ယခုနှစ် သင်္ကြန်ကာလ နီးလာသော်လည်း နှစ်တိုင်းလိုလို တက်နေကျဖြစ်သည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်သွားခြင်း မရှိသေးဘဲ ဆန်ဈေး အနည်းငယ်တက်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က “ကုန်စည်ဒိုင်မှာတော့ အရောင်းအဝယ်တွေက အေးတယ်။ အခြေခံစား သောက်ကုန်တွေကတော့ လက်ကားဈေးကွက်မှာ အကုန်လုံးနီးပါးလောက်ကျတယ်။ ကြက်သွန်တို့ ငရုတ် သီးတို့ အာလူး တို့ အကုန်လုံးက ဈေးအေးတယ်။ လက်ကားဈေးက ကျတယ်။ သင်္ကြန်နီးလေ ကုန်ကားကလည်း မဝင် ဘူး။ နည်းလေ ရောင်းလို့ မကောင်းလေ” ဟု ဧရာဝတီသို့ ပြောသည်။
မဟာင်္ကြန် ပွဲတော်ကာလ နီးလာသည်နှင့် အခြေခံ စားသောက်ကုန် ဈေးနူန်းများမှာ နှစ်စဉ် မြင့်တက်လေ့ ရှိသော် လည်း ယခုနှစ်တွင် ဆန်ဈေးနှုန်းမှလွဲ၍ အခြား စားသောက်ကုန် ဈေးနူန်းများ ထပ်မံမြင့်တက်ခြင်း မရှိကြောင်း ကုန်စည်ဒိုင်မှ သိရသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နယ်မှ ကုန်ကားများ အဝင်သည်လည်း ယခင်ရက်များထက် လျော့ကျနေပြီး သင်္ကြန် ပြီးလျှင်လည်း ဈေးကွက်တွင် ဈေးနှုန်းများ ပြန်တက်ရန် အခြေအနေ နည်းနေသေးကြောင်း ကုန်စည်ဒိုင်ရှိ ကုန်သည် များ က ပြောသည်။
တောင်ဒဂုံမြို့နယ်ရှိ လက်လီ လက်ကား ဆန်ကုန်သည် ဦးချမ်းက “အရင်နှစ် သင်္ကြန်နဲ့ အခုနှစ် နှိုင်းယှဉ်ရင် ဈေးကွက် က ထူးထူးခြားခြား တက်တာ မရှိဘဲနဲ့ အားလုံးက ကျနေတယ်။ ဒီရက်ပိုင်းအတွင်းမှာ ရောင်းမကောင်းဘူး။ ဘာလို့လဲ ဆိုတော့ ဝယ်သူက ကြိုပြီးတော့ ဝယ်ထားလိုက်တာ ဖြစ်တယ်။ သင်္ကြန်နီးရင် ဈေးတက်မှာစိုးလို့ ကြိုဝယ်လိုက်တဲ့ သဘောလို့ ယူဆရတယ်။ အရောင်းအဝယ်က ရောင်းလို့ မကောင်းဘူး” ဟု ပြောပြသည်။
ဆန်ချောဈေးနှုန်းများ အနည်းငယ် မြင့်တက်နေခြင်းသည် ဝယ်လိုအားများလာမှုနှင့် နယ်ကုန်ကားများ ဝါးတန်းလမ်း နှင့် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်များသို့ အဝင် နည်းလာခြင်းကြောင့် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ဦးချမ်းက “ဆန်ဈေးကတော့ အရင်တပတ်ထက် ဒီတပတ်က ဈေး နည်းနည်းတက်တယ်။ ဆန်အချောက တအိတ် ကျပ် ၁၅၀၀ လောက် တက်တယ်။ ဝယ်လိုအားများတာနဲ့ သင်္ကြန်နားနီးလို့ တက်တာလည်း ပါသလို ကုန်စည်ဒိုင်ကို ဆန်အဝင်လည်း နည်းလာတာကြောင့်လည်း ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆန်အကြမ်းဈေးနှင့် ကောက်ညှင်းဆန် ဈေးကွက်မှာမူ အပြောင်းအလဲ မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြင့်တက်လာသော ဆန်ချောဈေးမှာ ယခင် တအိတ် ကျပ် ၄၅၀၀၀၊ ကျပ် ၄၆၀၀၀ မှ ယခုတပတ်တွင် ကျပ် ၄၇၅၀၀ အထိ ဖြစ်ခဲ့သည်ဟု ဆိုသည်။
