (Sheryl Sandberg) တို့သည် ယခု သီတင်းပတ် အတွင်း မီဒီယာများနှင့် အကြိမ်ကြိမ် တွေ့ဆုံနေရသည်။
သန်းနှင့်ချီသည့် အသုံးပြုသူများ၏ အချက်အလက်များသည် ၂၀၁၆ ခုနှစ်က သမ္မတထရမ့်၏ မဲဆွယ်ပွဲနှင့် ပတ်သက်သော အတိုင်ပင်ခံ လုပ်ငန်းသို့ ပေါက်ကြားခဲ့ခြင်း အတွက် ဖေ့စ်ဘုတ်သည် အပြင်းအထန် ဝေဖန်ခံနေရသည်။
ထိုသို့ ဝေဖန်ခံရခြင်းကြောင့် ဖေ့စ်ဘုတ်၏ ရှယ်ယာဈေးနှုန်းများ ပြိုကျခဲ့သည်။ လာမည့် သီတင်းပတ်အတွင်း ဇူကာဘတ်သည် ကွန်ဂရက်၏ ကြားနာမှု အများအပြားကို ရင်ဆိုင်ရမည် ဟုလည်း မျှော်လင့်ရသည်။
ဧပြီလ ၅ ရက်နေ့က အိပ်ဖွင့်ပေးစာတွင် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများတွင် ဖေ့စ်ဘုတ်ကို မြန်မာဘာသာဖြင့် လူမှု အသိုင်းအဝန်းဆိုင်ရာ နှုန်းစံများ မူကြမ်း ရေးသားပေးခဲ့သည့် နည်းပညာလုပ်ငန်း ဖန်တီးရာ Phandeeyar ၊ အွန်လိုင်း အမုန်းစကား များကို စောင့်ကြည့် လေ့လာသည့် Myanmar ICT for Development Organization နှင့် Center for Social Integrity တို့ပါဝင်သည်။
ထိုစာတွင် ဖေ့စ်ဘုတ်၏ ပြဿနာ အများအပြားကိုလည်း ဖော်ပြထားသည်။ အကြမ်းဖက် တိုက်ခိုက်မှုများကို လှုံ့ဆော်နိုင်သော သတင်းစကားများကို သတင်းပို့ရန် ယန္တရား မရှိခြင်းနှင့် ပြဿနာကို အဖြေရှာပေးနိုင်သည့် အချက်အလက်နှင့် အင်ဂျင်နီယာဝန်ထမ်းများကို အဖွဲအစည်းများက ဆက်သွယ်နိုင်သည့် လမ်းကြောင်း မရှိခြင်းတို့ ပါဝင်သည်။
“သင်၏ ဝန်ထမ်းများသည် ထို မှတ်သားထားသော သတင်းစကားများနှင့် ဖော်ပြချက်များ၏ မူလ ဇစ်မြစ်ကို ခြေရာခံနိုင်သင့်ပြီး စည်းကမ်း အကြိမ်ကြိမ် ချိုးဖောက်သူများကို ဖော်ထုတ်နိုင်သင့်ကာ ထိုအချက်များကို စံချိန်စံညွန်းနှင့် ကိုက်ညီအောင် ပြုလုပ်ခြင်းနှင့် အရေးယူခြင်းတို့တွင် သုံးသင့်သည်” ဟုလည်း ထိုစာက ဆိုသည်။
မြန်မာနိုင်ငံရှိ ပြဿနာများသည် တကြိမ်တခါမျှသာ ဖြစ်လာသော ပြဿနာ မဟုတ်ကြောင်း ဖန်တီးရာ၏ အမှုဆောင်အရာရှိချုပ် ဂျက်ဖ် ပက်တာဆန် (Jes Petersen) က ပြောသည်။
“ဒီလို ပုံစံမျိုးတွေချည်းပဲ ဖြစ်နေတာ မနည်းတော့ဘူး။ ဒါတွေကို ဖေ့စ်ဘုတ်က ဂရုပြုမိအောင် ကျနော်တို့က နည်းမျိုးစုံနဲ့ လုပ်ပေမယ့် ဟိုဘက်မှာတော့ ဘာမှ သိပ်ဖြစ် မလာဘူး။ ဒါက တကယ့်ပြဿနာပဲ” ဟုလည်း သူက ပြောသည်။
အခြားပြဿနာ တခုမှာ နိုင်ငံတွင်းမှ စောင့်ကြည့်သူများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်သော မြန်မာစကား ပြောဆိုသူ ဖေ့စ်ဘုတ်တွင် မရှိခြင်း ဖြစ်သည် ဟု ယခင်က ဖန်တီးရာတွင် လုပ်ကိုင်ခဲ့သော လူမှုကွန်ရက် သုတေသီ ဗစ်တွိုင်းယား ရီယို (Victoire Rio) က ပြောသည်။
“မြန်မာနိုင်ငံအတွက် လုံလောက်တဲ့ ရင်းမြစ်နဲ့ လူသားရင်းမြစ် မရှိတာ ထင်ရှားတယ်” ဟုလည်း သူက ပြောသည်။ လက်ရှိ ဖေ့စ်ဘုတ်၏ မြန်မာစကား ပြန်လည် သုံးသပ် စစ်ဆေးသူများသည် အိုင်ယာလန် နိုင်ငံ ဒဗ္ဗလင်တွင် နေထိုင်ကြကြောင်းနှင့် ဖေ့စ်ဘုတ်၏ အလုပ် ကြော်ငြာအရ အရည်အသွေးမီသော ဝန်ထမ်း ရှာနိုင်ရန် ရုန်းကန်နေရပုံ ရကြောင်းလည်း သူပြောသည်။
အထက်ပါ အဖွဲ့များက ဇူကာဘတ် ပွင့်လင်းမြင်သာမှု မရှိခြင်းကိုလည်း အပြစ်တင်ကြသည်။ တွေ့ဆုံ မေးမြန်းစဉ်က ဇူကာဘတ် ပြောကြားခဲ့သော စကားများ အကြောင်းကို အဖွဲ့များက အကြောင်းကြား ခဲ့ပြီးနောက် ၎င်းတို့ထံမှ မည်သည့် အကြောင်းပြန်ကြားချက်မှ မရှိကြောင်း၊ မည်သည့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မှု ကိုမျှလည်း မတွေ့ရသေးကြောင်း ပြောသည်။
Ref: www.nytimes.com မှ Groups in Myanmar Fire Back at Zuckerberg