လက်ရှိအစိုးရ လက်ထက် လုပ်ကွက်သစ်များ ချထားခြင်း၊ သက်တမ်းတိုးပေးခြင်း မရှိသောကြောင့် လုံးခင်း/ဖားကန့် ရတနာ နယ်မြေရှိ တူးဖော်ခွင့် ရထားသော ကျောက်စိမ်းလုပ်ကွက်များအားလုံး ၂၀၂၁ ခုနှစ် မတ်လတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရဲထွဋ်က ပြောသည်။
ဦးရဲထွဋ်က “အခုဥပဒေအရ အကြီးစားလုပ်ကွက်တွေကို ဧကအလိုက် ပြန်လည်ဖွဲ့စည်းဖို့ လုပ်ကွက်တွေမှာ ပိုင်ရှင် မရှိမှရမယ်။ အဲဒီလိုလုပ်လို့ရဖို့ ၂၀၁၆ ခုနှစ် ဧပြီကစပြီး လုပ်ကွက်သစ်တွေချထားပေးတာ သက်တမ်းတိုးပေးတာမရှိဘူး” ဟု ၎င်းက ပြောသည်။
၂၀၁၆ ခုနှစ် ဒုတိယအကြိမ် ပြင်ဆင်သည့် မြန်မာ့ ကျောက်မျက် ဥပဒေအရ ရတနာနယ်မြေများတွင် လက်လုပ် လက်စား၊ အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ကွက်များအဖြစ် တူးဖော်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ရာ အကြီးစားလုပ်ကွက်များအား ဧကအလိုက် ပြန်လည် ဖွဲ့စည်းချထားပေးရန်အတွက် ယခင်ချထားပေးခဲ့သည့် လုပ်ကွက်များ သက်တမ်းကုန်အောင် စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။
ဖားကန့်ရှိ ကောင်းမြတ်သုခ ကျောက်ကုမ္ပဏီမှ တာဝန်ရှိသူ ဦးသန်းထွန်းအောင် က “သက်တမ်းကုန်သွားလို့ ထပ်မတိုးပေးဘူးဆိုတာက နိုင်ငံတော်ရဲ့ ပေါ်လစီဆိုတော့ ကျနော်တို့အနေနဲ့က ထိုင်စောင့်နေရုံပဲ ရှိတာပေါ့။ ဒါပေမဲ့ သက်တမ်းကုန် လုပ်ကွက်နယ်မြေမှာ စက် ယန္တရားတွေ၊ တူးဖော်ရေး ပစ္စည်းတွေကိုတော့ ဒီအတိုင်းပဲထားရှိနိုင်အောင် ထိန်းသိမ်းခွင့် ဆိုတာမျိုးတော့ တောင်းရမှာပေါ့လေ” ဟု ဧရာဝတီကို ပြောသည်။
အလားတူ လုံးခင်း/ဖားကန့် ရတနာနယ်မြေတွင် ယင်းဥပဒေ အသက်မဝင်မီက ချထားပေးခဲ့သော လုပ်ကွက်များ ဖြစ်သောကြောင့် လုပ်ကွက် အများစု၏ သက်တမ်းသည် ၃ နှစ်ဖြစ်ပြီး အချို့လုပ်ကွက်များမှာ ၅ နှစ်သက်တမ်း တူးဖော်ခွင့် ရရှိထားသောကြောင့် ၂၀၂၁ ခုနှစ်မတ်လ ကုန်မှသာ လုံးခင်း/ဖားကန့်တွင် လုပ်ပိုင်ခွင့် ရထားသော လုပ်ကွက်များအားလုံး သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
၂၀၀၅ ခုနှစ်မှ စ၍ လုံးခင်းတွင် ကျောက်တူးဖော်ရေး လုပ်ကိုင်ခဲ့သော အမည်မဖော်လိုသူ ကျောက် ကုမ္ပဏီပိုင်ရှင် တဦးက “ဖားကန့်မှာက ကိုယ့်လုပ်ကွက်က သက်တမ်းကုန်သွားတယ်။ သက်တမ်း ထပ်မတိုးပေးဘူးဆိုလည်း လုပ်ကွက် ရှိသေးတဲ့ ကုမ္ပဏီနဲ့ ပေါင်းပြီး ပြန်လုပ်ကြတယ်။ နာမည်အငှား အနေနဲ့ပြန်လုပ်တဲ့ သဘောပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ သက်တမ်းကုန်ဆုံးသွားသော်လည်း ယာဉ်ယန္တရားများဖြည့်ကာ သက်တမ်းကျန်လုပ်ကွက်များနှင့် ပူးပေါင်း၍ ကန့်သတ်ချက်တွင် ကျော်လွန်သည့် တူးဖော်မှုများရှိခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု၏ NLD ဥက္ကဋ္ဌ ဦးရွှေသိန်း က “ဒီမှာလုပ်ကွက် သက်တမ်းကုန်လို့ တူးဖော်ရေး ရပ်ဆိုင်းသွားတာတခါမှ မတွေ့ဖူးပါဘူး” ဟု ဧရာဝတီကို ပြောသည်။
သို့သော် ၂၀၁၆ ခုနှစ်ကျောက်မျက်ဥပဒေတွင် အကြီးစားလုပ်ကွက်လုပ်ပိုင်ခွင့်နှင့် စက်ယန္တရားများအသုံးပြုခွင့်တို့ ပါရှိသောကြောင့် ကချင်ပါတီများက ကန့်ကွက်ခဲ့ကြရာ ယင်းဥပဒေကို ၂၀၁၇ ခုနှစ် မတ်လက အသစ်ပြဌာန်းရန် အမျိုးသားလွှတ်တော် သယံဇာတကော်မတီမှ ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဥပဒေကြမ်း ထွက်လာခြင်း မရှိသေးပေ။
လုံးခင်း/ဖားကန့် ရတနာနယ်မြေတွင် ဧပြီ ၁ရက်မှ စ၍ သက်တမ်းရှိလုပ်ကွက် စုစုပေါင်းသည် ၃၉၉၅ ကွက် ဖြစ်ပြီး၎င်းအနက် သတ်မှတ်လုပ်ကွက် ၂၂၆၃ ကွက်နှင့် ဖော်ထုတ်လုပ်ကွက် ၁၇၃၁ ကွက်ပါရှိကာ ကုမ္ပဏီပေါင်း ၅ ရာနီးပါးက တူးဖော်လုပ်ကိုင်ခွင့် ရထားကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ စာရင်းများအရသိရသည်။
ဆက်စပ် ဖတ်ရှုရန် – ဗဟိုက ကုန်သွယ်မှုကိုကိုင်ပြီး ပြည်နယ်က တူးဖော်ရေးကို ကိုင်တွယ်သင့်တယ်