ကြက်သွန် ဈေးကွက်အနေနှင့် ယခုအချိန်တွင် ကြက်သွန် ပေါ်ချိန်ဖြစ်သဖြင့် ဈေးကျနေခြင်း ဖြစ်ကြောင်း ပခုက္ကူ မြို့နယ်မှ ကြက်သွန် ကုန်သည် ဦးတိုးရွှေက ပြောသည်။
“ဘာလို့လဲဆိုတော့ ကြက်သွန်တို့ ဘာတို့ဆိုရင် သင်္ကြန်ပြီးတာနဲ့ လှိုင်လှိုင်ပေါ်မယ့် ရာသီ ရောက်လာပြီဖြစ်တယ်။ မိုးမ ကောင်းတော့ ကြက်သွန်ပေါ်ချိန်က နောက်ကျတယ်။ ဒါကြောင့် ကုန်ပစ္စည်း လှိုင်လှိုင်ပေါ်ရင် ဈေးကွက် သဘောအရ ဈေးကျတတ်တယ်” ဟုလည်း ၎င်းက ပြောပြသည်။
ရန်ကုန် အင်းစိန်မြို့နယ်တွင် နေထိုင်သော အိမ်ရှင်မ ဒေါ်ရီရီက “အခြေခံ စားသောက်ကုန်ဈေးက အရင်နှစ်တွေက သင်္ကြန်နား နီးပြီ ဆိုတာနဲ့ ဈေးတက်တယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြားပဲ ဈေးက ပြီးခဲ့တဲ့လက ဈေးအတိုင်းပဲ ဈေး မတက်ဘူး။ ကျတယ်လို့ တောင် ပြောလို့ရတယ်။ အရင် မတ်လလောက်ကတော့ တက်တယ်။ အဲဒီဈေး အတိုင်းပဲ။ အခုက ထပ်မတက်ဘူး” ဟု ဧရာ ဝတီသို့ ပြောသည်။
လက်ရှိ လက်လီဈေးထဲတွင် ကြက်သား တပိဿာ ၆ ထောင်ကျပ်၊ ငါးမြစ်ချင်း ၁ ပိဿာ ၆ ထောင်ကျပ်နှင့် ကြက်သွန် ဖြူ ၁ ပိဿာ ၂၅၀၀ ကျပ်၊ ကြက်သွန်နီ (ရှယ်) ၁ ပိဿာ ၄ ထောင် ကျပ်တို့ဖြင့် လက်လီ ရောင်းချလျက် ရှိကြောင်း လည်း ၎င်းက ပြောဆိုသည်။
စားသုံးဆီ ဈေးနှုန်းများ အနေဖြင့် မြေပဲဆီ (၁ ပိဿာလျှင်) ၄၂၀၀ ကျပ်၊ နှမ်းဆီ(၁ ပိဿာလျှင်) ၃၈၀၀ ကျပ်၊ စားအုန်းဆီ (၁ ပိဿာလျှင်) ၁၆၄၀ ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သင်္ကြန်မတိုင်ခင် ၂ ရက်အလို ဧပြီလ ၁၀ ရက် နေ့ ပေါက်ဈေးနှုန်းများ ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။
ယင်းအပြင် စက်သုံးဆီ ဈေးနှုန်းများမှာလည်း သင်္ကြန်ကာလနီးလာလျှင် တက်နေကျ ဖြစ်သော်လည်း ယခုနှစ် သင်္ကြန် တွင်မူ ဈေးကျလျက် ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များ အသင်းက ပြောသည်။
စက်သုံးဆီ ဈေးနှုန်း ကျဆင်းရခြင်းမှာ ပြည်ပ စက်သုံးဆီဈေးကွက် ကျဆင်းခြင်းကြောင့် ဖြစ်ပြီး ပြည်တွင်း၌ ရောင်းချ သည့် ၉၂ ၁ လီတာလျှင် ၇၉၀ ကျပ်၊ ဒီဇယ် ၁ လီတာလျှင် ၈၉၀ ကျပ်တို့နှင့် ပျမ်းမျှ ရောင်းချလျက် ရှိကြောင်း သိရ သည်။