တရားမဝင် ကျောက်စိမ်း ဖမ်းဆီးရမိမှုသည် တနှစ်လျှင် တန် ၂၄၀ နှုန်းဖြင့် ၅ နှစ်အတွင်း တန်ချိန် ၁ ထောင်ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (နေပြည်တော်) စာရင်းများ အရ သိရ သည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ အထိ နယ်စပ်စစ်ဆေးရေး ဂိတ်များမှ ဖမ်းဆီးရမိသော ကျောက်စိမ်းများ ဖြစ်ပြီး တန်ချိန်အားဖြင့် စုစုပေါင်း ၁၂၃၀ ကျော်ရှိရာ တန်ဖိုးအားဖြင့် ငွေကျပ် သိန်း၂ သောင်း နီးပါး ရှိ သည်ဟု သိရသည်။
ထို့အတူ လုံးခင်း – ဖားကန့် ရတနာနယ်မြေများမှ ကျောက်စိမ်း ထုတ်လုပ်မှု တန်ချိန်သည် ကာလတူ ငါးနှစ် အတွင်း တန် ၁ သိန်း ၃ သောင်းကျော် ရှိရာ အဆအားဖြင့် ၁၀၇ ပုံ တပုံ ရှိသည်။
လက်ရှိ ဘဏ္ဍာနှစ်သည် ကျောက်စိမ်း ဖမ်းဆီးရမိမှု တန်ဖိုး အများဆုံး ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်သည် အရေအတွက် အားဖြင့် အများဆုံး ဖြစ်ကြောင်းလည်း အထက်ပါဌာန၏ စာရင်းဇယားများအရ သိရသည်။
“သူတို့ ဖမ်းဆီးရမိတာ နည်းလား၊ များလား ဆိုတာ ဖားကန့်မှာ ဘယ်လောက် တူးလို့ ရနေတယ်ဆိုတဲ့ အချက်အလက် တွေကို ပြန်တိုက်ကြည့်မှ သိနိုင်မယ်။ ဒါပေမယ့် အစိုးရဌာနတွေရဲ့ မူအရ ညှိနှိုင်းပေါင်းစပ်ပြီး ဌာနပေါင်းစုံ တအုံတမ စုပေါင်း သွားဖမ်းရတာဆိုတော့ ခုလောက် ဖမ်းမိတာတောင် တော်လှပြီလို့ ပြောရမယ်”ဟု သဘာဝ သယံဇာတ အ ရင်း အမြစ် စီမံခန့်ခွဲမှု အကြံပေး အဖွဲ့ (NRGI) မှ ဦးမော်ထွန်းအောင်က ဧရာဝတီကို ပြောသည်။
ယင်းသို့ ဖမ်းဆီးရမိ ကျောက်များအား အရည်အသွေးအလိုက် ပြန်လည်ခွဲခြား စိစစ်ကာ နေပြည်တော်တွင် ကျင်းပ သည့် ကျောက်မျက်ပြပွဲများတွင် ပြန်လည်ရောင်းချကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း လက်အောက်ရှိ ပြပွဲဌာနမှ ဒု အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးကလည်း ပြောဆိုသည်။
“ဖမ်းဆီးရမိတဲ့ ကျောက်တွေက ကားတွေလို အမျိုးအစားတူရင်တော့ လေလံပစ်လိုက်လို့ လွယ်တယ်လေ။ ခုကျရော ထွေးနေတော့ တူရာ အမျိုးအစား၊ အရည်အသွေးစုပြီး ပြပွဲမှာ Log အလိုက် ပြန်ရောင်းတယ်။ လက်ကောက်၊ ပုတီးလို အချောထည်ဆိုရင်တော့ ကျောက်စိမ်းပြတိုက်မှာ လက်လီအနေနဲ့ တင်ရောင်းတာမျိုးလည်း ရှိတယ်”ဟု ၎င်းက ပြော သည်။
ထို့နောက် ကျောက်ရောင်းချရသည့် ငွေများသည် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ ဘတ်ဂျက် သို့ ဝင်သွားပြီးနောက် ဘဏ္ဍာနှစ်အလိုက် ကျောက်မျက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လျာထားချက် အ လိုက် အသုံးပြုခြင်း အဆိုပါ ကျောက်စိမ်းများအား ဖမ်းဆီးရမိခဲ့သော သက်ဆိုင်ရာ ဌာနများကို ရာခိုင်နှုန်း သတ်မှတ် ကာ ဆုကြေးအဖြစ် ပြန်လည်ပေးအပ်ခြင်းတို့ ပြုလုပ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာက နောက်ဆုံးကျင်းပခဲ့သော နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ပေါင်း ၅ ထောင်ကျော် ရောင်းချခဲ့ရာ ယူရိုငွေ သန်း ၄၃၀ ကျော် ရရှိခဲ့ကြောင်း မြန်မာ့ကျောက် မျက်ရတနာ ရောင်းဝယ် ရေးလုပ်ငန်းက ပြောသည်။